ငါ့တာဝန် ငါ့အလုပ် ငါ့မိသားစု ငါဟာယောက်ျား ဆိုတဲ့စိတ်ရှိသူကိုမှ အိမ်ဦးနတ်လို့ ခေါ်တာပါ
ဘယ်လောက်ပဲ ဇနီးမယားနဲ့ ဒေါသတကြီး ရန်ဖြစ်ထားပါစေ ကလေးတွေက “ဖေဖေ”လို့ခေါ်လိုက်ရင်”ဟေ”ဆိုတဲ့ အသံနောက်မှာ အပြုံးတွေ အလိုလိုပါပြီးသား ဖြစ်နေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ
သူရှာတဲ့ဝင်ငွေ နည်းချင်နည်းမယ်။ များချင် များမယ်။ဒါပေမဲ့ သူရှာရသမျှ သူ့ဇနီးလက်ထဲ မရောက်ချင်နေ သူဘယ်လောက် ရှာရသလဲ သူ့ဇနီးသိစေရမယ်။ ဇနီးကိုအပ်တဲ့ငွေဟာ အိမ်ဖော်ကိုပေးတဲ့ ထမင်းစားရိတ်ဖိုးထက်တော့ သာနေရမယ်လေ။
သူကိုယ်တိုင် စုတ်တီးစုတ်ပြတ် နေချင်နေမယ်။ သူ့အရိပ်အောက်က ဇနီးသားသမီးဟာ အများထက်မသာတောင် မလျော့စေရသူ။ သူ့အရိပ်မှီနေတဲ့အတွက် အေးချမ်းနေစေရမယ်။
သူဟာအားလုံးကို အရိပ်အာ ဝါသပေးနေတဲ့ သစ်ပင်ကြီးလို စိတ်ဓာတ်ပိုင်ရှင်မျိုးကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။
ဘာပဲလုပ်မယ် စဉ်းစားလိုက်ပါစေ သူ့အနောက်က သူ့ကိုမှီခိုနေတဲ့ဘဝ(ဇနီး) သူ့တည်ဆောက်ထားတဲ့ဘဝ(သားသမီး) အဲဒီဘဝတွေကို ပြန်ငှဲ့ကြည့်တတ်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။
ကိုယ်လက်တွဲထားတဲ့ ဇနီးမယား ဘယ်လိုကျန်းမာရေးမျိုးမဆို ရင်ဆိုင်ရပါစေ။ ဘယ်လိုခန္ဓာကိုယ် အချိုးအစားပြောင်းလဲသွားပါစေ။ အဆုံးစွန်ဒုက္ခိတ ဖြစ်သွားပါစေအုံး မပစ်ခွာရစ်ပဲ ခန္ဓာကိုယ်သာမက သူ့စိတ်နှလုံးကိုပါ ချစ်နိုင်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်ထိုက်တာပါ။
ဘယ်လိုလောကဓံမျိုးနဲ့ ကြုံပါစေ။ ရှောင်မပြေးပဲ သူကိုယ်တိုင် ရှေ့မှာမားမားမတ်မတ် ကြံ့ကြံ့ခံရှိနေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။အလကားနေ မယားယူ သားသမီးမွေးပြီး နေနေတိုင်း အိမ်ဦးနတ်လို့ အမည်မတွင်ပါဘူး။