ဘယ်လို လက္ခဏာတွေ ပြမလဲ ( symptoms)
ရင်ဘတ်အောင့်တာ ခံစားရမယ်။ ဆွဲညစ်ထားသလို ရင်ဘတ်ရှေ့က ခံစားရမယ်။ နာတာ မေးရိုး လက်ပြင်ကို သွားမယ် ။ နားလိုက် ဒါမဟုတ် ဒါမှမဟုတ် nitrate ဆေးသောက်တာ ၅ မိနစ် အတွင်း သက်သာရင် နှလုံး ကနာတာ ( typical angina) နဲ့ တော်တော်ဆင်တူပါတယ်။အခုနောက်ပိုင်း မောလာတာလဲ လက္ခဏာတခုအဖြစ် သတ်မှတ်လာကြပါတယ်။ တချို့က သွေးကြောကျဉ်းနေပေမဲ့ ဘာမှ လက္ခဏာမပြသလို၊ တချို့ ကလည်း သွေးကြောပိတ် (heart attack) ရမှပဲ ရောဂါ ဖြစ်နေမှန်း သိကြတာ ရှိပါတယ်။
ဘယ်လို ရောဂါ သေချာအောင် စစ်ဆေးရမလဲ
ရင်ဘတ်အောင့် မော အသက်ရှုမဝတိုင်း နှလုံးသွေးကြောကျဉ်း လို့ မပြောနိုင်ပါ။ တခြား ရောဂါ တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ လိုအပ်တာ စစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
အီစီဂျီ (ECG & 24 hr ECG monitor )၊ နှလုံး တယ်လီဗီးရှင်း ဓာတ်မှန်(Echo ) နဲ့ ပြေးစက်နဲ့ စစ်ဆေး(Exercise stress test) ၊ CT calcium scores ( သွေးကြောတွေ နံရံမှာ ကယ်ဆီယမ်ဓာတ် တိုင်းတာတာ) တွေနဲ့ ပဏာမ စစ်ဆေးကြည့်လို့ ရပါတယ်။ တခြား စစ်ဆေးနိုင်တာ PET stress CMR SPECT တွေ ရှိပေမဲ့ ကျွန်တော်တို့ ဆီမှာ အလွယ်တကူ စစ်ဆေးလို့ မရသေးပါ။
ပိုမှန်တဲ့အဖြေရအောင် CT စက်နဲ့ ဓာတ်ရောင်ခြည်ဆေးထိုးပြီး (CT coronary CTA )နဲ့ စစ်ဆေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပိုပြီး တိကျ ခိုင်မာအောင် ဆိုရင်တော့ ပေါင်က လက်က ပိုက်ထည့်ပြီး သွေးကြော ဓာတ်မှန်ရိုက်စစ်ဆေးတာ ( coronary angiography) စစ်ဆေးလို့ ရပါတယ်။
နှလုံးသွေးကြောကျဉ်း ဖြစ်နိုင်ခြေ အနည်း အများပေါ်မူတည်ပြီး ဘယ်လို လူနာတွေ ဘယ်လို စစ်ဆေးမယ်ဆိုတာ သက်ဆိုင်ရာ အထူးကုက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဥရောပ နှလုံး အဖွဲ့အစည်းရဲ့ သတ်မှတ်ချက် guidelines တွေ မှာတော့ CT စက်နဲ့ သွေးကြောကျဉ်း ၊မကျဉ်း ပဏာမ စစ်ဆေးတာ ပိုကောင်းကြောင်း ဦးစားပေး ပြောလာကြပါတယ်။
Risk factors လို့ ခေါ်တဲ့ သွေးကြာကျဉ်းတာ တခြား မောစေတဲ့ အချက်တွေ သိရဖို့ သွေးနီဥ သွေးချို သွေးတွင်းအဆီ ကျောက်ကပ် လည်ပင်းဟော်မုန်း အစရှိတဲ့ စစ်ဆေးမူတွေ လည်း လိုအပ်မှာ ဖြစ်ပါတယ်။
သွေးကြောကျဉ်းရင် ဘာတွေဖြစ်နိုင်ပြီး ဘယ်လို ခွဲခြားကုကြမလဲ (natural history )
အုပ်စု အမျိုးအစား ၃ ခု ရှိနိုင်ပါတယ်။ ပထမအုပ်စုက လက္ခဏာမပြသေးတဲ့ အုပ်စု ၊ဒုတိယက ရင်ဘတ် ပုံမှန် အောင့်တတ် ဝေဒနာပြတဲ့ အုပ်စုနဲ့ တတိယက သွေးကြောပိတ်ပြီးမှ သိရတဲ့ အုပ်စုပါ။
ရောဂါ စဖြစ် စသိပြီး ၁ နှစ်အတွင်း က မတည်ငြိမ်ဆုံးပါ။ ဒီကာလ ဂရု စိုက်ရပါတယ်။ ၁ နှစ်ကျော်ထိ တည်ငြိမ်တယ် ၊ခဏခဏ နှလုံ သွေးကြာပိတ် တာတွေ ထပ်မံ မဖြစ်ရင်ကောင်းပါတယ်။ ဒီလို လူနာတွေက ဆေးတွေနဲ့ ပုံမှန် သောက်ပြီး ထိန်းလို့ ရပါတယ်။ အန္တရာယ် ( low risk)သိပ်မရှိတဲ့ သူတွေပါ။
ဒါပေမဲ့ ၁ နှစ်ကျော်အထိ ထပ်ပြီး ခဏခဏ သွေးကြောပိတ် နေတဲ့ သူတွေကတော့ အန္တရာယ်များ တဲ့ ( high risk) အုပ်စုထဲမှာပါ ပါတယ်။ ဒီလူနာတွေကို နှလုံး သွေးကြော ဓာတ်မှန် ( coronary angiogram)ရိုက်ကြည့်ဖို့ လိုအပ်ပြီး ၉၀ ရာနှုန်းအထက် ကျဉ်းနေခဲ့မယ် ဆိုရင် သွေးကြောချဲ့ကုသဖို့ လိုပါမယ်။ ၇၀ နဲ့ ၉၀ ရာနှုန်းခြား ရှိမယ် ဆိုရင် သွေးစီးဆင်းမူ့ ကောင်း မကောင်း ( FFR) ဆက်စစ်ဆေးပြီး လိုအပ်ရင် သွေးကြောချဲ့ ( stent) ထည့် ကုသရမှာဖြစ်ပါတယ်။ ဒါမှပဲ သွေးကြောပိတ်တာရော ၊သေဆုံးမူ့ပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းနေရင် ဘာဆေးတွေ သောက်ရမလဲ
အဓိကဆေး ၃ မျိုး တသက်လုံး သောက်ရလေ့ ရှိပါတယ်။ ဒီဆေးတွေက သွေးကြောပိတ် ကာကွယ်ပေးပြီး အသက်ပိုရှည်စေတယ် ဆိုပါတယ်။
(၁) သွေးကြဲဆေး Aspirin တမျိုးပဲ သောက်ရပါမယ်။ နောက် သွေးကြဲဆေး တမျိူး (clopidogrel or prasugrel or ticagrelor) ထပ်ပေါင်းဖို့တော့ stent သွေးကြောချဲ့ထားတဲ့သူရယ် နောက်ထပ် သွေးကြောပိတ်နိုင်ခြေ risk များတဲ့သူတွေရယ် နဲ့ သွေးထွက် သွေးယို နည်းနိုင်တဲ့ သူတွေမှာပဲ သုံးရပါမယ်။ Aspirin မတည့် အဆင်မပြေတဲ့သူတွေက clopidogrel သောက်ရပါမယ်။
(၂) သွေးတွင်းအဆီနဲ့ ရောဂါ အတိမ်အနက်ပေါ်မူတည်ပြီး statin ezetimibe PCSk9 အစရှိတဲ့ သွေးတွင်းအဆီချဆေးတွေ သောက်သုံးရပါမယ်။
(၃) ACEI or ARB ဆေးကို risk factors သွေးကြောပိတ်နိုင်ခြေ များတဲ့ သူတွေမှာ သောက်ရပါမယ်။
နှလုံးသွေးကြောကျဉ်းနဲ့ ရင်ဘတ်အောင့် သက်သာအောင် ဘာတွေ သောက်ရမလဲ
ဆေးတွေကို နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ နှလုံး ညှစ်အားနည်းရှိလား၊ တခြားရောဂါ အခံ ဘာတွေနဲ့ တွဲနေလည်းပေါ် မူတည်ပြီး ညွှန်းလေ့ ရှိပါတယ်။ ဗဟုသုတ အနေနဲ့ ရင်ဘတ်အောင့် သက်သာစေတဲ့ ဆေးများက – calcium channel blocker ( verapamil diltiazem ) -beta blocker ( metoprolol bisoprolol carvedilol) -nitrates ( short and long acting) -nicorandil -rinolazine -ivabradine – trimetazidine အစရှိသည်တို့ ရှိပါတယ်။ တမျိုးတည်းဖြစ်ဖြစ် တဆင့်ချင်း တိုး ၊ပေါင်းပြီး သုံးကြတာရှိပါတယ်။
အခုနောက်ပိုင်း ဆေးသုတေသနတွေ့ရှိချက်တွေ့အရ ဘယ်ဆေးမှ သာသည် ပိုကောင်းသည် မရှိပဲ လူနာရဲ့ အခြေအနေ ပေါ်မူတည်ပြီး ညွှန်ပေး သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ နှလုံး သွေးကြောပိတ်ထားဖူးရင်တော့ beta blocker ဆေးကို ၁ နှစ် အနည်းဆုံး သောက်သင့်တယ် ဆိုပါတယ်။ ဆေးတွေ ပေးပြီး ၂ ပတ်မှ ၄ ပတ် စောင့်ကြည့်မယ်။ ဆေး အတိုးအလျော့ လုပ်မယ်။ အဲ့ဒါမှ မသက်သာရင် သွေးကြောချဲ့ ကုသသင့်တယ် ဆိုပါတယ်။
ဘာတွေ ကိုယ်တိုင်ကရော ထိန်းသိမ်းဆောင်ရွက်ဖို့ လို မလဲ
နှလုံးသွေးကြောကျဉ်း ရှိရင် ဆေးလိပ်ဖြတ်ဖို့၊ လတ်ဆတ်တဲ့ အသီးအရွက် အသီးအနှံစားဖို့ အဆီလျော့စားဖို့ အရက် လျော့သောက်ဖို့ လိုအပ်ပါတယ်။ မိနစ် ၃၀ က ၆၀ ထိ လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ်အလေးချိန် မတက်အောင် ထိန်းဖို့ အရေးကြီးပါတယ်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ကိုဗစ်ကာလမှာ နှလုံးသွေးကြောပိတ် အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။
Credit:-ဒေါက်တာ သက်ဟိန်း ( နှလုံး အထူးကု)
