ကိုယ့်ရဲ့ လက်ရှိအချစ်ရေးက ပျော်ရွှင်နေရတဲ့ အချစ်ရေးလား၊ အဆိပ်သင့်နေတဲ့ အချစ်ရေးလား။ ကိုယ်တိုင်က ကိုယ့်အချစ်ရေးမှာ ဖြစ်သင့်တာပဲလို့ လက်ခံယုံကြည်ထားတဲ့အရာတွေက တကယ်တမ်း ဖြစ်သင့်တဲ့အရာတွေ ဟုတ်ရဲ့လား။ ဒီလိုမေးခွန်းတွေနဲ့ မရေမရာ ဖြစ်နေပြီဆို ကိုယ်က အဆိပ်သင့်တဲ့ အချစ်ရေးထဲကို ရောက်မှန်းမသိ ရောက်နေပြီလား ဆိုတာကို သိနိုင်ဖို့အတွက် Test လေး တစ်ခု ကျွန်တော် ပြင်ဆင်ပေးထားပါတယ်။ ဒီ Test လေးကို ဖြေပြီးတဲ့အခါမှာ အားလုံး လက်သင့်ခံနိုင်မယ့် Result တစ်ခု ရရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။
ပထမဦးဆုံး Test ကို စတင်ဖို့အတွက် အဖြေမှတ်သားစရာ စာရွက်နဲ့ ဘောပင်/ခဲတံတစ်ချောင်းကို ကိုယ့်ဘေးနား ယူထားပါ။ ကိုယ့်အချစ်ရေးကို ဆန်းစစ်ဖို့အတွက် မေးခွန်းပေါင်း အခု (၂၀) ရှိပြီး မေးခွန်းတစ်ခုမှာ ရွေးချယ်စရာ အဖြေ (၄) ခု ရှိပါတယ်။ မေးခွန်းတစ်ခုစီအတွက် အဖြေတစ်ခုတည်းကိုပဲ ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အမှတ်ပေးစည်းမျဉ်းကတော့ အောက်ပါအတိုင်းပါ။
A = 1 Points
B = 2 Points
C = 3 Points
D = 4 Points
ကဲ! ဒါဆို အခု Test ကို ဖြေဆိုကြည့်လိုက်ရအောင်။ ကိုယ်က A, B, C, D ဘယ်နှခုရသလဲဆိုတာကို သေချာလိုက်မှတ်သားထားပါ။ အမှတ်တွေ ရေတွက်ပြီးတာနဲ့ စုစုပေါင်းရမှတ်နဲ့အတူ ရလဒ်ကို အောက်မှာ စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ ရလဒ်ကောင်းတွေ ရကြဖို့ ဆုတောင်းပေးပါတယ် 
၁။ ကိုယ့်အချစ်ရေးက ဘယ်လိုမျိုးလို့ ခံစားရသလဲ။
A. ပျော်ဖို့ကောင်းပါတယ်။ အချစ်ရေးကြောင့် အတော်လေး ပျော်ရွှင်ရပါတယ်။
B. အတက်အကျတွေတော့ ရှိပါတယ်။
C. များသောအားဖြင့်ကတော့ ဝမ်းနည်း၊ စိတ်တို၊ စိုးရိမ်ပူပန်နေတတ်တာမျိုး ဒါမှမဟုတ် လက်လျှော့လိုက်ချင်သလိုမျိုး ခံစားရပါတယ်။
D. ပင်ပန်းပါတယ်။ မဟုတ်ရင် ကြက်ဥခွံပေါ် လမ်းလျှောက်နေရသလို အရမ်းသတိထားနေရပါတယ်။
၂။ ပျော်ရွှင်နေတဲ့ စုံတွဲတစ်တွဲကို မြင်တဲ့အခါ ကိုယ်ဘယ်လိုခံစားရလဲ။
A. (ချစ်သူကို) သတိရတမ်းတမိပါတယ်။
B. ရဲဘော်ရဲဘက်စိတ်မျိုး ခံစားရပါတယ်။ (တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်မှုရှိခြင်း)
C. မနာလိုအားကျစိတ်မျိုး ဖြစ်မိပါတယ်။
D. နည်းနည်းခါးသက်သက်ပါပဲ။ ပျော်နိုင်တုန်း ပျော်ထားကြပေါ့လေ။
၃။ ပြောင်းများပြောင်းလဲလာမလားဆိုတဲ့စိတ်နဲ့ ကိုယ့်ရဲ့တွဲဖက်ကို ပွင့်လင်းရိုးသားတဲ့ တုံ့ပြန်ချက်ပေးမိတဲ့အခါ သူတို့က ဘယ်လိုတုံ့ပြန်သလဲ။
A. ကိုယ်ပြောတာကို နားလည်အောင် သေချာနားထောင်ပြီး ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတာလည်း မြင်သာပါတယ်။
B. စိတ်တိုသွားပုံရပေမဲ့ ကြိုးစားပြုပြင်ပါ့မယ်လို့ ပြောပါတယ်။
C. အမြဲတမ်း နားငြီးအောင် လာပွားနေပြီးတော့ လိုချင်တာတွေပဲ ဇာချဲ့ပြီး ပြောနေတယ်လို့ ပြောပါတယ်။
D. စိတ်ရှုပ်တဲ့ပုံစံလုပ်ပြပြီး ကိုယ်ကရော ဘာတွေပြောင်းလဲပေးမှာလဲဆိုပြီး ပြန်မေးပါတယ်။
၄။ ကိုယ်ပိုင်စည်းမျဉ်း၊ နယ်နိမိတ်တွေနဲ့ ပတ်သက်လာရင် ကိုယ့်လက်တွဲဖော်က …
A. ကိုယ့်ရဲ့ ကိုယ်ပိုင်စည်းတွေကို သေချာ လေးစားပေးပါတယ်။
B. တစ်ခါတလေ စည်းကျော်တတ်ပါတယ်။
C. ကိုယ့်ရဲ့ ကိုယ်ပိုင်စည်းတွေကို လုံးဝလေးစားမှုမရှိဘဲ စည်းကျော်ရတာကို သဘောကျတဲ့ပုံပေါက်ပါတယ်။
D. ကိုယ်ပိုင်စည်းမျဉ်းတွေဆိုတာ ဘာလဲနဲ့ ဘာကြောင့်လိုအပ်ရသလဲဆိုတာကိုပါ နားမလည်ပါဘူး။
၅။ ကိုယ့်လက်တွဲဖော်က အော်ငေါက်တာ၊ နာမည်အပြည့်အစုံခေါ်တာ၊ မခေါ်မပြောဘဲနေတာလိုမျိုး ရန်လိုတဲ့အပြုအမူတွေကို ပြီးခဲ့တဲ့လမှာ ဘယ်နှခါ ပြုလုပ်ခဲ့ဖူးလဲ။
A. လုံးဝ မပြုလုပ်ပါ။
B. တစ်ကြိမ်လောက်သာ ပြုလုပ်ခဲ့ပါတယ်။
C. အကြိမ်ရေနည်းနည်းပဲ လုပ်ခဲ့ပါတယ်။
D. မကြာခဏ ပြုလုပ်တတ်ပါတယ်။
၆။ ကိုယ်က သူငယ်ချင်းတစ်ယောက်နဲ့ စာပို့စကားပြောရင်း ပြုံးရယ်နေပြီဆိုရင် ကိုယ့်လက်တွဲဖော်က…
A. ကိုယ့်ဘက်က စမပြောပြသ၍ ဘာမှမပြောဘဲနေပါတယ်။
B. သူလည်း လိုက်ရယ်မောပါတယ်။ ဘာလို့လဲဆိုတော့ သူလည်း စကားပြောအဖွဲ့ထဲမှာ ရှိနေလို့ပါ။
C. ဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာ မြင်ရဖို့အတွက် မတ်တပ်ထရပ်လိုက်တဲ့အချိန် ကိုယ့်ဖုန်းကို လှမ်းကြည့်ပါတယ်။
D. ဘယ်သူနဲ့စကားပြောနေလဲဆိုတာ မေးမြန်းပြီး အခြားတစ်ယောက်နဲ့ အီစီကလီလုပ်နေတယ်လို့ စွပ်စွဲပါတယ်။
၇။ ယုံကြည်မှုနဲ့ပတ်သက်လာရင် ကိုယ့်ရဲ့အချစ်ရေးမှာ…
A. ကိုယ့်လက်တွဲဖော်ကို အပြည့်အဝ ယုံကြည်ထားပါတယ်။
B. အနည်းနဲ့အများတော့ ကိုယ့်လက်တွဲဖော်ကို ယုံပေးပါတယ်။ သို့ပေမဲ့ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် မပြောဘဲထားတာတွေ ရှိကြပါတယ်။
C. ကိုယ့်လက်တွဲဖော်ကို သိပ်ယုံကြည်လို့ မရပါဘူး။
D. ကိုယ့်လက်တွဲဖော်ကို (လုံးဝ) မယုံကြည်ပါဘူး။
၈။ သူငယ်ချင်းမိတ်ဆွေတွေ မိသားစုဝင်တွေနဲ့ ပတ်သက်လာရင် ကိုယ့်လက်တွဲဖော်က…
A. ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အရမ်းအဆင်ပြေပါတယ်။
B. ကိုယ့်ရဲ့ သူငယ်ချင်းနဲ့မိသားစုဝင်အချို့နဲ့ အဆင်ပြေပေမဲ့ အချို့လူတွေနဲ့ အဆင်မပြေပါဘူး။
C. ကိုယ့်ကို ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ သိပ်မတွေ့စေချင်ပါဘူး။
D. ကိုယ့်ရဲ့ သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ အတော်လေးအဆင်မပြေပါဘူး။
၉။ ကိုယ့်ရဲ့တွဲဖက်က ကိုယ့်ကို ခံစားရစေတာက…
A. အားပေးခံရ၊ အချစ်ခံရတယ်လို့ ခံစားရပါတယ်။
B. အနည်းနဲ့အများတော့ ဂရုစိုက်ပါတယ်။
C. တစ်ခါတလေ အဆင်ပြေပေမဲ့ များသောအားဖြင့် အခြေအနေမကောင်းဘူးလို့ ခံစားရပါတယ်။
D. လုံးဝကို အသေအချာကို အားအင်ကုန်ခန်းစေတယ်။
၁၀။ ကိုယ့်ရဲ့အချစ်ရေးကသာ အဆုံးသတ်သွားမယ်ဆိုရင် ကိုယ်က…
A. အသည်းကွဲမယ်။ သို့ပေမဲ့ သူတို့နဲ့ အတူတူရှိခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်နေမယ်။
B. ကြောက်လန့်နေမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မရှိရင် ကိုယ်ကဒုက္ခရောက်သွားမယ်လို့ သူတို့ပြောနေကြဖြစ်ပြီး သူတို့ပြောတာကလည်း မှန်နေပါတယ်။
C. စိတ်သက်သာရာရသွားတယ်။ ကိုယ်က စပြီးအဆုံးမသတ်ရသရွေ့ပေါ့။
D. သူတို့အပေါ် အချိန်ဖြုန်းခဲ့မိတာကို စိတ်တိုနေမယ်။
၁၁။ နှစ်ဦးလုံးရဲ့ အချစ်ရေးမှာ စိုးရိမ်ပူပန်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ ကြိုးစားကြည့်တဲ့အခါ ကိုယ့်လက်တွဲဖော်ရဲ့ တုံ့ပြန်မှုက…
A. သေသေချာချာ အာရုံစိုက် နားထောင်ပြီးတော့ နှစ်ဦးလုံးရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းအကြောင်းကို အမှန်တကယ် ခေါင်းထဲထည့်တွေးပေးပါတယ်။
B. နားထောင်ပေးပေမဲ့ တစ်ခါတည်း ပြေလည်အောင် မဖြေရှင်းပေးဘဲ နောက်မှ ပြေရာပြေကြောင်း လုပ်ပေးပါတယ်။
C. ကိုယ်က မလိုအပ်ဘဲ ပူပန်နေသလို သဘောထားပြီး အေးအေးဆေးဆေးနေပါတယ်။
D. သူက ပြန်ခုခံပြီး ပြောဆိုနေတာနဲ့ ရန်ပွဲဖြစ်သွားပါတယ်။
၁၂။ နှစ်ဦးလုံးက အတူတူသွားဖို့အတွက် တစ်နေရာစီ အချိန်းအချက်လုပ်ထားမိပြီး တစ်ယောက်ယောက်က ချိန်းဆိုမှုကို မဖြစ်မနေ ဖျက်မှရမယ့်အခါ ဘယ်လိုဖြေရှင်းလေ့ရှိသလဲ။
A. ဘယ်အချိန်းအချက်ကို ဖျက်သင့်တယ်ဆိုတာ ချင့်ချိန်စဉ်းစားကြပြီး တစ်ဖွဲ့တည်းသားအနေနဲ့ ပိုဦးစားပေးသင့်တဲ့ ချိန်းဆိုမှုကိုပဲ ရွေးချယ်တတ်ကြပါတယ်။
B. ကိုယ့်ရဲ့ သဘောထားကိုမမေးဘဲ သူ့ရဲ့ အချိန်းအချက်ကိုပဲ ဖျက်လိုက်ပါတယ်။
C. သူ့ရဲ့ ချိန်းဆိုမှုကိုသွားဖို့ စိတ်အားထက်သန်နေပြီး ဘာအကြံပေးမှု၊ အကြံပြုချက်မှ မပေးတဲ့အတွက် ကိုယ့်ရဲ့ချိန်းဆိုမှုကို ဖျက်လိုက်ရုံအပြင် မတတ်နိုင်ခဲ့ပါဘူး။
D. ကိုယ့်ရဲ့ ချိန်းဆိုမှုတွေက စဉ်းစားချင့်ချိန်ကြည့်ဖို့တောင် မထိုက်တန်သလိုမျိုး ဖျက်သိမ်းလိုက်ဖို့ကိုပဲ တောက်လျှောက် တောင်းဆိုပါတယ်။
၁၃။ ကိုယ်ကအခက်အခဲတစ်ခုနဲ့ တွေ့တဲ့အခါ ဘယ်လိုရင်ဆိုင်သလဲ။
A. ကိုယ်တစ်ယောက်တည်းလို့ မခံစားရပါဘူး။ တစ်ဖွဲ့တည်းသားတွေလိုမျိုး လက်တွဲဖော်နဲ့ နှစ်ယောက်ပေါင်းပြီး ပြဿနာကို ထိပ်တိုက် ရင်ဆိုင်ကြပါတယ်။ ဘေးကနေ သူကအားပေးရင်းနဲ့ပေါ့။
B. တောက်လျှောက် သူကဘေးနားမှာ အတူတူရှိနေပေးပေမဲ့ အားပေးစကားပြောပေးတာမျိုး လုပ်ခဲပါတယ်။
C. ကိုယ့်ရဲ့ ဒုက္ခသုက္ခတွေအားလုံးကို ကိုယ့်လက်တွဲဖော်က အရေးကြီးတယ်လို့ မထင်ပါဘူး။
D. ကိုယ့်လက်တွဲဖော်က ကိုယ့်ဘေးနားရှိနေပေးဖို့ထက် အခြားပိုအရေးကြီးတဲ့ ချိန်းဆိုမှုတွေ ရှိနေတဲ့ပုံပါပဲ။
၁၄။ ကိုယ့်ရဲ့ တစ်ကိုယ်ရေ ရည်မှန်းချက်ပန်းတိုင် (သို့) အောင်မြင်မှုကို ရရှိသွားတဲ့အခါ သူတို့ဘယ်လို တုံ့ပြန်ကြသလဲ။
A. ကိုယ့်ရဲ့အောင်မြင်မှုအတွက် စိတ်ရင်းနဲ့ပျော်ပေးပြီး အောင်ပွဲခံပေးပါတယ်။
B. အသိအမှတ်ပြုပေးပေမဲ့ စိတ်လှုပ်ရှားပြီး ပျော်နေတဲ့ပုံက တစ်ခုခုလိုနေသလို အတင်းအကျပ် လုပ်ယူထားသလိုပါပဲ။
C. ကိုယ့်ရဲ့အောင်မြင်မှုကို စိတ်မဝင်စားသလို ပလပ်ထားတဲ့ပုံပါပဲ။
D. မနာလိုတဲ့ပုံစံ ဖြစ်ပြီးတော့ ကိုယ့်အောင်မြင်မှုကို အရေးမပါသလို ဘေးချိတ်ထားဖို့ ကြိုးစားပါတယ်။
၁၅။ ကိုယ့်လက်တွဲဖော်နဲ့ အမြင်မတူတာ၊ သဘောထားမတူညီတာကို ဖော်ပြတဲ့အခါ ဘယ်လိုဖြစ်ပါသလဲ။
A. လေးစားသမှုနဲ့ တိုင်ပင်ဆွေးနွေးကြပြီး တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က နားလည်နိုင်ဖို့ ကြိုးစားကြပါတယ်။
B. ပြောတာကို နားထောင်ပေးပေမဲ့ သူတို့ရဲ့အမြင်ကို ပြောင်းလဲနိုင်တဲ့ပုံ မပေါ်ပါဘူး။
C. ကိုယ့်ရဲ့အမြင်ကို ပယ်ချတာ (သို့) ရှုထောင့်ကို နှိမ့်ချပစ်တာမျိုး လုပ်ပါတယ်။
D. အမြင်မတူတာတွေရှိတာကို လက်မခံချင်ဘဲ ဒေါသထွက်ပြီး စငြင်းခုံကြပါတယ်။
၁၆။ ကိုယ့်လက်တွဲဖော်က ကိုယ့်အပေါ် အမှားလုပ်မိတဲ့အခါ တောင်းပန်လေ့ရှိသလား။
A. လုပ်ခဲ့တဲ့အမှားအတွက် တာဝန်ယူပြီး စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။
B. တောင်းပန်ပေမဲ့ စိတ်ထဲကမပါသလို၊ ဝန်လေးနေသလို ခံစားရပါတယ်။
C. အမှားအတွက် တောင်းပန်ခဲပြီးတော့ သူတို့ရဲ့အမှားတွေကို ဝန်မခံဘဲ ရှောင်ချင်ကြပါတယ်။
D. တော်ရုံနဲ့ မတောင်းပန်တတ်သလို အခြားသူတွေကို မကြာခဏ အပြစ်တင်တတ်ပါတယ်။
၁၇။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ ထိခိုက်လွယ်တဲ့ကာလတွေကို ကိုယ့်လက်တွဲဖော်က ဘယ်လို ကိုင်တွယ်ဖြေရှင်းပါသလဲ။
A. ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဂရုစိုက်ပေးပြီး အားပေးနှစ်သိမ့်ပေးပါတယ်။
B. ကူညီပေးဖို့ ကြိုးစားပေမဲ့ စိတ်ချင်းဆက်သွယ်ပြီး အပြည့်အဝနားလည်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။
C. ကိုယ်စိတ်ထိခိုက်လွယ်နေတဲ့အချိန်ဆိုရင် သိပ်ပြီးအာရုံမစိုက်ပေးသလို လျစ်လျူရှုထားသလိုပါပဲ။
D. စာနာထောက်ထားတယ်ဆိုတာမျိုးမရှိဘဲ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို လှောင်ပြောင်တာ၊ ဝေဖန်တာမျိုးတောင် ပြုလုပ်ပါသေးတယ်။
၁၈။ နှစ်ဦးကြား သဘောထားမတူညီမှုတွေ အစပျိုးလာတဲ့အချိန်တိုင်း
ဘယ်လိုဖြစ်ပါသလဲ။
A. နှစ်ဦးလုံး သေချာတိုင်ပင်ဆွေးနွေးကြပြီး နှစ်ဖက်လုံးရဲ့
အမြင်တွေကို နားလည်ဖို့ ကြိုးစားကြပါတယ်။
B. ကိုယ်ပြောတာကို နားထောင်ပေးနေပေမဲ့ သူ့ဘက်က အယူအဆကိုလည်း
မပြောင်းလဲတဲ့ပုံပါပဲ။
C. ကိုယ့်အမြင်၊ အယူအဆတွေကို အထင်သေးပြီး အရေးမပါသလို
သဘောထားပါတယ်။
D. ကိုယ့်လက်တွဲဖော်က ဒေါသထွက်လာပြီး ငြင်းခုန်ပါတယ်။
ကိုယ့်ရဲ့အထင်အမြင်တွေကို လက်မခံပါဘူး။
၁၉။ လူကြားသူကြားထဲ ကိုယ့်မှာပြဿနာ တစ်ခုခု ရှိလာခဲ့ရင်
ကိုယ့်လက်တွဲဖော်က ဘယ်လိုပြုမူပါသလဲ။
A. ကိုယ်နေရမခက်အောင် ဖုံးဖိပေးပြီး အားလုံး ပေါ့ပေါ့ပါးပါးဖြစ်သွားအောင်
ပြောဆိုပေးပါတယ်။
B. ဘာစကားမှမပြောဘဲ ကိုယ်နဲ့အတူတူ ရပ်နေပေးပါတယ်။
C. ကိုယ့်လက်တွဲဖော်က အလေးအနက်မထားဘဲ ကိုယ့်ကိုကြည့်ပြီး
ရယ်နေပါတယ်။
D. ကိုယ့်လက်တွဲဖော်က ကိုယ့်ကို လူသိရှင်ကြား သတိပေးပြီးတော့
ကိုယ့်အပြစ်ကို လူတွေအာရုံစိုက်မိအောင်လုပ်ပြီး ကိုယ်နဲ့ ခပ်ခွာခွာနေပါတယ်။
၂၀။ လူကြားသူကြားထဲမှာဆို ကိုယ့်လက်တွဲဖော်က ကိုယ့်ကို
ဘယ်လိုဆက်ဆံပါသလဲ။
A. တစ်ခါတစ်ရံ ဆံပင်သပ်ပေးပြီး သေချာဂရုစိုက်ပေးပါတယ်။
ပေါ်ပေါ်ထင်ထင် လက်ချင်းတွဲပြီးလည်း နေပါတယ်။
B. ကိုယ်နဲ့အတူတူ ထိုင်ပေမဲ့ ထိတွေ့ကိုင်တွယ်တာမျိုး
မပြုလုပ်ပါဘူး။
C. ကိုယ့်ဘေးနားမှာ ရှိနေသင့်တယ်လို့ မတွေးဘဲ လျှောက်သွားနေတတ်ပါတယ်။
D. ကိုယ်မရှိသလို လုံးဝလျစ်လျူရှုထားပါတယ်။
အခု ရမှတ်တွေကို တိုက်စစ်ကြည့်ရအောင် 
ကိုယ်ရတဲ့ A, B, C, D အရေအတွက်ကို သူတို့ရဲ့ကိုယ်စားပြု အမှတ်တွေနဲ့
မြှောက်ပြီး အကုန်ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်းရမှတ်တွေ ရလာမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ရမှတ်တွေက အမှတ် (20~40) ရတယ်ဆိုရင်တော့ Congratulations
လို့ ပြောပါရစေ။ ကိုယ့်ရဲ့အချစ်ရေးက ကောင်းမွန်တဲ့ အချစ်ရေးတစ်ခု
ဖြစ်တယ်ဆိုတာကို ယုံကြည်လို့ရပါပြီ။ သို့သော်လည်း ကြိုးစားအားထုတ်မှု
မရှိတော့တာနဲ့ အချစ်တွေက လျော့သွားတတ်တာဖြစ်လို့ အမြဲချစ်ကြောင်းပြနေပြီး
ကောင်းမွန်တဲ့ အချစ်ရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
အမှတ်ပေါင်း (41~60) ရတဲ့သူတွေကိုလည်း သတင်းကောင်းပါးချင်တာက ကိုယ်ဟာ
အတော်အသင့် ကောင်းမွန်တဲ့ အချစ်ရေးတစ်ခုထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ သို့ပေမဲ့လည်း Risks
တွေကတော့ အတော်အသင့် ရှိနေပါတယ်။ Relationship တစ်ခုမှာ Hardships တွေကို ကြုံတွေ့ရလေ့ရှိပြီး
သဘောထား မတိုက်ဆိုင်မှုတွေဆိုတာ အမြဲ ရှိနေမှာဖြစ်တဲ့အတွက် အဲဒီကနေ Negative
Impact ဖြစ်တဲ့ Toxic Relationship ဘက်ကို
မကူးပြောင်းသွားကြဖို့ကို ဒီအုပ်စုက အထူးသတိထားရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ Impact
တစ်ခုရှိတိုင်း ကောင်းမွန်တဲ့ ရလဒ်တစ်ခုရဖို့ ကာယကံရှင် နှစ်ဦးလုံးက
အမြဲအားထုတ်ကြိုးစားရပါလိမ့်မယ်။
အမှတ်ပေါင်း
(61~80) ရတဲ့
သူတွေကိုတော့ စိတ်မကောင်းစွာနဲ့ပဲ Toxic Relationship ထဲ
ရောက်ရှိနေပါပြီလို့ အသိပေးပါရစေ။ ကိုယ့်ကို လွှမ်းမိုးချင်၊ ခြယ်လှယ်ချင်ပြီး
ကိုယ့်ဘဝတိုးတက်တာကို မလိုလားတဲ့ အချစ်မစစ်တဲ့ လက်တွဲဖော်ကို
ပိုင်ဆိုင်ထားရတာမလို့ ဒီအဆိပ်သင့်တဲ့ အချစ်ရေးကို ဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့
ရွေးချယ်မှုကို မှန်ကန်စွာ ပြုလုပ်နိုင်ကြပါစေ။
