
မြွေတွေက ကိုက်ရင် အဆိပ်ပမာဏကို ထိန်းချုပ်နိုင်တယ်လို့ ပညာရှင်တော်တော်များများက လက်ခံယုံကြည်ပါတယ်။ သားကောင်သေးရင် အဆိပ်နည်းသလို သားကောင်ကြီးရင် အဆိပ်ထည့်တာများတဲ့ မှတ်တမ်းတွေရှိပါတယ်။ မြွေတွေက လူကို ခုခံတဲ့အချိန်မှာ Dry bite ကိုက်တာတွေ ရှိပါတယ်။ Dry bite ဆိုတာ မြွေတွေက ကိုက်တဲ့အချိန် အဆိပ်မထည့်ပဲကိုက်လိုက်တာကို ပြောတာပါ။ မြွေတွေက အဆိပ်ကို သားကောင်လိုက်ရာမှာပဲ သုံးတဲ့အတွက် သူတို့က အတတ်နိုင်ဆုံး အဆိပ်မသုံးရအောင် ရှောင်ပါတယ်။ ဒါကြောင့် အဆိပ်ပြင်းမြွေကိုက်ခံထိပေမဲ့ အဆိပ်တက်တဲ့လက္ခဏာတွေ မပြဘူး ဘာမှမဖြစ်ဘူးဆိုတာ Dry bite နဲ့ မြွေက ကိုက်လိုက်လို့ပါ။
နောက်တချက်က သွေးမထွက်တိုင်း Dry bite ကိုက်လိုက်တယ်လို့ ယူဆလို့မရပါဘူး။ မြွေဆိပ်က သွေးကြောထဲကို တိုက်ရိုက်ဝင်တာမဟုတ်ပဲ Lymphatic system ကနေဝင်တာပါ။
Lymphatic system ကို အရင်ရှင်းပြပါမယ်။ လူတွေရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်းများစွာရှိပါတယ်။ အဲ့ဒီဆဲလ်တွေထဲမှာရှိတဲ့ အရည်တွေကို သွေးကြောထဲကို ပို့ဖို့အတွက် ဆဲလ်တွေက Lymphatic system ကို အသုံးချပါတယ်။ သူက ခြေ၊လက်၊ ခန္ဓာကိုယ်အနှံမှာရှိတဲ့ဆဲလ်တွေက အရည်တွေကို Lymphatic vessels နဲ့ Lymph nodes တွေ့ကတဆင့် လူရဲ့ချိုင်းအပေါ်နားမှာရှိတဲ့ သွေးပြန်ကြောကို ပို့ပေးပြီး နှလုံးထဲကနေ သွေးကြောထဲကို ၀င်ပါတယ်။ မြွေဆိပ်က အဲ့ဒီနည်းနဲ့ Lymphatic system ကို အသုံးပြုပြီး လူရဲ့ သွေးကြောထဲကို ၀င်တာပါ။
ဥပမာ – မြွေက ခြေဖမိုးကို အဆိပ်ထည့်ပြီး ကိုက်လိုက်တယ်။ ကိုက်တဲ့နေရာမှာရှိတဲ့ဆဲလ်တွေထဲကို အဆိပ်တွေပြန့်သွားပါတယ်။ (သွေးထွက်ဖို့မလိုပါဘူး။ မြွေဆိပ်တက်ဖို့အတွက် မြွေဆိပ်က သွေးကြောထဲကို တိုက်ရိုက်၀င်ဖို့ မလိုပါဘူး နောက်ပြီး ငန်းတော်ကျားလိုမြွေမျိုးကိုက်ရင် သွေးမထွက်တာများပါတယ်။) အဲ့ဒီမှာ မြွေဆိပ်က Lymphatic system ကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ အပေါ်ကို Lymphatic vessels တွေကနေ စတက်ပါတယ်။ Lymph nodes တွေကနေတဆင့် ခြေသလုံး၊ ခြေသလုံးကနေပေါင်ကို ရောက်ပါတယ်။ (ဒီအကြောင်းကြောင့် မြွေကိုက်ရင် ကိုက်တဲ့လက်တို့ ခြေထောက်တို့ကို တုတ်နဲ့ချည်ပြီး လှုပ်ရှားမှုကို ကန့်သတ်ရတာပါ။ လှုပ်ရှားမှုများရင် ကြွက်သားတွေက မြွေဆိပ်ကို အပေါ်ကို တွန်းပို့သလိုဖြစ်ပြီး နှလုံးထဲကို အဆိပ်အမြန်ရောက်နိုင်လို့ပါ။) အဲ့လိုအပေါ်ကို တဆင့်ချင်း တက်သွားရင်းနဲ့ ချိုင်းရဲ့အပေါ်နားလောက်မှာရှိတဲ့ နှလုံးရဲ သွေးပြန်ကြောကို ရောက်ပါတယ်။ အဲ့ဒီကနေမှ မြွေဆိပ်က နှလုံးထဲ၀င်ပြီး နှလုံးက မြွေဆိပ်ကို ခန္ဓာကိုယ်ရဲ သွေးကြောတွေထဲကို တွန်းပို့လိုက်ပြီး ပြန်ဖြန့်တာပါ။ ကိုက်တဲ့နေရာရဲ့ ဆဲလ်တွေကနေ မြွေဆိပ်က သွေးကြောထဲကို စိမ့်သွားတာမဟုတ်ပါဘူး။ မြွေဆိပ်ရဲ့ particle အရွယ်အစားက ကြီးတဲ့အတွက် သွေးကြောရဲ့ နံရံတွေကို ဖြတ်ပြီး စိမ့်မဝင်နိုင်ပါဘူး။
မြွေကိုက်လိုက်ရင် မြွေဆိပ်က သွေးကြောထဲတိုက်ရိုက်မ၀င်တဲ့အတွက် သွေးမထွက်တိုင်း Dry bite ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။
အက်မင်အဖွဲ့အမြဲပြောတဲ့ မြွေဆိပ်ကို စုပ်ထုတ်လို့မရဘူး ဓါးနဲ့လှီးထုတ်လို့မရဘူးဆိုတာ ခန္ဓာကိုယ်ထဲမှာ မြွေဆိပ်သွားလာတဲ့ပုံကို အခြေခံပြီးပြောတာပါ။ မြွေကိုက်တဲ့နေရာကို ဓားနဲ့ခွဲလည်း အဆိပ်က ဆဲလ်တွေကနေ Lymphatic system တဆင့်ကနေ နှလုံးဆီကို သွားနေပါပြီ။ ဒါကြောင့် သွေးကြောနဲ့မဆိုင်ပါဘူး။ အဆိပ်က သွေးကြောထဲကို ရောက်သွားပြီဆိုရင်လည်း အဓိပ္ပါယ်က နှလုံးထဲကို ရောက်သွားပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်တခုလုံးကို ပြန့်သွားပါပြီ။ ဒါကြောင့် ကိုက်တဲ့နေရာကိုပဲ ရွေးပြီး ဓားနဲ့ လှီးပြီး သွေးညှစ်ထုတ်နေလို့ ဘာမှမထူးပါဘူး။ မြွေကိုက်တဲ့နေရာကို ချက်ချင်းဓားနဲ့ လှီးလိုက်ပြီး သွေးထွက်လာတာက အဆိပ်တွေမဟုတ်ပါဘူး။ သွေးကြောထဲက ရိုးရိုးသွေးတွေပါ။ နောက်ပြီး မြွေဆိပ်ကို သောင်းချီတဲ့ဆဲလ်တွေထဲကနေ စုပ်ထုတ်လို့မရပါဘူး။
ဒါကြောင့် မြွေကိုက်ရင် ဆေးရုံသွားဖို့ အရေးကြီးဆုံးပါ။ မြွေဆိပ်ကို ဆေးရုံမှာရှိတဲ့ မြွေဆိပ်ဖြေဆေးကပဲ ကုနိုင်ပါတယ်။
Photo credit – Zawlin htut(Snakes of Myanmar)
မြွေ – အဆိပ်ပြင်း မြွေပွေး (Daboia siamensis)
Credit-Snakes Of Myanmar
