• တုပ်ကွေးရောဂါဆိုတာ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ကလေးသူငယ်တွေ၊ အသက်အရွယ်ကြီးသူတွေ၊ နာတာရှည်ရောဂါဝေဒနာ အခံရှိတဲ့ သူတွေမှာ ပိုမိုပြင်းထန်တတ်ပါတယ်။
• ရာသီတုပ်ကွေးကာကွယ်ဆေးဟာဆိုရင် နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ထိုးနှံဖို့လိုအပ်ပါတယ်။ အကြောင်းရင်းကတော့ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေဟာ တစ်နှစ်နှင့်တစ်နှစ် မျိုးကွဲတွေမတူညီဘဲ အသစ်ထွက်ပေါ်လာတဲ့အတွက် အဲ့ဒီအပေါ်မူတည်ပြီး နှစ်စဉ်ထိုးရတဲ့ ကာကွယ်ဆေးဟာလည်း ကွဲပြားခြားနားသွားလို့ဘဲ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးရမှာလဲ။
• ကာကွယ်ဆေးထိုးလိုက်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ရောဂါကာကွယ်သော ပဋိပစ္စည်း (antibody) ကို သွေးထဲမှာပြန်လည်ထုတ်လုပ်ပေးပါတယ်။
• ဒီလို ပဋိပစ္စည်းသွေးထဲမှာ ထွက်ပေါ်လာဖို့ဆိုတာ ကာကွယ်ဆေးထိုးပြီးနောက် ၂ ပတ်ကနေ ၁ လလောက် အချိန်ယူရပါတယ်။
• ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို ရာသီတုပ်ကွေးအဖြစ်များတဲ့ ရာသီမတိုင်ခင် အနည်းဆုံး ၂ ပတ် ကြိုတင်ပြီး ထိုးနှံရမှာဖြစ်ပါတယ်။
• အသက်အရွယ်အပိုင်းခြားပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ကာကွယ်ဆေး အကြိမ်ရေကို တုပ်ကွေးရာသီမတိုင်ခင် ၂ ပတ် လောက်မှာ အားလုံးပြီးမြောက်ပြီးသားဖြစ်အောင် အစီအစဉ်ချပြီး ထိုးနှံမှသာ ရာသီတုပ်ကွေးကို ထိရောက်တဲ့ ကာကွယ်မှုမျိုးရနိုင်မှာ ဖြစ်ပါတယ်။
ရာသီတုပ်ကာကွယ်ဆေးထိုးပြီးရင် ဘာတွေခံစားရနိုင်လဲ။
• ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် ရက်အနည်းငယ်အကြာမှာ ရာသီတုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
• ဥပမာ ပြောရမယ်ဆိုရင် ဖျားခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း စတာတွေ အဖြစ်များကြပါတယ်။
ဘယ်လိုအပိုင်းအခြားနဲ့ထိုးရတာလဲ
• ရာသီတုပ်ကွေးကာကွယ်ဆေးကို အသက် ၆ လနှင့်အထက် ဘယ်အသက်အရွယ်မှာမဆို ထိုးနိုင်ပါတယ်။ နှစ်စဉ် တစ်နှစ်တစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။
• အသက် ၉ နှစ်အောက် ကလေးတွေမှာဆိုရင် ပထမဆုံးစထိုးတဲ့နှစ်မှာ ကာကွယ်ဆေးကို (၁) လခြား (၂) လုံးထိုးရမှာဖြစ်ပြီး နောက်နှစ်တွေမှာ ၁ နှစ်ကို ၁လုံးစီသာ ထိုးရမှာဖြစ်ပါတယ်။
ဘယ်လိုလူတွေမှာကာကွယ်ဆေးနဲ့ မတည့်တာမျိုးဖြစ်တတ်သလဲ
• ကြက်ဥနဲ့ ဓာတ်မတည့်မှုရှိတဲ့သူတွေ
• အရင်က တုပ်ကွေးကာကွယ်ဆေးနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးတဲ့ သူတွေမှာ ဆေးမတည့်တာမျိုး ဖြစ်တတ်ပါတယ်။
အနှစ်ချုပ်
• နိဂုံးချုပ်အားဖြင့်ပြောရမယ်ဆိုရင် ရာသီတုပ်ကွေးကာကွယ်ဆေးကို လူတိုင်း နှစ်စဉ်ပုံမှန်ထိုးနှံသင့်ပါတယ်။
• ကလေးငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ ဆီးချိုရောဂါရှိသူ၊ ပန်းနာရင်ကျပ်ရောဂါရှိသူ၊ ကင်ဆာရောဂါသည် HIV/AIDS ရှိသူနှင့် နာတာရှည် အဆုတ်ရောဂါရှိတဲ့သူတွေမှာ ပိုပြီးထိုးဖို့သင့်ပါတယ်။
• တုပ်ကွေးရောဂါကို ကာကွယ်တဲ့နေရာမှာ ကာကွယ်ဆေးအပြင် မိမိတစ်ကိုယ်ရေသန့်ရှင်းမှုကို နံပါတ် ၁ ဦးစားပေးလုပ်ဆောင်ရမှာဖြစ်ပြီး လက်ကို ဆပ်ပြာ၊ ရေတို့နှင့် သေချာစွာဆေးကြောခြင်းက ထိရောက်ပါတယ်။
• တုပ်ကွေးရောဂါမကူးစက်ရအောင် တုပ်ကွေးရာသီမှာ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ။
• မိဘပြည်သူများ ရာသီတုပ်ကွေးရောဂါကင်းဝေးပြီး ကျန်းမာနေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။
