အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့ တပည့်က လမ်းမပေါ်ကနေ လမ်းလျှောက်လာတဲ့ ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး
ပြုံးဖြဲဖြဲနဲ့ လာနှုတ်ဆက်တယ်။ လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းကသောက်လက်စဆေးလိပ်ကလေး ဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့ တပည့်မျိုးနဲ့ကြုံဖူးတယ်။

တစ်ခါတစ်လေ….. ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။ ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေး မယူတဲ့အင်္ကျီမှာချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်း ကြုံဖူးခဲ့တယ်။

အမှန်အတိုင်းပြောရရင် သူတို့ လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့ လေးတွေအတွက် ကျွန်တော်သိပ်ပြီးမကြိုး စားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့်တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိကပေးပြီး ကြိုးစားခဲ့မိတယ်။

အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။ ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာဘဝကိုရုန်းကန်နေတဲ့ တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။ တစ်ချို့ဆယ်တန်းအောင် တပည့်တွေက ကိုယ့်ကို နှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။

ဂုဏ်ထူးရဖို့ ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်ကကိုယ့်ကို တွေ့တိုင်းနှုတ်ဆက်ပြုံးပြဖော်ရတယ်။လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့်…..ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးကဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။

ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကိုသတိရပုံတောင် မပေါ်ဘူး။ ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ်သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။ အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ပညာမတော်တဲ့တပည့်လေးတွေက
ဂုဏ်ငယ်စရာ တွေပေးသလိုဖြစ်နေခဲ့တယ်။

အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။ စိတ် ဓာတ်လေးတွေကို ပြင်ပေးဖို့ထက် ကျက်ထား၊တွက်ထားတဲ့ စာအမှားတွေကို ပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။ လူ့ဘောင်စည်းမျဉ်းနဲ့အညီ
နေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့ အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။

တက္ကသိုလ်မှာ အပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့ သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲ သင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေ မသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။ ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းရင်
ထိပ်ဆုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမ်ကြိမ် ဆွံ့,အ ခဲ့မိတယ်။

တပည့်ရေ ဆရာ့ကို ခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့
စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။ စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းက
ယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲကတစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။

ကာယအချိန်အတိုင်း အင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှနောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။ ပန်းချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။

ဘဝချိန်မှာ…. ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။ အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတက လာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။

အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ် လေးပြစ်သူကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲ လျှောက်လာတာပဲလေ။ ပညာတော်ပေမယ့်
စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့ စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့ တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက် ဖြစ်ခဲ့သလိုခံစားမိရင်း…….

Credit;