နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
၁။ အားတိုင်း နားမကလော်ပါနဲ့
နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။
နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။
၂။ နားစည်ထဲ ဘာမှ မထည့်ပါနဲ့
နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်စီးစေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကို ပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ နားစည် အရေပြားခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။
၃။ နားအတွင်းထဲ မဆေးကြောပါနဲ့
နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်။ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်းပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။
၄။ နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့
လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့မလွယ်ပါဘူး။ အင်းဆက်ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။
၅။ နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေခြင်း
နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။
Credit:- Dr Aung Soe Win
