တရားထိုင်တဲ့အခါ……
၁။ အဆောင် လက်ဖွဲ့၊ အင်းအိုင် ဓာတ်လုံး၊ ပုတီးတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားထားပါ၊ လောကီပစ္စည်းတွေဟာ အစီအရင်ပါတာမို့ မမြင်နိုင်တဲ့ အစောင့်တွေက တရားကို နှောင့်ယှက်တတ်လို့ပါ။

၂။ တတ်နိုင်သမျှ ဘုရားစာရွတ်တာ၊ စကားပြောတာ၊ စာဖတ်တာကို လျှော့ပါ၊ အသံလှိုင်းတွေ အတွေးလှိုင်းတွေက
စိတ်ငြိမ်သက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

၃။ ဘုရားစာရွတ်မယ်ဆိုလည်း တရားထိုင်ပြီးမှ ရွတ်ဖတ်ကြပါ

၄။ စိတ်ပိုငြိမ်ချင်ရင် ဘုရားစာရွတ်တာ စာဖတ်တာကို လုံးဝ ဖြတ်ထားပါ ဝစီပိတ်ပြီး လိုအပ်ချိန်မှာ လိုတိုရှင်း ပြောပါ၊ တတ်နိုင်ရင် ဥပုသ်စောင့်ပါ။

၅။ သတ်သက်လွတ်စားပါ။ အသားစားရင် တိရစ္ဆာန်တွေရဲ့ လောဘ ဒေါသ မောဟလှိုင်းတွေကို သွင်းလိုက်သလိုဖြစ်ပြီး စိတ်မတည်ငြိမ်တာ၊ ဒေါသများတာဖြစ်စေပါတယ်၊ သတ်သက်လွတ်စားရင် ကိုယ်ရောစိတ်ပါ ပေါ့ပါးသလို
ညောင်းညာကိုက်ခဲတာလည်း နည်းပါးပါတယ်။ တရားထိုင်လို့ ပိုကောင်းသလို မေတ္တာပွားလို့လည်း ပိုကောင်းပါတယ်။

၆။ တစ်နေ့အနည်းဆုံး ၅မိနစ်က ၁၅မိနစ်ထိ စပြီး လေ့ကျင့်နိုင်ပါတယ် သန့်ရှင်းတိတ်ဆိတ်တဲ့နေရာမှာ တရားထိုင်ပါ ဘုရားစင်ရှေ့မှာ ထိုင်နိုင်သလို တခြား အဆင်ပြေရာ ထိုင်နိုင်ပါတယ် အိပ်ရာပေါ်ထိုင်လည်း ရပါတယ်။

၇။ နေ့စဉ်တရားထိုင်ရင်း စိတ်ငြိမ်လာရင် တရားထိုင်ချိန်ကို တဖြည်းဖြည်း တိုးထိုင်ပါ။ မနက်၁ခါ ည၁ခါ နေ့တိုင်းထိုင်ဖို့ အရေးကြီးဆုံးပါပဲ။ အဆင်ပြေချိန် ထိုင်နိုင်ပါတယ်။

တရားစခန်းတွေဝင်ပြီး နေ့စဉ် တရားမထိုင်ရင် တိုးတက်ပြောင်းလဲမှု မရှိပါဘူး ကျန်တဲ့အချိန်များမှာ မျက်စိဖွင့်ရင်း အာနာပါန ရှူနိုင်ပါတယ်။ သတိပဌာန်ရှူချင်လည်း ရှူနိုင်ပါတယ်။ ညအိပ်တဲ့အခါ အာနာပါနရှူရင်း အိပ်ပါ၊
အာနာပါန အမြဲရှူရင် စိတ်ငြိမ်ပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။ အိမ်မက်ဆိုး ကင်းစင်စေပါတယ်။မနက်၁နာရီ ည၁နာရီ တစ်နေ့ ၂နာရီ တရားထိုင်ရင် ၂ပတ်အတွင်း ထူးခြားပြောင်းလဲပါတယ် တိုးတက်ပါတယ်။ စိတ်ကြည်လင်လာမယ်၊ ပျော်ရွှင်လာမယ်၊ စိတ်တည်ငြိမ်ပြီး စိတ်ဖိစီးမှု နည်းလာမယ်၊ ဒေါသနည်းလာမယ်၊ မိမိစိတ်ကို ထိန်းနိုင်လာမယ်။ လအနည်းငယ်အတွင်းမှာ သောကအပူ၊ စိတ်ဖိစီးမှုတွေ ကင်းစင် ပပျောက်သွားပါလိမ့်မယ်။
စိတ်ကြည်လင်ရွှင်လန်းပြီး တည်ငြိမ် အေးချမ်းလာပါလိမ့်မယ်။

တရားထိုင်တဲ့အခါ…..
တတ်နိုင်သမျှ မပြင်ဘဲထိုင်ပါ၊ ထုံတာကျဉ်တာ နာတာရှိလို့ ပြင်ချင်တယ်ဆိုရင် စိတ်ကို အသက်ရှူတဲ့နေရာမှာပဲ စူးစိုက်ထားပြီး ဖြေးဖြေးလေး ပြင်ပါ မြန်မြန်ကြီး ပြင်လိုက်ရင် သမာဓိပျက်တတ်လို့ပါ။ တရားထိုင်ရင်း အခက်အခဲရှိတဲ့အခါ အိပ်ချင်တာ၊ စိတ်ပျံ့လွင့်တာ၊ နာကျင်တာ…. စတဲ့ အခက်အခဲရှိချိန်မှာ ခဏလောက် အသက်ကို ပြင်းပြင်းလေးရှူပေးပါ၊ ပြီးရင် ပုံမှန်အတိုင်း ပြန်ရှူပေးပါ။

မေတ္တာဘာဝနာ ပွားတဲ့အခါ….. 
ကိုယ်နဲ့စိတ်ကို အရင်စစ်ဆေးပါ၊ ခန္ဓာကိုယ် ဝေဒနာခံစားနေရရင် ခဏ သက်တောင့်သက်သာနားပြီး စိတ်ချမ်းသာအောင်နေပြီးမှ မေတ္တာပွားပါ၊ စိတ်ထဲကပဲ ပွားရမှာပါ ကိုယ်ရောစိတ်ပါ ချမ်းသာနေမှ မေတ္တာလှိုင်းကောင်းကောင်း ထွက်မှာမို့ပါ။ တရားထိုင် မေတ္တာဘာဝနာပွားပြီးတိုင်း အမျှဝေပါ၊ စိတ်ထဲကပဲ ဝေပါ “ကျွန်ုပ်၏ ကုသိုလ်ကောင်းမှုအစုစုကို သတ္တဝါအားလုံးအား ပေးဝေငှပါ၏” လို့ အတိုချုံး အမျှပေးဝေလို့လည်း ရပါတယ်။

အထက်က အချက်တွေဟာ…..
လူကြီးတရားပတ်၊ ကလေးတရားပတ်တွေမှာ ဓမ္မအကျိုးဆောင်ခဲ့ တရားအားထုတ်ခဲ့တဲ့ အတွေ့အကြုံတွေ နေ့စဉ်အိမ်မှာ တရားထိုင်တဲ့ အတွေ့အကြုံတွေကို စုစည်း မျှဝေပေးထားတာ ဖြစ်ပါတယ်။

နေ့စဉ် တစ်နေ့ ၂နာရီတရားထိုင်မယ်ဆိုရင် တစ်နှစ်ကို ၃၆၅ရက်မှာ နာရီပေါင်း ၇၃၀၊ တစ်နေ့ ၁၁နာရီ တရားထိုင်ရတဲ့ ၁၀ရက် တရားစခန်းအပတ်ပေါင်း ၇ကြိမ်ခန့်နဲ့ ညီမျှပါတယ်။