တရား စထိုင် ခါစမှာ တစ်ဆယ်မိနစ်၊ တစ်ဆယ့်ငါးမိနစ်၊ နာရီဝက် လောက်ပဲ ကြိုးစား ကြည့်သင့်ပြီး နောက်ပိုင်းမှာ တစ်နာရီ၊ နှစ်နာရီ၊ ငါးနာရီ၊ ရှစ်နာရီ စသဖြင့် ကိုယ်တတ်နိုင်သလောက် ထိုင်နိုင်ပါတယ်။
တရားထိုင်ခြင်း အကြောင်း လေ့လာဖို သိပ် မခက်ခဲပါဘူး။ စတင် လေ့ကျင့်ဖိုပဲ လိုတာပါ။ မိမိရဲ့စိတ် စူးစိုက် မှု ရှိသလောက်၊ ပါရမီ ပါလာတဲ့အလျောက် တရားရဲ့အရသာကို ခံစားကြရမှာ ဖြစ်ပါတယ်။
တရားထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေ ထိုင်ပြီး လက်တွေကို ပေါင်ပေါ်တင် ထိကပ်ကာ မျက်စိကို မှိတ်ထားပြီး နှာသီးဝက ဝင်လေ၊ ထွက်လေကို အာရုံပြု ရှုမှတ်ပါ။
အတွေးတွေ၊ ခံစားချက်တွေ၊ အသံတွေ၊ ပုံရိပ်တွေ အားလုံးကို မေ့နိုင်သမျှ မေ့အောင် ကြိုးစားရင်း စိတ်ကို နှာသီးဝမှာ တိုးနေတဲ့ ဝင်လေ၊ ထွက်လေကို အာရုံ စိုက်ထားပါ။ ဒါက မိုးကုတ် ရှုမှတ်နည်းပါ။
မဟာစည် ရှုမှတ်နည်းနဲ့ ရှုလိုတဲ့ ပုဂ္ဂိုလ်ဟာလည်း မိမိရဲ့ ဝမ်းဗိုက် မှာ ထင်ရှား ဖြစ်ပေါ်နေတဲ့ ဖောင်းမှု၊ ပိန်မှု တိုကို စူးစိုက်ပြီး ရှုမှတ်ဖို ပါပဲ။ စိတ် ပြန့်လွင့်ရင်လည်း ပြန့်လွင့်မှန်း သိရမယ်။ ကိုယ်အမူအယာမှာ ဖြစ်ပေါ်နေတဲ့ ယားတာ၊ ကိုက်တာ၊ ထုံတာ၊ ကြဉ်တာ၊ ကွေးတာ၊ ဆန့်တာ အစရှိတဲ့ ကိုယ်အမူအယာတိုင်းကို စိတ်ကလိုက်ပြီး ရှုမှတ် နေဖိုပါပဲ။
အထူး သတိထား ရမှာက လယ်တီ၊ မိုးကုတ်၊ မဟာစည်၊ စွန်းလွန်း၊ ဖါးအောက်၊ သဲအင်း အစရှိတဲ့ မိမိနဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ ကမ္မဋ္ဌာန်းကို စွဲစွဲမြဲမြဲ ပြုလုပ်ဖိုသာ အဓိကပါ။
သံသရာမှာ ပါရမီ ဖြည့်ခဲ့ပုံချင်း မတူတဲ့အတွက် မိမိရဲ့ စရိုက်နဲ့ ကိုက်ညီတဲ့ ကမ္မဋ္ဌာန်းလည်း ကွဲပြား ပါလိမ့်မယ်။ သူ့နည်း မှန်တယ်၊ ငါ့နည်း ကောင်းတယ် ဆိုတာ မရှိပါဘူး။ အားလုံးဟာ ဘုရားနည်း ချည်းပါပဲ။ ဒါကို အထူး ဂရုစိုက် ရပါလိမ့်မယ်။ တရား အပေါ်ကို နည်းနည်းလေးမှ သံသယ မဝင်ဖို အရေး ကြီးလှပါတယ်။
တရား စမှတ်ခါစ ပုဂ္ဂိုလ်ဆိုရင် အာရုံယူလို မရ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ဂနဏ နည်းလို ခေါ်တဲ့ ဂဏန်းသင်္ချာ နည်းကို အသုံးပြုလို ရပါတယ်။ ဝင်လေ၊ ထွက်လေ ဒါမှမဟုတ် ဖောင်း၊ ပိန် လို မမှတ်ဘဲ ရှုသွင်းလိုက်ရင် ( ၁ )၊ ရှူထုတ်လိုက်ရင် ( ၂ )ဆိုပြီး နံပါတ် ( ၁၀ )ရောက်တဲ့ အထိ ရေတွက်ပြီး ရှုမှတ်လို ရပါတယ်။ နံပါတ် ( ၁၀ )ရောက်ရင်၊ နံပါတ် ( ၁ )ကနေ ပြန်ပြီး စမှတ် ရပါမယ်။
ဝိသုဒ္ဓိမဂ် မှာတော့ ( ၁၀ ) မရောက်ခင် ပြန် စမှတ်ရင် အာရုံ ခဏ၊ ခဏ ပြန်လည် စူးစိုက် ရတဲ့အတွက် သမာဓိ မရ ဖြစ်တတ်ပါတယ် တဲ့။
( ၁၀ )ကျော်အောင် ရေတွက်ရင်လည်း ကိန်းဂဏန်းတွေများလာပြီး အာရုံ စူးစိုက်ရတာ ပိုတဲ့အတွက် သမာဓိ မရ ဖြစ်တတ်ပါတယ်။ ( ၁ )ကနေ ( ၁၀ )ဟာ အသင့်တော်ဆုံးလို ဖွင့်ဆို ပြထားပါတယ်။
ဂဏန်းသင်္ချာနည်းဟာ ပြန့်လွင့်နေတဲ့ စိတ်ကို စုစည်းရာမှာ ထိရောက်တဲ့ အတွက် စ ထိုင်ခါစ ယောဂီများဟာ သမာဓိ ရလွယ်အောင် ပြုလုပ် သင့်ပါတယ်။ သမာဓိ ရလာပြီ ဆိုမှ ဝင်လေ၊ ထွက်လေ ( သိုမဟုတ် ) ဖောင်းပိန် ဖြစ်တဲ့ မူလ ကမ္မဋ္ဌာန်းကို စပြီး မှတ်ရင် ပိုပြီး သင့်လျော်ပါတယ်။
တရားထိုင်တဲ့ အခါ ခါးကို မတ်မတ်ထားဖိုလည်း သတိ ထားရပါမယ်။ ကျောရိုးဆစ် ( ၁၈ )ခုဟာ မတ်မတ်ထိုင်မှ အချင်းချင်း အံဝင်ခွင်ကျ ဖြစ်ပြီး ထိုင်ဣရိယာပုဒ်ကို ကြာရှည်စွာ ထိုင်နိုင် မှာပါ။
မတ်မတ် မထိုင်ရင် ကျောရိုးများဟာ အချင်းချင်း အံဝင်ခွင်ကျ မဖြစ်ဘဲ မကြာခင်မှာပဲ လေးလံ ထိုင်းမှိင်းပြီး ငိုက် မျဉ်း လာတတ်ပါတယ်။
မိတ်ဆွေများ အလွယ်ဆုံးနဲ့ အကျိုးအကြီးဆုံး ဝိပဿနာ အလုပ်ကို မိမိတို နိုင်သလောက် အားထုတ်ပြီး နိဗ္ဗါန် ရောက်သည့် အထောက်အပံ့ကောင်း ဖြစ်အောင် ကြိုးစား သင့်လှပါတယ်။
