ဒီလိုကာလမှာ ပျော်ရွှင်စရာကို တစ်နေရာက ရနိုင်ပါတယ်။
အဲ့ဒါကတော့ သူငယ်ချင်းကောင်းတွေဆီကပါပဲ။ သံယောစဉ်တွေ ခိုင်မာနေပြီးသား သူငယ်ချင်းကောင်းတစ်ယောက်သာ ရှိမယ်ဆိုရင် ဒီလိုကာလမှာတောင် ကံကောင်းနေသေးတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းကောင်းတွေဟာ…
1. စကားပြောဖော်ကောင်း ဖြစ်ပါတယ်။ ရင်ဖွင့်ဖော်ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ မပြောဖြစ်တာတွေဆိုသူငယ်ချင်းနဲ့ ပြောလို့ရပါတယ်။ တိုင်ပင်လို့ရပါတယ်။ ခံစားနေရသမျှ ပေါ့ပါးသွားတဲ့အထိ စကားပြောနိုင်တဲ့သူ ဖြစ်ပါတယ်။
2. ခွီဖော်ခွီဖက် ဖြစ်ပါတယ်။ သူငယ်ချင်းနဲ့ဆို ပုံမှန်အရာတွေကလည်း ဟာသလေးတွေ ဖြစ်သွားတတ်ပါတယ်။ ခွီလို့လည်းမဆုံး၊ ရယ်လို့လည်းမဆုံး၊ အချိန်ကုန်လို့ ကုန်မှန်းတောင် မသိတော့တဲ့အထိပါပဲ။
3. လုံခြုံမှုပေးနိုင်သူ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက် အမြဲကိုယ့်ဘက်မှာရှိနေတယ်ဆိုတဲ့ အသိဟာ လုံခြုံနွေးထွေးပါတယ်။ နောက်ဆုံးပြေးထွက်စရာ နေရာတစ်ခုအနေနဲ့ သူငယ်ချင်းဟာ ရှိနေမှာပါ။
4. အားပေးဖော် ဖြစ်ပါတယ်။ သူလည်းစိတ်ဓာတ်ကျ၊ ကိုယ်လည်းစိတ်ဓာတ်ကျဖြစ်နေတဲ့ အချိန်တွေမှာတောင် အပြန်အလှန်အားပေးရင်း ရှေ့ဆက်နိုင်ပါတယ်။
5. အတင်းတုပ်ဖော်လည်း ဖြစ်ပါတယ်။ အတင်းတုပ်တယ်ဆိုတာ သူများတွေနဲ့ဆို မကောင်းတဲ့အရာဆိုပေမယ့် သူငယ်ချင်းနဲ့ဆိုရင်တော့ မနေနိုင်မထိုင်နိုင် တုပ်ကြတာပါပဲ။
ဒါကြောင့် သူငယ်ချင်းနဲ့ဆို ပျော်ရတယ်။ ရယ်ရတယ်။ စိတ်ခွန်အားရတယ်။ စိတ်အပန်းပြေတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်း ဖြစ်နေဖို့တော့ လိုပါတယ်။
သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်ပဲရှိရင်တောင် လုံလောက်ပါတယ်။ သူငယ်ချင်းအများကြီးရှိပြီး အားလုံးက fake friend တွေ၊ toxic friend တွေ ဖြစ်နေမယ်ဆို ဘာထူးမှာလဲ။ ဒါကြောင့် အချိန်ကုန်မယ့်ကုန် သူငယ်ချင်းကောင်းနဲ့ပဲ အချိန်ကုန်ပေးပါ။
credit-AD-Secret Diary