မြန်မာအမည် – ကြာပန်း
အင်္ဂလိပ် အမည် – Lotus Flower
ရုက္ခဗေဒအမည် – Nelumbo nucifera

ကြာပန်းသည် အိန္ဒိယနိုင်ငံ၏ အမျိုးသားပန်း ဖြစ်ပြီး ဟင်ဒူ ဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့ အထွဋ် အမြတ်ထားရာ ပန်းလည်း ဖြစ်ပါတယ်။ မူရင်းဒေသမှာ တောင်အာရှ နှင့် သြစတြေးလျ နိုင်ငံများ ဖြစ်ကြ သော်လည်း Temperate ဒေသများတွင် ဖြစ်ထွန်းကြောင်း တွေ့ရှိရပါတယ်။ ကြာပန်းကို အစေ့မှ သော် လည်းကောင်း၊ ဥမှသော် လည်းကောင်း စိုက်ပျိုးနိုင်ပြီး အစေ့မှ စိုက်ပါက ပထမနှစ်တွင် အပွင့် ရရှိမည် မဟုတ်ပဲ ဒုတိယနှစ်မှ စတင် ပန်းပွင့်မည် ဖြစ်ပါတယ်။

အစေ့မှ စိုက်ပျိုးမည်ဆိုပါက ကြာစေ့၏ အစေ့ခွံကို တံစည်း ဖြင့် ပွတ်တိုက်စားပစ်ခြင်း(သို့) ကပ်ကျေးဖြင့် အစေ့ခွံကို အနည်းငယ် ညှပ်ပေးခြင်း ပြုလုပ်ရပါမယ်။ အစေ့ခွံ မာကြောသော ခရေ၊ စိန်ပန်း၊ မန်ကျည်း စသော မျိုးစေ့များကို ဤနည်းဖြင့် ပျိုးထောင်စိုက်ပျိုးပေးရ မှာ ဖြစ်ပါတယ်။

အစေ့ခွံ ပွတ်တိုက်စားပစ်ပြီးပါက ကောင်းစွာကျိုချက်ပြီး အပူချိန် ၂၄- ၂၇ ဒီဂရီ စင်တီဂရိတ်ရှိ ရေနွေးထဲတွင် စိမ်ပေးပါ။ ပွယောင်းလာ သော မျိုးစေ့မှ အစို့အညှောက်လေး ထွက်ပြုလာသည်အထိ စိမ်ထား ပေးရန် လိုပြီး နေ့စဉ် ရေလဲလှယ်ပေးရမည် ဖြစ်ပါတယ်။ လေးရက်မှ ငါးရက်ခန့်အကြာတွင် ကြာပင်များ အစို့အညှောက် ထွက်လာပါ လိမ့် မည်။ အစို့အညှာက် ထွက်လာပြီဆိုပါက ရိုးရိုးရေဖြင့် လဲ လှယ်ပြီး မျိုးစေ့ကို စိမ်ထားပေးပါ။ အညှောက်အရှည် ခြောက်လက်မခန့် ရှိသည့်အခါ အသင့် ပြင်ဆင် ထားသော ပျိုးအိုးတွင် ပြောင်းရွှေ့ စိုက်ပျိုးပေးရပါမယ်။

ပျိုးအိုးပြင်ဆင်ရာတွင် အဝကျယ် ရေလုံပလပ်စတစ်အိုး( ရေ ၁၁ လီတာမှ ၁၉ လီတာဆန့်ရမည်) တွင် အောက်ခြေ၌ ရွှံ့ ၂ဆ နှင့် အပေါ်တွင် မြစ်သဲ တစ်ဆနှုန်း ထည့်ထားပေးရမည်။ ၎င်း၏ အမြင့် မှာ အိုးအတွင်း ၆ လက်မခန့်ရှိရပါမည်။တနည်းအားဖြင့် ရွှံ့ အထူ လေးလက်မနှင့် မြစ်သဲ နှစ်လက်မထည့်ပေး ရပါမယ်။

အညှောက် ၆ လက်မရှိ ပျိုးပင်ပေါက်ကို ပျိုးအိုးအတွင်း ရွှေ့ပြောင်းစိုက်ရာတွင် အစေ့ကို မြေ အတွင်း မြုပ်ရုံလေးသာ မြှုပ်ပေးရမည်။
ကြာပန်းထည့်၍ စိုက်သော အိုးမှာ မြေကြီးအထူ အနည်းဆုံး ၂လက်မ မှ ၄ လက်မ ရှိရမည်။ ရေအနက်မှာ ကြာရိုးရှည်သောမျိုး ဖြစ်ပါက ၁၈ လက်မ ရှိသင့်ပါသည်။ ကြာပင်ပု ဖြစ်ပါက ရေအနက် ၂ လက်မ မှ ၁၂ လက်မ ရှိသင့်ပါသည်။

ရေ အပူချိန်အနေဖြင့် အနည်းဆုံး ၂၁ ဒီဂရီ စင်တီဂရိတ်ရှိရမည် ဖြစ်ပြီး အကယ်၍ အေးသောဒေသများတွင် ဖြစ်ပါက ရေနွေးထည့်၍ သော် လည်းကောင်း၊ Heater သုံး၍သော် လည်းကောင်း ရေအပူချိန် ကို ချိန်ညှိပေးရပါမည်။မျိုးစေ့မှ ပျိုးထောင်စိုက်ပျိုးသော ကြာပင်မှာ ပထမနှစ်အတွင်း ပွင့်ရန်အခွင့်အရေး နည်းပါးပါသည်။ ပထမနှစ်အတွင် ကြာမြေသြဇာ ထည့်သွင်းပေးမှုကိုလည်း အနည်းငယ်သာ ပြုလုပ်သင့်ပါသည်။

မြန်မာနိုင်ငံ (ရန်ကုန်မြို့)တွင် ကြာကို နိုင်ငံခြား မျိုးစေ့များ တင်သွင်း ဖြန့်ဖြူးရောင်းချပေးနေ သကဲ့သို့ ဒေသပေါက် ကြာဖြူ ကြာနီနှင့် ပဒုမ္မာ ကြာများကိုလည်း အပင်ပေါက် ဝယ်ယူစိုက်ပျိုးလျက် ရှိကြပါတယ်။

သတိပြုရန်အချက်များ

ကြာစေ့များ စတင် ပျိုးရာတွင် ရေထဲ၌ မမြုပ်ပဲ ပေါ်နေသော အစေ့များမှာ မျိုးအောင်ခြင်း မရှိသည့် အတွက် အပင်ပေါက်နိုင်စွမ်း မရှိပါ။ ထိုမျိုးစေ့များကို ဖယ်ရှားပစ်ရပါမယ်။ ကြာပင်သည် ရေနောက်ခြင်းကို ကြိုက်နှစ်သက်မှု မရှိပါ။ ထို့ကြောင့် ကြာပင်စိုက်ပျိုးသည့် အိုးကို အနည်းငယ်သေးသော အိုးအသုံးပြုလျက် စိုက်ပျိုးပြီး ရေထည့်မည့်အိုးကို အကြီးအရွယ် အစား သုံးသင့်ပါသည်။ သို့မှသာ ရေလဲလှယ်ရာတွင် နောက်ကျိမှု သက်သာလျက် လွယ်ကူစွာလဲလှယ်နိုင်ပါမည်။ ထို့အတူကန်အတွင်း တိုက်ရိုက်မစိုက်ပျိုးပဲ အိုးဖြင့် စိုက်ပျိုးပြီး ကန်အတွင်း အိုးကို မြှုပ်ပေး နိုင်ပါတယ်။ သို့မှသာ မိမိလိုအပ်သော ရေအနက်ရှိရာတွင် အိုးကို လွယ်ကူစွာ ရွှေ့ပြောင်းပေးနိုင်ပါတယ်။

crd;ကိုဝေယံဦး