နားပြည်ယိုတယ်ဆိုတာက နားမှာ ဘတ်တီးရီးယားပိုးဝင်တဲ့ လက္ခဏာပါပဲ။ နားမှာ ပိုးဝင်တာက ကလေးတွေမှာ အဖြစ်များပါတယ်။ နားပြည်ယိုတဲ့သူ ၁၀ယောက်မှာ ၈ယောက်က ၃နှစ်အရွယ်ကလေးငယ်တွေ ဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။ ဒါ့အပြင် နားပြည်ယိုတာက ခုလို ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ ဆောင်းအကုန်၊ နွေအကူးမှာ ပိုဖြစ်တတ်ပါတယ်။
နားပြည်ယိုတာ ဘာကြောင့်လဲ??
အဓိက နားပြည်ယိုရခြင်း အကြောင်းကတော့ အသက်ရှူလမ်းကြောင်းမှာ ဘတ်တီးရီးယားပိုးဝင်ပြီး အဲပိုးက နားဆီကို ကူးစက်သွားလို့ပါပဲ။ အသက်ရှူလမ်းကြောင်းနဲ့ နားနဲ့ ဘယ်လို ဆက်စပ်သလဲဆိုပြီး အတွေးရှုပ်သွားကြမယ် ထင်ပါတယ်။ တကယ်တော့ လူတိုင်းမှာ အာခေါင်နဲ့ နားနဲ့ကို ဆက်ထားတဲ့ လမ်းကြောင်းငယ်လေး ရှိပါတယ်။ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ဘတ်တီးရီးယားပိုးက အဲဒီလမ်းကြောင်းငယ်ကို ရောက်သွားပြီးတော့မှ နားမှာ ပြည်တည်တာပါ။
နားမှာပိုးဝင်ကြောင်း ဘယ်လိုသိနိုင်သလဲ??
နားပြည်မယိုခင် နားမှာ ပိုးဝင်ကြောင်း သိနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ အဲဒါတွေကတော့
– နားနာတာ၊ နားအူတာ
– ကိုယ်ပူတာ
– ခေါင်းမူးတာ၊ အန်တာတွေ ဖြစ်တတ်ပါတယ်။
နားပြည်ယိုရင် ဘာတွေ လုပ်ရမလဲ??
နားမှာ ပိုးဝင်ရင် ဗိုင်းရပ်စ်လည်း ဖြစ်နိုင်သလို ဘတ်တီးရီးယားလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ပိုးဝင်ဝင် နားနာတာ၊ အူတာက ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်ကြောင့် ဆိုရင်တော့ ရက်ပိုင်းအတွင်းမှာ အလိုလို သက်သာသွားတတ်ပါတယ်။ မခံမရပ်နိုင်အောင် နားနာပြီး အူနေတယ်ဆိုရင်တော့ အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။
ဘတ်တီးရီးယားကြောင့် ဖြစ်ပြီဆိုရင်တော့ အလိုလို မသက်သာတတ်ပါဘူး။ ဒါကြောင့် ၃ရက်အတွင်းမှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါပြီ။ သင့်တော်ရာ ပိုးသတ်ဆေးသောက်ပါမှ နားပြည်ယိုတာက ပျောက်ကင်းနိုင်မှာ မို့လို့ပါ။
နားပြည်ယိုတာကို မကုသရင် ဘာတွေ ဖြစ်နိုင်သလဲ??
နားပြည်ယိုတာကို မကုသလို့ မရပါဘူး။ မကုသရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေက သိပ်ကို ကြီးမားလို့ပါ။
– နားကနေမှ တစ်ဆင့် ပိုးက ဦးနှောက်ထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ ပြီးတော့ ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်မှာ ပြည်တည်တာတွေ ဖြစ်တတ်ပါတယ်။
– နားပြည်တွေ စုတည်တာ များလာရင် နားစည်ပေါက်သွားတတ်ပါတယ်။ အဲ့သလိုဆိုရင် အကြားအာရုံကို လုံးဝဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
နားကို ပိုးမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ??
အဓိကကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးပါပဲ။
– ကလေးတွေမှာ အဖြစ်များတာဆိုတော့ ကလေးတွေကို လက်သေချာဆေးပေးသင့်ပါတယ်။ ကလေးကို အနီးကပ် ပြုစုစောင့်ရှောက်ပေးတဲ့ သူတွေကလည်း လက်ကို ပုံမှန်ဆေးရပါမယ်။
– ကလေးကို ပုံမှန်ကာကွယ်ဆေးထိုးပေးရပါမယ်။
– ကလေးကို ဖုန်ထူတဲ့ နေရာ၊ လူထူတဲ့နေရာတွေကို မခေါ်သွားသင့်ပါဘူး။
ဒီတော့ နားပြည်ယိုတာက အဖြစ်များတယ်ဆိုပြီး မပေါ့သင့်ပါဘူး။ နားပြည်ယိုပြီဆို နားသန့်ဆေးလေးပဲ ထည့်ပြီးတော့လည်း အိမ်မှာပဲ မကုသင့်ပါဘူး။ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ကုသဖို့ အကြံပြုလိုက်ပါတယ်။
credit-ကျေး(ဆေး၁)
