“ဒီနေ့တော့ စောစောအိပ်ပြီး အနားယူမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အိပ်ရာဝင်လိုက်ပေမဲ့၊ မှောင်မည်းနေတဲ့ အခန်းလေးထဲမှာ တစ်နေ့တာ အဖြစ်အပျက်တွေ၊ မနက်ဖြန်အတွက် စိုးရိမ်စိတ်တွေက ဦးနှောက်ထဲ တောက်လျှောက် ရိုက်ခတ်လာတတ်ပါတယ်။ နာရီလက်တံကို ကြည့်လိုက်တိုင်း ည ၂ နာရီ၊ ၃ နာရီ ရောက်သွားခဲ့တာမျိုး ခံစားဖူးကြမှာပါ။
ခန္ဓာကိုယ်က အရမ်းပင်ပန်းပြီး အိပ်ချင်နေပေမဲ့ စိတ်ကတော့ မနားနိုင်ဘဲ လှုပ်ရှားနေဆဲပါ။ နောက်ဆုံးမှာ အိပ်ပျော်သွားခဲ့ရင်တောင် မနက်နိုးလာချိန်မှာ လေးလံထိုင်းမှိုင်းနေတဲ့ ခေါင်းနဲ့အတူ “ဒီနေ့တစ်နေ့လုံးကို ငါ ဘယ်လိုစွမ်းအားနဲ့ ဖြတ်သန်းရမလဲ” ဆိုတဲ့ မောပန်းမှုကြီးနဲ့ မနက်ခင်းကို စတင်ရတတ်ပါတယ်။
ဘာကြောင့် အိပ်စက်ခြင်းစနစ်တွေ ကမောက်ကမ ဖြစ်ရတာလဲ
-
ဦးနှောက် အနားမရခြင်းနှင့် စိတ်ဖိစီးမှု — စိတ်ပူပန်စရာ ကိစ္စများ၊ ဖိအားများနှင့် ဖြေရှင်းမရသေးသော အတွေးများက ဦးနှောက်ကို အမြဲတမ်း နိုးကြားတက်ကြွနေအောင် လှုံ့ဆော်နေခြင်း။
-
ပုံမှန်မဟုတ်သော အိပ်စက်ချိန် — တစ်နေ့နှင့်တစ်နေ့ အိပ်ချိန်၊ နိုးချိန် မမှန်ခြင်း။
-
ဖုန်း/ကွန်ပျူတာ Screen နှင့် Caffeine သောက်သုံးမှု — ညဘက်တွင် အပြာရောင်အလင်း (Blue Light) နှင့် ထိတွေ့ခြင်း၊ ကဖင်းဓာတ် သောက်သုံးခြင်းတို့က အိပ်စက်ခြင်းကို ဟန့်တားပေးသည့် အဓိက အကြောင်းအရင်းများ ဖြစ်ပါသည်။
ရေရှည် အိပ်ရေးပျက်ခြင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများ
အိပ်စက်ခြင်း မပြည့်ဝဘဲ ဆက်တိုက် ဖြစ်ပေါ်လာပါက အောက်ပါ ဆိုးကျိုးများနှင့် ရင်ဆိုင်ရနိုင်ပါတယ် –
-
စိတ်ခံစားချက် မတည်ငြိမ်ခြင်း — စိတ်တိုလွယ်ခြင်း၊ စိတ္တဇဖြစ်လွယ်ခြင်းနှင့် Mood မြန်မြန် ပြောင်းလဲလာခြင်း။
-
စွမ်းအင် လျော့နည်းခြင်း — တစ်နေ့လုံး နွမ်းနယ် မောပန်းနေပြီး အားအင် ကင်းမဲ့နေသလို ခံစားရခြင်း။
-
အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ် ထိခိုက်ခြင်း — အလုပ်နှင့် ပညာရေးတွင် အာရုံစိုက်ရ ခက်ခဲလာပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ တိုးပွားလာခြင်း။
အိပ်မပျော်သည့် ညများကို ဘယ်လို ရင်ဆိုင်မလဲ
၁။ အိပ်ပျော်ရန် အတင်းအကျပ် မဖိအားပေးပါနဲ့
“မနက်ဖြန် အလုပ်ရှိတယ်၊ စောစော အိပ်မှဖြစ်မယ်” ဆိုသည့် အတွေးက စိတ်ဖိစီးမှုကို ပိုမို မြင့်တက်စေပါသည်။ အိပ်မပျော်ပါက မီးရောင် မှိန်မှိန်လေးအောက်တွင် အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း သို့မဟုတ် စာအုပ်အနည်းငယ် ဖတ်ခြင်းဖြင့် စိတ်ကို ငြိမ်သက်အောင် အေးဆေးစွာ ပြုလုပ်ပါ။
၂။ အတွေးများကို စာရွက်ပေါ်သို့ စွန့်ထုတ်လိုက်ပါ
ခေါင်းထဲတွင် တိုးဝှေ့နေသော စိုးရိမ်စိတ်များနှင့် မနက်ဖြန် လုပ်စရာစာရင်းများကို စာရွက်တစ်ရွက်ပေါ်တွင် ရေးချလိုက်ပါ။ “ဒါတွေကို မနက်ဖြန်မှ ဖြည်းဖြည်းချင်း ဖြေရှင်းမယ်” ဟု ကိုယ့်ကိုယ်ကို သတိပေးပြီး စိတ်ကို ခဏအနားပေးလိုက်ပါ။
အကူအညီ ရယူရန် အချိန်
အိပ်မပျော်သည့် အလေ့အထသည် စိတ်အပန်းဖြေရုံဖြင့် မသက်သာဘဲ နေ့စဉ်ဘဝကို အစွမ်းကုန် ထိခိုက်လာပါက၊ ယင်းအခြေအနေကို လျစ်လျူမရှုသင့်ပါ။ ကျွမ်းကျင်သူ Counselor သို့မဟုတ် Psychiatric (စိတ်ကျန်းမာရေး ဆရာဝန်) များထံ သွားရောက်၍ စနစ်တကျ တိုင်ပင်ဆွေးနွေး ကုသမှု ရယူသင့်ပါသည်။
သင်၏ ညစဉ်ညတိုင်း ငြိမ်းချမ်းစွာ အနားယူနိုင်ရေးနှင့် စိတ်ကျန်းမာရေးအတွက် Hug Myanmar က အမြဲတမ်း ဘေးနားမှာ အားရှိအဖော်အဖြစ် ရှိနေပေးပါမည်။
