ခရီးသွားရာသီ ရောက်လာပြီနော် ဆောင်းရာသီမှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာကတော့ ပုဂံခရီးစဉ်ပါပဲ။ တော်တော်များများက ပုဂံကို Luxury Trip တစ်ခုအနေနဲ့ သွားကြပါတယ်။ ပုဂံကို ပုံမှန်သွားနေကြ Luxury Trips တွေအပြင် Budget Trip တစ်ခုအဖြစ် ဘယ်လို သွားလို့ရနိုင်မလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ကားလက်မှတ်တွေကို အရင်စုံစမ်းပါ။ ဈေးသက်သာပြီး Facilities ပြည့်ဝတဲ့ လူမသိ သူမသိ High Way Bus လိုင်းတွေကို ရအောင် ရှာပါ။ ရန်ကုန် – ပုဂံ အသွား ကားလက်မှတ်ဈေးနှုန်းက တစ်ယောက်ကို အနည်းဆုံး ၁၂,၀၀၀ ကျပ်ကနေ အများဆုံး ၄၀,၀၀၀ ကျပ်လောက်အထိ ရှိပါတယ်။ ဘယ် Express ဖြစ်ဖြစ် ကြားရက်သွားရင်တော့ ပိုတန်ပါတယ်နော်။

ဒုတိယအနေနဲ့ ဟိုတယ်ဈေးတွေကို သေချာစုံစမ်းပြီး Booking လုပ်ထားပါ။ ပုဂံမြို့သစ်နဲ့ ညောင်ဦးမြို့ဘက်က ဟိုတယ်တွေကတော့ ဘုရားတွေနဲ့ ဝေးတာမို့လို့ ပုဂံမြို့ဟောင်းက ဟိုတယ်တွေထက် ပိုပြီး ဈေးသက်သာပါတယ်။ ပိုပြီး ဘတ်ဂျက်ဆန်ချင်တယ်ဆိုရင်တော့ မိုတယ်ထဲမှာမှ ခပ်သန့်သန့်လေးတွေကို ရွေးပြီး တည်းပါ။ မိုတယ်တွေထဲမှာဆိုရင် လရိပ်ဧည့်ရိပ်မွန်နဲ့ Green Land Motel က Review ကောင်းတဲ့အထဲ ပါပါတယ်။ ဈေးနှုန်းတွေကလည်း ၂ ယောက်ခန်းကိုမှ ၂ သောင်းခွဲပဲ ကျသင့်ပါတယ်။

ပုဂံမြို့ အဝေးပြေးကွင်းမှာ ကိုယ်တည်းမယ့် ဟိုတယ်က ကားစီစဉ်ပေးတာဆို ပြသနာမရှိပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟိုတယ်ကို သွားရတာမျိုးဆိုရင် ကားအငှားသမားတွေရဲ့ ပါးစပ်ဈေးနှုန်းတွေကို သတိထားပါ။ လည်လည်ဝယ်ဝယ် မရှိဘူးထင်ရင် ပါးစပ်ထဲရှိရာ ဈေးနှုန်းတွေ လျှောက်ပြောပြီး ဂျင်းထည့်တတ်ကြပါတယ်။ သူတို့ပြောတဲ့ဈေးရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက်အထိကို လျှော့ပြီး ဈေးဆစ်နိုင်ရင် အကောင်းဆုံးပါပဲ။

တော်တော်များများက ခရီးသွားရင် ညဘက်ရန်ကုန်ကထွက်ပြီး မနက်ဝေလီဝေလင်းဆို ရောက်နေတတ်ပါတယ်။ ရောက်ရောက်ချင်း ဟိုတယ်မှာ အိပ်ပစ်လိုက်ဖို့ မစဉ်းစားပါနဲ့နော်။ ပုဂံမှာ မနက်ခင်း နေထွက်ချိန်က အလှဆုံးပါပဲ။ နေထွက်တာကို ကြည့်ဖြစ်အောင် ကြည့်ပါ။

တစ်နေကုန် လျှောက်လည်ဖို့ ဟိုတယ်က စီစဉ်ပေးတဲ့ ကားကို တစ်နေကုန်ဖြစ်ဖြစ် နေ့တပိုင်းဖြစ်ဖြစ် ငှားလို့ရပါတယ်။ ဘတ်ဂျက်ဆိုရင်တော့ E Bike လေးတွေ ငှားစီးပါ။ တစ်နေ့လုံးမှ ၈,၀၀၀ ပတ်ဝန်းကျင်ပဲ ပေးရပါတယ်။ E Bike ငှားရမ်းလို့ ရတဲ့ ဖုန်းနံပါတ်တွေက – 09 402 545 608, 09 458 302 725

Sunrise ကြည့်ပြီးလို့ မနက်စာစားတော့မယ်ဆိုရင် ဆိုင်အကြီးကြီးတွေကို လုံးဝမရွေးပါနဲ့။ ဈေးကြီးပြီး ပုဂံ Taste ရဖို့ ခက်ပါတယ်။ ဘုရားတွေ အနီးအနားမှာ စောစောဖွင့်တဲ့ လမ်းဘေးဆိုင်လေးတွေ ရှိပါတယ်။ ဈေးလည်း သက်သာတဲ့အပြင် အရသာလည်း အရမ်းကောာင်းပါတယ်။

မနက်စာစားပြီးရင်တော့ ပုဂံမှာ ရွှေစည်းခုံစေတီတော်၊ တန့်ကြည့်တောင် စေတီတော်၊ လောကနန္ဒာ စေတီတော်နဲ့ တုရင်တောင် စေတီတော်ဆိုပြီး နေမွန်းတည့်ချိန် မတိုင်မီ အမှီဖူးရတဲ့ စွယ်တော်လေးဆူ ရှိပါတယ်။ အဲ့ဒါတွေကို အရင် ဖူးဖြစ်အောင် ဖူးပါ။

တန့်ကြည်တောင်ကို သွားရင် လှေကို စင်းလုံးမငှားဘဲ တစ်ခြားသူတွေနဲ့ စုပြီးစီးတာက ပိုတန်ပါတယ်။ လှေဈေးနှုန်းက ၄၅ယောက်စီးဆိုရင် တစ်ယောက်ကို ၃,၀၀၀ ပတ်ဝန်းကျင်ပဲ ကျသင့်ပါတယ်။ ကိုယ့်အဖွဲ့က လူအယောက် (၂၀) နီးပါးရှိတယ်ဆိုရင်တော့ အယောက် (၂၀)စီး လှေကိုငှားပါ။ ဈေးနှုန်းကတော့ ၅,၀၀၀ ပတ်ဝန်းကျင် ရှိပါလိမ့်မယ်။

ပြီးရင်တော့ နာမည်ကြီး ပုဂံရှေးဟောင်းဘုရားတွေ ဖြစ်တဲ့ ဓမ္မရံကြီး၊ ရွှေဆံတော်၊ သဗ္ဗေညု၊ လောကနန္ဒနဲ့ တစ်ခြား ဘုရားတွေကို အလှည့်ကျ ဖူးလို့ရပါတယ်။

နေ့လည်စာစားရင် ကိုယ့်အဖွဲ့က လူများတယ်ဆိုရင်တော့ ဆိုင်ကြီးပြီး ဟင်းပွဲစုံတဲ့ ဆိုင်မှာ စားပါ။ မြသိန်းတန်ဘုရားအနီးမှာရှိတဲ့ ဘုရင်မစားသောက်ဆိုင်က ပုဂံမှာ နာမည်ကြီးသလို အရသာလည်း ကောင်းလို့ တော်တော်များများ ကြိုက်ကြတဲ့ Review လေးတွေ တွေ့ရပါတယ်။

ညဘက်ကိုတော့ ပုဂံညဈေးကို လည်ဖို့ အကြံပေးချင်ပါတယ်။ လူလည်းစုံသလို ငေးစရာတွေလည်း ပေါပါတယ်။ ညစာအတွက် Decoration လှပြီး နိုင်ငံခြားသားများတဲ့ ဆိုင်ကြီးတွေကို ထိုင်မိရင် ဈေးကြီးနိုင်ပြီး မြန်မာတွေ ထိုင်တာများတဲ့ ဆိုင်တွေဆို ဈေးသက်သာတဲ့အပြင် အရသာကောင်းတာမို့ ဆိုင်ထိုင်မယ်ဆို ထိုင်လက်စလူတွေကို အရင်ကြည့်ပြီးမှ ထိုင်သင့်ပါတယ်။

အပြန်ကို လက်ဆောင်ဝယ်ရင်လည်း ဈေးဆစ်ဖို့ ဝန်မလေးပါနဲ့နော်။ ဆစ်နိုင်ရင် ဆစ်နိုင်သလောက် အရမ်းသက်သာပါတယ်။ အပြန်ကားလက်မှတ်က ဟိုတယ်ကနေလည်း ဖြတ်လို့ ရပါတယ်။ တော်တော်များများကတော့ အဝေးပြေးကွင်းအထိကို ပို့ပေးကြတာ များပါတယ်။

ဒီတော့ တစ်ညအိပ်၂ရက် ခရီးစဉ်အစအဆုံးအတွက် ကုန်ကျစရိတ်ကို ပြန်တွက်ကြည့်ရင် …

  • ကားခ အသွားအပြန်က ၁,၂၀၀၀ + ၁,၂၀၀၀ ဆိုတော့ ၂၄,၀၀၀ ကျပ်၊
  • မိုတယ်မှာ တည်းမယ်ဆိုရင် ၂ ယောက်အခန်းက ၃၀,၀၀၀ ဆိုတော့ ၁ ယောက်ကို ၁၅,၀၀၀ ကျပ်၊
  • မနက်စာက လမ်းဘေးဆိုင်လေးတွေမှာဆိုရင် ၁ယောက်ကို ၃,၀၀၀ ကျပ်၊
  • တန့်ကြည်တောင်ကို သွားတဲ့ လှေဖိုးက တစ်ယောက်ကို ၃,၀၀၀ – ၅,၀၀၀ ကျပ်၊
  • E Bike ငှားခက တစ်နေကုန် တစ်စီးကို ၁၀,၀၀၀ ကျပ်ဝန်းကျင်ကို ၂ ယောက်စီးလို့ ရတော့ ၁ ယောက်ကို ၅,၀၀၀ ကျပ်၊
  • နေ့လည်စာဆို ဘုရင်မစားသောက်ဆိုင်က တစ်ယောက်ကို ၅,၀၀၀ ကျပ်ဝန်းကျင်၊
  • ညစာက တစ်ယောက်ကို ၈,၀၀၀ ကျပ် ဝန်းကျင်၊
  • စုစုပေါင်း ၆၅,၀၀၀ ကျပ်ဝန်းကျင်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်နော်

ကဲ ပုဂံကို ဘတ်ဂျက်ခရီးစဉ်အနေနဲ့ ဘယ်လိုသွားသင့်လဲဆိုတာလည်း သိပြီဆိုတော့ အတူသွားမယ့် သူငယ်ချင်းတွေကို အခုပဲ လက်တို့လိုက်တော့နော်။