နေ့စဉ်ဘဝရဲ့ လှုပ်ရှားရုန်းကန်မှုတွေ၊ အဆုံးမသတ်နိုင်တဲ့ တာဝန်ဝတ္တရားတွေကြားမှာ သင်ဟာ ကိုယ့်အတွက် အချိန်လေးတစ်ခု ပေးဖို့ မေ့လျော့နေမိပြီလား? မိုးလင်းကနေ မိုးချုပ်အထိ အခြားသူတွေအတွက်၊ လုပ်ငန်းခွင်အတွက်ပဲ အားသွန်ခွန်စိုက် ကြိုးစားနေရတဲ့အခါ သင်ဟာ တဖြည်းဖြည်းနဲ့ အားအင်ကုန်ခမ်းလာသလို ခံစားရပါလိမ့်မယ်။ အရာရာကို လွှတ်ချလိုက်ချင်စိတ်တွေ ပေါက်လာတဲ့အထိ ပင်ပန်းနွမ်းနယ်နေပြီဆိုရင်တော့ ဒါဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က “အနားယူပါတော့” လို့ အရေးပေါ် တောင်းဆိုနေတဲ့ အချက်ပြတစ်ခုပါပဲ။
Me Time ဆိုတာ တကယ်တော့ ဘာလဲ? Me Time ဆိုတာ သင့်ကိုယ်သင် ပေးလိုက်တဲ့ အချစ်စစ်တစ်ခုပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ချိန်းဆိုလိုက်တဲ့ “Date with Myself” ဖြစ်ပြီး၊ တခြားသူတွေရဲ့ မျှော်လင့်ချက်တွေ၊ ဖိအားတွေကနေ ခဏတာ ဝေးကွာပြီး ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ပြန်လည်စကားပြောတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ခြင်းကနေတဆင့် သင်ဟာ စိတ်သစ်၊ လူသစ်အဖြစ်နဲ့ ပြန်လည်မွေးဖွားလာနိုင်ပါတယ်။ ဤအချိန်ကာလအတွင်း လူအများနဲ့ အချိန်ကုန်ဆုံးခြင်းထက် သင့်ကိုယ်သင် အေးချမ်းမှုပေးနိုင်မယ့် ပတ်ဝန်းကျင်မှာ တစ်ယောက်တည်း ရပ်တည်ကြည့်တဲ့အခါ အထိရောက်ဆုံးသော အကျိုးရလဒ်တွေကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။
Me Time က ဘာကြောင့် သင့်အတွက် အသက်သွေးကြောတစ်ခုလို အရေးကြီးတာလဲ? ကျွန်ုပ်တို့အားလုံးဟာ ဘက်ထရီအပြည့်သွင်းထားတဲ့ စက်တစ်ခုလိုပါပဲ။ အချိန်အကြာကြီး အဆက်မပြတ် အသုံးပြုနေရင် စွမ်းအင်တွေ ကုန်ခမ်းသွားမှာ အမှန်ပါပဲ။ Me Time ကို ပုံမှန်ယူပေးခြင်းအားဖြင့် –
- ဦးနှောက်ကို အားဖြည့်ပေးခြင်း: ပင်ပန်းနွမ်းနယ်နေတဲ့ ဦးနှောက်ကို အေးချမ်းတဲ့ အနားယူမှုပေးခြင်းဖြင့် လုပ်ဆောင်ချက်တွေကို ပြန်လည် ထက်မြက်လာစေပါတယ်။
- စိတ်ဖိစီးမှုမှ ကင်းဝေးစေခြင်း: လောကဓံရဲ့ ဖိအားတွေကြားထဲမှာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုတွေကို အမြစ်ကနေ ဖယ်ရှားပေးပါတယ်။
- မိမိကိုယ်ကို ပြန်လည်ဖော်ထုတ်ခြင်း: တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ ကိုယ့်ရဲ့ လိုအပ်ချက်၊ အားသာချက်နဲ့ အားနည်းချက်တွေကို အေးအေးဆေးဆေး ပြန်လည်သုံးသပ်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်လာစေပါတယ်။
- ပြဿနာများကို ထက်မြက်စွာ ဖြေရှင်းခြင်း: စိတ်အေးချမ်းမှုရှိနေတဲ့အခါ ဘဝရဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ပိုမိုကောင်းမွန်တဲ့ အဖြေတွေနဲ့ ဖြေရှင်းနိုင်လာပါလိမ့်မယ်။
- လူမှုဆက်ဆံရေးကို တိုးတက်စေခြင်း: ကိုယ်တိုင် စိတ်ပျော်ရွှင်နေမှသာ သင့်ပတ်ဝန်းကျင်နဲ့ သူချစ်ရတဲ့သူတွေကို ပိုမိုနွေးထွေးတဲ့ မေတ္တာဓာတ်တွေ မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။
သင်၏ Me Time ကို စတင်ဖန်တီးလိုက်ပါ Me Time ဆိုတာ ဇိမ်ခံခြင်း မဟုတ်ပါဘူး၊ ဒါဟာ သင် ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အာဟာရတစ်ခုပါ။ ဒါကြောင့် သင့်အတွက် အဆင်ပြေမယ့် ပတ်ဝန်းကျင်၊ သင့်စိတ်ကို အေးချမ်းစေမယ့် လှုပ်ရှားမှုတစ်ခုကို ရွေးချယ်ပြီး ဒီနေ့ပဲ သင့်ကိုယ်သင် အချိန်ပေးလိုက်ပါ။ သင်ဟာ သင့်ဘဝမှာ အရေးအကြီးဆုံး သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။
Hug Myanmar အနေနဲ့ သင်ဟာ နေ့စဉ်ဘဝရဲ့ ခက်ခဲမှုတွေကြားထဲကနေ သင့်ကိုယ်သင် အမြဲတမ်း တန်ဖိုးထားပြီး ချစ်ခင်နေတဲ့သူ ဖြစ်စေချင်ပါတယ်။ ဒီနေ့အတွက် သင့်ကိုယ်သင် ဘာလေးတွေနဲ့ အချစ်တွေ ဖြည့်ပေးမလဲဆိုတာ စဉ်းစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
