စာရေးသူတို့ရဲ့ဘေးပတ်ဝန်းကျင်မှာ မတူညီတဲ့တောတောင်ရေမြေ သဘာဝအလှအပများစွာရှိပါတယ်။ ခရီးသွားဝါသနာပါသူအများစုကတော့ သစ်တော၊ တောင်တောင်၊ သဲကန္တာရနဲ့ လွင်ပြင်တွေကို သွားရောက်လည်ပတ်ပြီး အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဒါပေမဲ့ မြေအောက်လိုမျိုး ကမ္ဘာမြေကြီးရဲ့ အနက်ပိုင်းမှာရှိနေတဲ့ နေရာမျိုးကို သွားရောက်ပြီး ဘယ်လိုအချိန်ကုန်ဆုံးနိုင်မလဲ ဆိုတာကိုရောသိပါရဲ့လား?????
ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်စက်တိုင်တွေရဲ့ လှပမှုတွေကို ကြည့်ရှုလိုသူတွေအနေနဲ့ အလင်းရောင်မရှိတဲ့ ထူးဆန်းတဲ့ နေရာတွေ ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာကိုရော သင်သိပါသလား???
တစ်ချို့သောလှိုဏ်ဂူတွေဆိုရင်ပိတ်ပိတ်ပိန်းအောင် မှောင်မဲနေတဲ့အတွက် ဂူအတွင်းအလှအပကို ခံစားဖို့ဆိုတာထက် အမှောင်က သင့်ကို ခြောက်လှန့်ကောင်းခြောက်လှန့်နိုင်ပါလိမ့်မယ်။ ဒါဟာလည်း ရုပ်ရှင်တွေနဲ့ စာပေတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တစ်ချို့သော သည်းထိပ်ရင်ဖိုရုပ်ရှင်တွေဆိုရင် လှိုဏ်ဂူတွေထဲမှာ ဇာတ်အိမ်တည်ကြပါတယ်။ စာပေတစ်ချို့မှာဆိုရင် အခုလိုမျိုး မှောင်မဲတဲ့ လှိုဏ်ဂူထဲကို ဝင်ရောက်သွားလေလေ မကောင်းဆိုးရွားတွေ ပေါ်လာတတ်တာမျိုးလဲ ရှိကြပါတယ်။
ရှင်းရှင်းလင်းလင်းပြောရင် အခုလိုမျိုးလှိုဏ်ဂူတွေဟာ လူသားတွေရဲ့ အသိစိတ်အပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မှု ရှိနေပါတယ်။
လတ်တလောမှာလည်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်က မယ်ဆိုင်ဂူမှာ(၁၀)ရက်ကြာ ပိတ်မိခဲ့တဲ့ ထိုင်းကလေး(၁၂)ဦးနဲ့ နည်းပြ(၁)ဦးတို့ရဲ့ ဖြစ်ရပ်ဟာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။
ကဲ…ဒါဆိုရင် ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး လှိုဏ်ဂူ(၁၀)ခုအကြောင်းကို သိချင်ကြမယ်ထင်ပါတယ်။ အခုဖော်ပြမဲ့ လှိုဏ်ဂူတွေရဲ့နက်ရှိုင်းမှုကို အပြည့်အဝဖော်ထုတ် တိုင်းတာနိုင်တာမျိုး။ ပြောရရင် လှိုဏ်ဂူရဲ့ အဆုံးသတ်ကို ရှာဖွေနိုင်တာမျိုး မရှိသေးပါဘူး။
တစ်ချို့ လှိုဏ်ဂူတွေဆိုရင်ခန့်မှန်းထားတာထက်ကို ပိုပြီးတော့ နက်ရှိုင်းကောင်းနက်ရှိုင်းနိုင်ပါတယ်။
(၁) Cehi လှိုဏ်ဂူ
ဒီလှိုဏ်ဂူကတော့ ဆလိုဗေးနီးယားနိုင်ငံမှာ တည်ရှိပြီး နိုင်ငံတွင်းမှာရှိတဲ့ အနက်ရှိုင်းဆုံး လှိုဏ်ဂူလည်းဖြစ်ပြီး အမှောင်ထဲမှာ နက်ရှိင်းမှုက ပေ(၄၉၈၂)တောင်ရှိပါတယ်။ အဲဒီအလျားက ဘာနဲ့တူလဲဆိုတော့ အရပ်(၆)ပေရှိတဲ့ လူ(၈၂၂)ယောက်ကို ၁ယောက်အပေါ်၁ယောက် ထပ်စီလိုက်ရင်ရမဲ့ အရှည်နဲ့ တူညီပါတယ်။ တစ်ခုထူးခြားတာက လှိုဏ်ဂူဟာ အခုလိုမျိုး ခန့်မှန်းထားတာထက် ပိုရှည်ကောင်းရှည်နိုင်ပါတယ်။
(၂) Sima de la Cornisa လှိုဏ်ဂူ
ဒါကတော့ စပိန်နိုင်ငံမှာရှိတဲ့ Picos de Europaတောင်တန်းမှာရှိတဲ့ လှိုဏ်ဂူဖြစ်ပါတယ်။ ကမ္ဘာပေါ်က လှိုဏ်ဂူတွေထဲ ဝင်ရောက်ရှာဖွေရတာ စိတ်ဝင်စားသူတွေက အဖွဲ့တွေဖွဲ့ပြီး ဒီဂူထဲက သွားနိုင်တဲ့ နေရာအထိဆိုရင် ပေပေါင်း(၄၉၄၄)ပေရှိပါတယ်။အဲဒီအရှည်ဟာ မျက်စိတစ်ဆုံးဆိုတဲ့ စကားထက်တော့ ပိုပါတယ်။
(၃) Shakta Vjacheslav Pantjukhina လှိုဏ်ဂူ
ဒီလှိုဏ်ဂူကတော့ ဂျော်ဂျီယာနိုင်ငံ West Caucasus မှာတည်ရှိပြီး အဲဒီဒေသမှာရှိတဲ့ လှိုဏ်ဂူ(၄၀၀)လောက်ထဲက တစ်ခုဖြစ်ပါတယ်။ပေပေါင်း(၄၉၄၈)ပေ နက်ရှိုင်းပါတယ်။
(၄)Sarma လှိုဏ်ဂူ
ဒါကလည်း ဂျော်ဂျီယာနိုင်ငံမှာရှိတဲ့ လှိုဏ်ဂူတစ်ခုဖြစ်ပါတယ်။ ရှာဖွေသူတွေက အနည်းဆုံးပေပေါင်း(၅၀၆၂)ပေကို ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဂူထဲမှာရှိနေတဲ့ အလှဆုံး ဂူငယ်လေးတွေကိုလည်း ရှာဖွေဖော်ထုတ်လျှက်ရှိနေပါသေးတယ်။ မကြာခင် လှိုဏ်ဂူရဲ့ အနက်ကို ထပ်တိုးကြဦးမယ်လို့ ဆိုပါတယ်။
(၅)Torca del Cerro del Cuevonn လှိုဏ်ဂူ
ဒါကတော့ စပိန်နိုင်ငံမှ အနက်ရှိုင်းဆုံး လှိုဏ်ဂူလဲဖြစ်ပါတယ်။ ဂူရဲ့နက်ရှိုင်းမှုကို နည်းပညာပိုင်းအရ တိုင်းတာဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။ ကြမ်းတမ်းခက်ခဲတဲ့ မြေလျှိူးခရီးစဉ်ကို စိတ်ပါဝင်စားတဲ့ စွန့်စားသူတွေအတွက်ကတော့ ဒီလှိုဏ်ဂူက စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။
(၆)Illuzia-Snezhlaja Mezhonnogo လှိုဏ်ဂူ
နည်းပညာပိုင်းဆိုင်ရာ တိုင်းတာမှုကို ထပ်မံစိန်ခေါ်နေတာက ဂျော်ဂျီယာနိုင်ငံက Illuzia-Snezhlaja Mezhonnogo လှိုဏ်ဂူပဲ ဖြစ်ပါတယ်။ ဒီဂူရဲ့ စနစ်က ကြီးမားပြီး West Caucasus မှာပဲတည်ရှိပါတယ်။ အမြင်အာရုံမှောက်မှားခြင်းနဲ့ နှင်းဖုံးလွှမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ ဒီလှိုဏ်ဂူဟာ ပေပေါင်း(၅၇၅၁)ပေ နက်ရှိုင်းပါတယ်။
(၇)Vogelshacht and the Lenprechtsofen လှိုဏ်ဂူ
ဩစတြီးယားနိုင်ငံမှာရှိတဲ့ Vogenshacht နဲ့ လှိုဏ်ဂူဆက်ကြောင်း ဖြစ်ပါတယ်။ အရမ်းကိုကြီးမားလွန်းလို့ တူးဖော်လေ့လာသူတွေက ဆက်လက်ရှာဖွေ စူးစမ်းလျှက်ရှိနေပါသေးတယ်။ အနည်းဆုံးပေပေါင်း (၅၃၅၄)ပေ နက်ရှိုင်းပေမဲ့ အဲဒီထက်ပိုပြီး နက်ရှိုင်းနိုင်တယ်လို့လည်း ဆိုပါတယ်။
(၈)Gouffre Mirolda လှိုဏ်ဂူ
ကမ္ဘာပေါ်မှာရှိတဲ့ ” အနက်ရှိုင်းဆုံးလှိုဏ်ဂူ”လို့ အချိန်တော်တော်ကြာ သတ်မှတ်ခံထားရတဲ့ ဂူဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ရှိပါတယ်။ ကမ္ဘာမြေအနက် ပေ(၅၆၈၅) ရှိပါတယ်။ အနက်ဆုံးလှိုဏ်ဂူအဖြစ် သတ်မှတ်ခံထားရရုံသာမက အနက်၁ကီလိုမီတာလောက်အထိ ရှာဖွေတွေ့ရှိထားတဲ့ ပထမဆုံးဂူဖြစ်ပါတယ်။
(၉)Reseau Jean Bernard လှိုဏ်ဂူ
ဒါကတော့ ပြင်သစ်နိုင်ငံ၊ Alps တောင်တန်းတွေမှာရှိတဲ့ အခြားလှိုဏ်ဂူ တစ်ခုလဲဖြစ်ပါတယ်။ အနည်းဆုံးပေပေါင်း (၅၂၅၆)ပေ နက်ရှိုင်းပါတယ်။ ဂူထဲကိုဝင်ဖို့ ဝင်ပေါက်(၈)ခုကျော်လောက် ရှိပါတယ်။ဆက်လက်လည်း ရှာဖွေတွေ့ရှိနေဆဲလို့လည်း ဆိုပါတယ်။ (၁၉၈၀)ခုနှစ်အထိ ရှာဖွေတွေ့ရှိထားတဲ့ ကမ္ဘာ့အနက်ရှိုင်းဆုံး လှိုဏ်ဂူလည်း ဖြစ်ပါတယ်။
(၁၀)Krubera-Voronja လှိုဏ်ဂူ
အခုလှိုဏ်ဂူကတော့ ကမ္ဘာပေါ်မှာ တွေ့ရှိထားသမျှထဲမှာ အနက်ရှိုင်းဆုံးဖြစ်ပြီး ဂျော်ဂျီယာနိုင်ငံမှာ တည်ရှိပါတယ်။ ကမ္ဘာမြေအနက် ၂ကီလိုမီတာလောက် စံချိန်တင်နက်ရှိုင်းပါတယ်။ အနည်းဆုံးပေပေါင်း(၇၁၈၈)ပေနက်ရှိုင်းပါတယ်။ နောက်ထပ်ရှာဖွေတွေ့ရှိထားတဲ့အထဲမှာလည်း ဒီထက်နက်ရှိုင်းတာ တွေ့ရှိလာနိုင်တဲ့အတွက် တစ်ချိန်မှာလည်း ဒီဂူဟာ အနက်ရှိုင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ရနိုင်ဖွယ် ရှိနေပါတယ်။
