ကြက်စွပ်ပြုတ်လေးမှာ မုန်လာဥဖြူနဲ့ မုန်လာဥနီကို အဓိကထည့်သုံးရခြင်းရဲ့ အကြောင်းအရင်းက သူမှာ ကိုယ်ခံအားကိုမြင့်တက်စေတဲ့ Vitamin များစွာပါ၀င်ပြီး အစာခြေအူလမ်းကြောင်း စနစ်ကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တွေပါ ပါ၀င်နေလို့ဖြစ်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ကိုက်ခဲခြင်း နဲ့ နှာရည်ယိုနှာပိတ်ခြင်းများကိုပါ အထိုက်လျောက် သက်သာစေ အစွမ်းသတ္တိရှိတဲ့ ဂျင်း၊ ကြက်သွန်ဖြူကိုပါ များများလေး ထည့်ချက်ပြီး လုပ်ထားတဲ့အတွက် အရမ်းကို အဆင်ပြေပြီး အာဟာရဖြစ်စေမဲ့ ကြက်စွပ်ပြုတ်လေးဖြစ်ပါတယ်။
ပါ၀င်ပစ္စည်းများ
*************************
အရေခွံမထူတဲ့ကြက်သား (ဗမာကြက်ဆိုအကောင်းဆုံး)
မုန်လာဥဖြူ
မုန်လာဥနီ
ဂျင်း
ကြက်သွန်ဖြူ
စပါးလင်
ငြုပ်ကောင်းစေ့
တရုတ်နံနံ (မကြိုက်ရင် မထည့်ပါနဲ့)
ဆား လိုသလောက်ထည့်ပါ။
ပြင်ဆင်ချက်ပြုတ်နည်း
*************************
ကြက်သားကို ရေစင်အောင်ဆေးပြီး နှစ်ခြမ်းခွဲခွဲ တုံးပဲတုံးတုံး ကြိုက်သလို စီမံပါ။
မုန်လာဥဖြူ၊ မုန်လာဥနီကိုအခွံခွာပြီး ပုံထဲက အရွယ်လောက်လေးတွေ တုံးထားပါ။
ဂျင်းတက်တွေကို ပါးပါးလှီးမယ်။
ကြက်သွန်ဖြူကို အခွံပဲခွာပြီး ဒီတိုင်းတစ်ဥချင်းစီပဲ ပြစ်ထည့်ပါမယ်။ ကြက်သားတွေနဲ့အတူတူ ခပ်ကြာကြာလေး ပြုတ်မှာမို့ နောက်ဆုံးသူ့အလိုလို ပျော့ပြဲသွားမှာမို့ ဓားပြားမရိုက်တော့တာပါ။
စပါးလင်ကို ထုပြီး ခုလို ချည်လိုက်မယ်။
တရုတ်နံနံလေးတွေကိုတော့ နောက်ဆုံးမှ ကိုယ်ကြိုက်သလို လှီးဖြတ်ထည့်နိုင်ပါတယ်။ မထည့်လည်းရပါတယ်။
အရင်ဦးဆုံး…..
ကြက်သားတွေကို ရေနွေးပွက်ပွက်ဆူထဲ ၂ မိနစ်လောက်ထည့်ပြုတ်ပြီး အဲ့ပြုတ်ရည်တွေကို သွန်ပစ်ပါမယ်။
ဒါဆို ကြက်သားရဲ့ အပေါ်ယံက မကောင်းတာတွေကော
အညှီနံ့တွေပါ ပြုတ်ရည်ထဲ ပါသွားပါလိမ့်မယ်။
နောက်မှ ရေသန့်အသစ်ထပ်ထည့်ပြီး ဆားလိုသလောက်ရယ်၊ ခုနက ၂ မိနစ်ပြုတ်ထားတဲ့ ကြက်သားရယ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငြုပ်ကောင်းလုံးလေးတွေကို ထည့်ပြီး ပြန်တည်ပေးပါ။
မိနစ်သုံးဆယ်လောက်ပြုတ်ထားပြီးပြီဆိုရင် မုန်လာဥအနီနဲ့ အဖြူကိုတစ်ဆက်တည်းထည့်လိုက်ပါမယ်။
ပြီးရင် မုန်လာဥနီရော မုန်လာဥဖြူရော နူးပြီး သူတို့ရဲ့ အချိုဓာတ်တွေ ကြက်ပြုတ်ရည်ထဲ ထွက်လာအောင်အထိ နောက်ထပ် ၁၅ မိနစ်လောက် ဆက်ပြုတ်ပေးရပါမယ်။
ဒီနေရာမှာအပေါ့အငန်မြည်းပြီး ဆားလိုရင် လိုသလောက် ထပ်ထည့်နိုင်ပါတယ်။
မှတ်ချက်။ ။ အချိုမှုန့်လုံး၀ သုံးစရာမလိုပါ။ မုန်လာဥတွေထဲက ထွက်လာတဲ့ အချိုဓာတ်တွေက ပြုတ်ရည်ကို အင်မတန်အရသာရှိစေပြီးတာ ဖြစ်လို့ပါနော်။
ကြက်သားလည်း နူးပြီ၊ မုန်လာဥတွေလည်း နူးပြီ၊ ပြုတ်ရည်ကလည်း အင်မတန်မှမွှေးကြိုင်ပြီး အရသာရှိလာပြီဆိုရတော့ အပေါ်ကနေ တရုတ်နံနံလေးဖြူးပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်နော်။
ကြက်သားတွေရော မုန်လာဥတွေရောက တစ်အားကို နူးနေတာမို့ အစာကြေလွယ်ပြီး ပြုတ်ရည်လေးကလည်း အာဟာရရှိလှတာမို့ ကိုယ်ခံအားဖြစ်စေပါတယ်။
