တရားထိုင်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာကိုပါ အကျိုးပြုနိုင်သောကြောင့် ယခုအခါ ကမ္ဘာတဝှမ်း တွင်ကျယ်စွာ ကျင့်သုံးနေကြပါသည်။

ဤ နေရာတွင် တရားထိုင်ခြင်း(Meditation) ဆိုသည်မှာ ဘာသာ ရေးအတွက်မဟုတ်ပဲ ကျန်းမာ ရေးအတွက်သာ ဖြစ်ပါသည်။ အခြားစဥ်းစား တွေး ခေါ်ခြင်းများမပြုပဲ ခန္ဓာကိုယ်ကိုပစ္စုပ္ပါန်တည့်တည့်ရှုမှတ်ခြင်း အဓိကအားဖြင့် အသက်ရှုခြင်းကို ရှုမှတ်ခြင်းဖြစ်သည်။

နေ့စဉ်တရားထိုင်ခြင်းဖြင့် မှတ်ဉာဏ်တိုးစေရုံသာမက ဦးနှောက်၏ စူးစိုက်လေ့လာမှုအား ပိုကောင်းစေနိုင်သည်။ တရားထိုင်ခြင်းသည် စိတ်ဖိစီးမှုကို ကျစေရုံသာမက၊ အယ်လ်ဇိုင်းမားရောဂါ ပိုဆိုးလာခြင်းကိုလည်း လျော့ချပေးနိုင်သည်ဟုဆိုသည်။

လေ့လာချက်များအရ (၃)လ ဆက်တိုက်နေ့စဉ်တရားထိုင်ခြင်းဖြင့် သွေးပေါင်ချိန် အထိုက်အ လျောက် ထိန်းပေးနိုင်ကြောင်းလည်း တွေ့ရသည်။ တရားထိုင်သူများတွင် နာကျင်ကိုက်ခဲမှုဝေဒနာ လျော့ပါးသက်သာလာ စေနိုင်သည်ကိုလည်း တွေ့ရသည်။ ညဘက်လည်း နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည်။ ခန္ဓာကိုယ်ကြွက်သားများကိုလည်း ဖြေလျော့စေနိုင်သည်။

၂၀၁၂ နိုဝင်ဘာလတွင် ထုတ်ဝေသော အမေရိကန် နှလုံးရောဂါဆရာဝန်များအဖွဲ Circulation ဂျာနယ်တွင် တွေ့ရှိချက်များအရ (၅)နှစ်ကြာနေ့စဉ်တရားထိုင်သူများတွင် လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်းများ လျော့ကျစေကြောင်း တွေ့ရသည်။

တရားထိုင်ခြင်းဖြင့် ခရိုမိုဆုန်းအစွန်းဘက်များတွင်ရှိပြီး အသက်ရှည်နုပျိုခြင်းနှင့် သက်ဆိုင်သော တယ်လိုမီယာ(Telomere)ကို ရှည်စေကြောင်းတွေ့ရသည်။ (အသက်ကြီးလာသည်နှင့်အမျှ DNA အဆုံးပိုင်းရှိ Telomere တိုလာ လေ့ရှိသည်။)

အမေရိကန်စိတ်ရောဂါပညာရှင်များအဖွဲမှ တွေ့ရှိချက်များအရ တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုနှင့် စိတ်ပူပန်ခြင်းကို လျော့ချစေနိုင်ပြီး၊ မျှဝေခံစား ကိုယ်ချင်းစာသောစိတ်များ ဖြစ်ပေါ်စေသည် ဟုဆိုသည်။

စာသင်ခန်းများတွင် အချိန်သတ်မှတ်၍ တရားထိုင်စေခြင်းဖြင့် အာရုံစူးစိုက်မှု အချိန်ရှည်လာစေကြောင်းတွေ့ရသည်။ တရားထိုင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာကောင်းမွန်စေနိုင်ကြောင်းလည်း တွေ့ရသည်။

တဆက်ထဲ မည်မျှကြာကြာ ထိုင်သည်ဆိုခြင်းထက်၊ နေ့စဥ်မှန်မှန်ထိုင်ခြင်းက ပိုအကျိုးရှိ စေသည်ဟုဆိုသည်။

အချုပ်ဆိုရလျှင် နေ့စဉ်ဆက်တိုက် မပျက်မကွက် တရားထိုင်ခြင်းဖြင့် စိတ်တည်ငြိမ် အေးချမ်းစေနိုင်ရုံသာမက၊ ကျန်းမာရေးကောင်းကျိုးများရစေပြီး ကုန်ကျမှုလည်း မရှိသောကြောင့် မိသားစုလိုက်အချိန်ပေး၍ ကျင့်သုံးသင့် ကြောင်း တင်ပြလိုက်ပါသည်။