babyissick

ကလေးတစ်ယောက် နေမကောင်းဖြစ်ရင် အောက်ပါအချက်တွေဟာ အရေးကြီးပါတယ်။

(၁) ဘာလက္ခဏာဖြစ်တာလဲ?
(၂) ဘယ်လောက်ဆိုးသလဲ?
(၃) ဘယ်နှစ်ရက်ကြာပြီလဲ?
(၄) တဖြည်းဖြည်းပိုဆိုးလာသလား၊ သက်သာလာသလား?

(၁) ဘာလက္ခဏာဖြစ်တာလဲ?

ကိုယ်ပူတယ်၊ နှာစေးချောင်းဆိုး၊ အန်တယ်၊ ဝမ်းပျက်တယ်၊ နှာခေါင်းသွေးလျှံတယ်၊ ဆီးသွားနည်းတယ်၊ အရေပြားမှာအနာပေါက်တယ်စတာတွေကလက္ခဏာတွေပါ။ အဖြစ်များ၊ သာမန်အတွေ့ရများတဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဒီလက္ခဏာတစ်ခုချင်းအလိုက်ကတော့အရေးပေါ်ကုသမှုအတွက်အဆုံးအဖြတ်မပေးပါဘူး။
လက္ခဏာပေါ်မူတည်ပြီးသာမန်ကုသမှုမျိုးတော့ပေးလို့ရပါတယ်။ ဥပမာ- ပါရာစီတမောတိုက်တာမျိုး၊ အအန်ပျောက်ဆေး/နှာစေးပျောက်ဆေးတိုက်တာမျိုး၊ ဓာတ်ဆား/အရည်များများတိုက်တာမျိုးစသည်ဖြင့်ပေါ့။
တနည်းပြောရင် မိဘတွေအတွက်တော့ ဒီအချိန်မှာဒီလက္ခဏာတွေအတွက် ကလေးတွေကိုအိမ်မှာစောင့်ကြည့်ကုသလို့ရပါတယ်။

အထက်ပါသာမန်အတွေ့များတဲ့လက္ခဏာမျိုးမဟုတ်ဘဲ အခြားအန္တရာယ်ရှိနိုင်တဲ့လက္ခဏာမျိုးတွေ ဥပမာ- တက်တယ်၊ ကော်ဖီရောင်အန်တယ်၊ ဝမ်းမှာသွေးပါတယ်၊ အဆစ်ရောင်နေတယ် စသည်တို့ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးကုသမှု၊ စမ်းသပ်မှု ခံယူသင့်ပါတယ်။

(၂) ဘယ်လောက်ဆိုးသလဲ?

ဒီအချက်ကတော့အရေးကြီးပါတယ်။ ဘာလက္ခဏာပဲဖြစ်ဖြစ်အောက်ပါလက္ခဏာတွေပေါ်လာရင်ရောဂါဆိုးတယ်လို့သတ်မှတ်ပါတယ်။ အရေးပေါ်ဆေးရုံဆေးခန်းပြသင့်ပါတယ်။

👉 နို့အဓိကစို့နေတဲ့ကလေးတစ်ယောက်အတွက်ပုံမှန်နို့စို့တာထက်တစ်ဝက်လောက်သိသိသာသာလျော့သွားလျှင် –

ဒီနေရာမှာနို့တစ်ခါနှစ်ခါလောက် မစို့တာလောက်ကိုတော့သိပ်မစိုးရိမ်ပါနဲ့။ သိသိသာသာ၊ အချိန်အတိုင်းအတာတစ်ခု၊ အနည်းဆုံးလေးငါးနာရီလောက်အထိ နို့ကောင်းကောင်းမစို့ဘူးဆိုရင်တော့အရေးကြီးပါတယ်။ နို့သိသိသာသာအစို့နည်းသွားရင် ဆီးလည်းမသွားသလောက်ဖြစ်သွားပါမယ်။

👉 ကလေးအကြီးတွေအတွက်တော့အရည်မဝင်လျှင် –

ဒီနေရာမှာထမင်းမစားတာ၊ အဖတ်မစားတာအရေးမကြီးပါဘူး။ ဒါပေမယ့်အရည်တော့ဝင်ရပါမယ်။ အရည်မသောက်နိုင်လောက်အောင်အရမ်းမှိန်းနေလျှင်အရေးကြီးပါတယ်။

👉 အရမ်းမှိန်းနေမယ်၊ နှိုးရခက်နေမယ်ဆိုလျှင် –

ဒီနေရာမှာသတိထားဖို့တစ်ခုကကလေးတွေဟာအဖျားကြီးရင်တော့မှိန်းတတ်ပါတယ်။ဒါကြောင့်အဖျားကျတဲ့အချိန်မှာစောင့်ကြည့်ဖို့လိုပါတယ်။အဖျားကျသွားတာတောင် ဆက်မှိန်းနေတယ်ဆိုရင်အရေးကြီးပါတယ်။ နှာစေးချောင်းဆိုးပျောက်ဆေးတွေတိုက်ထားလို့အရမ်းအိပ်ငိုက်နေတာလည်း ဖြစ်တတ်ပါတယ်။

တကယ်မှိန်းလာပြီဆိုရင် အခေါ်ရခက်ပါတယ်။နှိုးရခက်တယ်၊ မျက်လုံးမဖွင့်တော့ဘူး၊ တုံ့ပြန်မှုအရမ်းနှေးနေတတ်ပါတယ်။

👉 အသက်ရှူသိသိသာသာမြန်နေလျှင် –

ဒီနေရာမှာလည်း ကလေးတစ်ယောက်အဖျားကြီးနေရင်အသက်ရှူမြန်တတ်ပါတယ်။ ဒါကိုတော့သတိထားဖို့လိုပါတယ်။ ရင်ပတ်အောက်ပိုင်းသိသိသာသာချိုင့်ဝင်အောင်အသက်ရှူနေရင်လည်းပိုအရေးကြီးပါတယ်။

👉 တစ်ကိုယ်လုံးအေးစက်နေလျှင်၊အထူးသဖြင့်လက်ဖျံ၊ လက်မောင်း၊ခြေသလုံး၊ ပေါင်စသည်တို့ အရမ်းအေးစက်ရုံမက ကလေးကလည်း မှိန်းနေလျှင် –

ဒီနေရာမှာလည်း အဖျားအရမ်းကြီးတဲ့အချိန်မှာကလေးတွေရဲ့လက်ဖျားခြေဖျားလေးတွေအေးစက်တတ်ပါတယ်။ ဒါဟာပုံမှန်ပါ။ဒါကြောင့်အဖျားကျနေတဲ့အချိန်မှာ လက်ဖျားခြေဖျားကိုမစမ်းဘဲလက်ဖျံ၊ လက်မောင်း၊ ခြေသလုံး၊ ပေါင်စသည်တို့ကိုစမ်းသပ်ဖို့လိုပါတယ်။

👉 ကလေးရဲ့အသက်အရွယ်အလိုက်ပုံမှန်လုပ်ရမယ့် လုပ်ငန်းဆောင်တာကို ထိခိုက် အနှောင့်အယှက်ဖြစ်လောက်အောင် ဆိုးဝါးလာလျှင် –

ဥပမာ – နို့စို့အရွယ်ကလေးနို့မစို့နိုင်ဖြစ်လျှင်၊ ကစားတဲ့အရွယ်မှာကောင်းကောင်းမကစားတော့ဘူးဆိုရင်၊ ကျောင်းတက်အရွယ်ကလေးကျောင်းတက်ပျက်လာလျှင် အရေးကြီးတယ်လို့သတ်မှတ်ရပါမယ်။

ဒီအမှတ်စဉ် (၂) မှာပြထားတဲ့လက္ခဏာတွေကတော့ရောဂါဆိုးရွားတဲ့လက္ခဏာတွေဖြစ်ပါတယ်။ မိဘတွေအနေနဲ့မိမိသားသမီးဒီလိုလက္ခဏာမျိုးတွေရှိနေပြီဆိုရင်တော့ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်သင့်ပါတယ်။

၃) ဘယ်နှစ်ရက်ကြာပြီလဲ?

ကလေးတွေမှာ ရောဂါလက္ခဏာပြတဲ့ရက်ကိုထည့်ပြီးစဉ်းစားရတာကဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တတ်တဲ့ရောဂါတွေများလို့ဖြစ်ပါတယ်။သာမန်အားဖြင့်ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့လက္ခဏာတွေဟာ နှစ်ရက်သုံးရက်လောက်ခံစားရပြီးရင်တဖြည်းဖြည်းသက်သာပြီး တစ်ပတ်လောက်ကြာရင်ရောဂါလက္ခဏာပျောက်သွားလေ့ရှိပါတယ်။အကယ်၍ဒီသတ်မှတ်ရက်တွေထက်ပိုပြီးကြာနေရင် အပေါ်ကနံပါတ် (၂) မှာပြထားတဲ့ရောဂါလက္ခဏာဆိုးရွားတဲ့အန္တရာယ်လောက် အရမ်းအရေးမကြီးပေမယ့် ဆရာဝန်တွေနဲ့ပြသတိုင်ပင်သင့်ပါတယ်။ ရောဂါရှာသင့်ပါတယ်။ဥပမာသုံးရက်မြောက်ဖျားလာရင်သွေးလွန်တုပ်ကွေးစစ်တာမျိုး၊ တစ်ပတ်ကျော်အထိဖျားလာရင်တိုက်ဖွိုက်၊ တီဘီရောဂါစစ်တာမျိုးပေါ့။

(၄) တဖြည်းဖြည်းပိုဆိုးလာသလားသက်သာလာသလား?

အမှတ်စဉ် (၃) မှာပြောထားသလိုပဲ ဗိုင်းရပ်စ်တွေကြောင့်အများစုဖြစ်ရတဲ့ရောဂါလက္ခဏာတွေကနှစ်ရက်သုံးရက်လောက်ဖြစ်ပြီးရင် အရာရာတဖြည်းဖြည်းသက်သာလာလေ့ရှိပါတယ်။ ပိုအဖျားကျလာမယ်၊ ပိုလန်းလာမယ်၊ဆော့လာမယ်၊ အစားအသောက်ပိုဝင်လာရပါမယ်။အဲဒီလိုမဟုတ်ဘဲတစ်ရက်ထက်တစ်ရက်ပိုဆိုးလာရင်လည်းဆရာဝန်ပြသင့်ပါတယ်။

ခြုံပြီးပြောရမယ်ဆိုရင် မိဘတွေဟာမိမိသားသမီးရောဂါလက္ခဏာတွေပေါ်လာရင်အထူးသဖြင့်ခုလိုအချိန်မှာ စောင့်သင့်သလား၊ အရေးကြီးသလားဆိုတာကိုခွဲခြားနိုင်ဖို့ ရည်ရွယ်ရေးသားတာ ဖြစ်ပါတယ်။