
ဒီညတော့ ဝတ္ထုတစ်ပုဒ် အကြောင်းပြောပြချင်တယ် ကျွန်တော်က ဝတ္ထုအကြောင်းတွေ ရေးလေ့တော့မရှိဘူး… ဒါပေမယ့် ဒီဝတ္ထုအကြောင်းတော့ ရေးချင်လာတယ် နာမည်ကြီးဝတ္ထုမို့ အားလုံးရင်းနှီးပြီးသားလို့လည်း ထင်ပါတယ်… ဆရာမကြည်အေးရဲ့ လက်ရာကောင်းတစ်ပုဒ်မို့ ဖတ်ဖူးသူတိုင်းလည်းကြိုက်ကြမယ်ထင်တယ် …
ကျွန်တော်တို့လူ့လောကမှာ အရှုပ်တွေအများကြီးကြုံရတတ်တယ် အဲ့လိုပါပဲ ဒီဝတ္ထုထဲမှာ မြနန္ဒာရဲ့ ဘဝဟာလည်း အိမ်ထောင်ရေး လင်မယားအရေးစတဲ့ ပြဿနာတွေ ကြားမှာ ပိတ်မိနေပုံကို လှလှပပပုံဖော်ထားနိုင်တယ် Melodrama ပုံစံမျိုးနဲ့ ရသပေးနိုင်တယ် မထိတထိ ဒိုင်ယာလော့ တွေက စိတ်ကို ကသိကအောက်ဖြစ်စေတယ် ဇာတ်ကောင်တွေရဲ့ Pov တွေကနေ တစ်ခါတစ်လေ စာဖတ်သူကို သနားစိတ်ဝင်စေနိုင်တာက ပိုပြီးတော့ ဒီဇာတ်လမ်းကို ထူးခြားစေတယ်…
*********************
မြနန္ဒာဆိုတဲ့ မိန်းကလေးဟာ မိဘနှစ်ပါးနဲ့ ကိုယ့်ကိုမယားလုပ်မယ့်သူရဲ့ လိုအင်အတွက် သူမရဲ့ ဘဝအိမ်မက်ကို ဆက်မက်ခွင့်မရခဲ့… နန္ဒာဟာ အတ္တကြီးသူတစ်စုရဲ့ ရုပ်သေးရုပ်လေး ဖြစ်ခဲ့ရတယ်… သူတို့တွေဟာ နှလုံးသားရောရှိကြရဲ့လား နန္ဒာဟာ စိတ်ခံစားချက်ရှိတဲ့ လူတစ်ယောက်ဆိုတာကို မေ့လျော့နေခဲ့လေသလား…။ နန္ဒာရဲ့ မွေးရာပါဖြစ်သော အနုပညာပါရမီဟာ မိဘနှစ်ပါးနဲ့ လင်ယောက်ျားရဲ့ စိတ်လိုအင်အတွက် ရိုက်ချိုးခံခဲ့ရတယ်…
…“ လူတစ်ထောင်တစ်သောင်းကို စာကုန်းကျက်ရင် ဆရာကောင်းနဲ့ သင်ပေးရင် ဆရာဝန်အကုန်ဖြစ်တယ် ။ အင်ဂျင်နီယာအကုန်ဖြစ်တယ် ။ ပန်းချီဆရာ ကဗျာဆရာ ဂီတပညာရှင်ဖြစ်အောင် သင်ပေးလို့မရဘူး ။ စာကုန်းကျက်လို့မရဘူး။ ” …
မြနန္ဒာ … မြနန္ဒာဟာ ချမ်းသာတဲ့မိဘတွေကနေ ဖွားမြင်ခဲ့ပြီး မိဘတွေရဲ့စိတ်တိုင်းကျ ဘဝကိုဖြတ်သန်းနေရသူ… ဘဝကိုပြည့်ပြည့်စုံစုံ နေရသူ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုပြီး သတ်မှတ်ခံထားရသူ… သူမကလှတယ် ကျက်သရေရှိတယ် ဂုဏ်ရှိတယ် ပညာတတ်တစ်ယောက်လည်းဖြစ်တယ် အမျိုးသားတိုင်းရဲ့ ရင်အစုံကို ကိုင်လှုပ်နိုင်တဲ့မိန်းမ အမျိုးသမီးတိုင်းရဲ့ မနာလိုတာမျိုး အားကျတာမျိုးကို ခံရတဲ့မိန်းမ … ဒီလိုအဖက်ဖက်ကပြည့်စုံနေတဲ့ သူမရဲ့ဘဝကို သူမနေရာက ဘယ်သူကဝင်ခံစားပေးခဲ့ဖူးသလဲ ? ဟက် မရှိဘူး တစ်ယောက်မှမရှိဘူး သူမဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ဘယ်သူမှ စိတ်မဝင်စားကြဘူး …
*************
“ မောင်နှင့်တွေ့လျှင်
ချမ်းမြေ့ပျော်လည်း၊ သူဝမ်းနည်းပြန်
မသဲမကွဲ၊ နှစ်ယောက်ထဲပင်
မိုးဖွဲနုညက်၊ ဆံနွယ်ခက်ကြား
တစ်စက်တစ်စက်၊ လျောသက်တွယ်ခို
ညို့ညို့လဲ့မှောင်၊ ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ၊ မျက်ရည်ပဲလား
မသဲမကွဲ၊ မိုးရေပဲလား
ဆိုရဲခက်ခက်၊ မမေးရက်လို့
ပင့်သက်ပူနွေး၊ မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ၊ ပြုံးအေးမြတော့
နောင်တနောက်ကျ၊ ရပြန်သည်။ ”
မောင့်နှမ မြနန္ဒာ… လင်းထင်ဆိုတဲ့ မောင်ဟာ မြနန္ဒာရဲ့ တက္ကသိုလ်တက်နေစဉ်က တွဲဖက် သူမထက်ငယ်တဲ့ ဂျူနီယာကောင်လေး ရိုးအအလေးမို့ သူမနားအကပ်ခံခဲ့တယ်… မောင်ဟာ အနုပညာကို ဈာန်ဝင်စားတဲ့ ကဗျာဆရာတစ်ယောက် မောင့်ရဲ့ကဗျာတွေဟာ နန္ဒာကိုရည်ညွှန်းလေ့ရှိတယ်… မောင်နဲ့ နန္ဒာကြားမှာ တစ်ယောက်ကိုတစ်ယောက် ဖော်မပြခဲ့တဲ့ အရာတွေရှိနေတယ် … တကယ်တော့ မောင်ဟာ မြနန္ဒာရဲ့ အပျော်ရွှင်ရဆုံး အချိန်တွေမှာ တွဲမိခဲ့ကြတာပဲ … သူတို့နှစ်ယောက်ဟာ စိတ်ချင်းစပ်နေတယ်လို့တောင် ဆိုလို့ရတယ် … တစ်ယောက်ရဲ့ရင်ထဲက အတွေးထဲက စကားကို တစ်ယောက်ကကြားနေရတာမျိုး ထူးဆန်းတဲ့အိမ်မက်တွေ ဆင်တူနေတာမျိုးပေါ့… ဒါပေမယ့် သူတို့ကြားက ခံစားချက်တွေကို ဝန်မခံရက်ခဲ့ကြဘူး … အချိန်တွေကြာလာတဲ့အခါ နောင်တတွေ ဖြစ်ကျန်ခဲ့လေမလား …။
*************
“ နန္ဒာမသိဘူးလား။ လောကမှာ ဘယ်ယောက်ျားမဆို မိန်းမအများကို တပ်မက်တာ။ ပြစ်မှားတာ။ မိန်းမဟူသမျှကို အချောင်ရရင် ကြံစည်မှာ။ အနည်းဆုံး နီးစပ်ရင် ဖြစ်တတ်တာ နန္ဒာမသိဘူးလား။ ပြီးတော့လူ့ဘဝမှာ ဘယ်မှ အမည်ရရအလုပ်ဆိုတာ လက်ညှိုးထောက်ပြစရာမရှိတဲ့ လူမျိုးကို နန္ဒာအထင်ကြီးတတ်တာ ပေါင်းသင်းတတ်တာ အံ့ဩလို့မဆုံးဘူး။ ”
ကိုကို့နှမ မြနန္ဒာ… သာဦးဂျော်ဆိုတဲ့ ကိုကိုဟာ နန္ဒာ့မိဘတွေရဲ့ အစီအစဉ်ကြောင့် နန္ဒာနဲ့ လက်ထပ်ရမယ့်သူပေါ့… ပညာတတ်ဆရာဝန်တစ်ယောက် အမေရိကန်မှာဆေးပညာဆက်လက်ဆည်းပူးခဲ့ပြီး နန္ဒာနဲ့ မောင်နဲ့အကြောင်းကို ကြားလို့ မိဘတွေက အရေးတကြီး လက်ထပ်ပေးခဲ့တယ်…
ကိုကိုက မိန်းမလိုက်စားတာမှန်တယ် ဒါပေမယ့် ကိုကို့ရဲ့ အိမ်ဟာနန္ဒာပဲဆိုတာ နန္ဒာ့ကို သိစေချင်တယ်… ကိုကိုနန္ဒာ့ကို ချစ်တယ် အခုလည်းချစ်တယ် စတွေ့ကတည်းလည်းချစ်ခဲ့တယ် နောက်လည်းချစ်နေဦးမယ်ဆိုတာ နန္ဒာ့ကိုသိစေချင်တယ်… နန္ဒာဟာ ကို့ကို့အပိုင်မို့ ဘယ်တော့မှအဆုံးရှုံးခံမှာမဟုတ်ဘူး…။
**********
ဒီဝတ္ထုကို ဖတ်ဖူးတဲ့သူတွေ ဘယ်လိုခံစားရလည်းဆိုတာ သိချင်တယ် ကျွန်တော်တော့ ပြောမပြတတ်ဘူး ခင်ဗျားတို့သာ မြနန္ဒာဖြစ်ခဲ့ရင် ဘာဆက်လုပ်မလဲဗျာ … ကျွန်တော်တော့ သူတို့အားလုံးကို သနားတယ် သူတို့တွေဟာ တစ်ဖက်ပဲကြည့်ခဲ့ကြတဲ့ အတ္တသမားတွေကြည့်ပဲ … အိမ်ထောင်တစ်ခုရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတယ်… တကယ်ကို ဖတ်သင့်တဲ့ ဝတ္ထုတစ်အုပ်ပဲ …
book review by Nostalgic
