ထုတ်လုပ်ခဲ့သမျှ   ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်း ဆိုတဲ့စကားက Apple က နှစ်စဉ်ကျင်းပတဲ့ ပွဲတိုင်းမှာ ကြားဖူးနေ ကျစကားဖြစ်မယ်ထင်ပါတယ်။ ဒီနှစ်မှာ ထုတ်လုပ် လိုက်တဲ့ ဖုန်းတွေက အားလုံးလည်းသိပြီးဖြစ်မယ် ထင်ပါတယ်။ iPhone 15 Series ဖြစ်ပါတယ်။  အဲဒီထဲမှာ iPhone 15၊ iPhone 15 Plus၊ iPhone 15 Pro နဲ့  iPhone 15 Pro Max တို့ပါဝင်ပါတယ်။

iPhone 15 က အခြေခံအဆင့်ဖြစ်ပြီး iPhone 15 Pro Max ကတော့ အမြင့်ဆုံးအဆင့် ဖြစ်သည်။   ဒီကနေ့မှာတော့ iPhone 15 Pro Max အကြောင်းကို သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ အရင်ဦးဆုံး အရောင်ပိုင်းကိုပြောရမယ်ဆိုရင် အရောင်က လေးမျိုးနဲ့ထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။ အဲဒါတွေကတော့ သဘာဝတိုက်တေနီယံအရောင်၊ တိုက်တေနီယံအဖြူရောင်၊ တိုက်တေနီယံအမည်းရောင်နဲ့ တိုက်တေနီယံ အပြာရောင်တို့ ဖြစ်ပါတယ်။

iPhone 15 Pro Series မှာ အကြီးမားဆုံးအပြောင်းအလဲက ဘော်ဒီပိုင်းဖြစ်ပါတယ်၊ ဘော်ဒီပိုင်းကို     တိုက်တေနီယံသတ္တုနဲ့ ပြုလုပ်ပေးထားပါတယ်။ တိုက်တေနီယံဖြစ်တဲ့အတွက် အရင်ကထက်စာရင် တော်တော်လေးတော့ပေါ့ပါးသွားပါတယ်။ ပိုပြီးတော့လည်း အကြမ်းခံနိုင် လာတယ်။ သူ့တိုက်တေနီယံက    အာကာသလေကြောင်းအဆင့်သုံး တိုက်တေနီယံမျိုးဖြစ် ပါတယ်။ ဒါကြောင့် တိုက်စားမှုဒဏ်ကိုလည်း ခံနိုင်စွမ်းရှိလာပါတယ်။

ဘေးပေါင်တွေကိုတော့  အရင်တုန်းလိုမျိုး ပြောင်လက်နေတဲ့ပုံစံမျိုးမဟုတ်ဘဲ ခြောက်သွေ့ အကြမ်းခံတဲ့ ပုံစံမျိုးနဲ့ ဖန်တီးပေးထားပါတယ်။ သူ့ကိုကိုင်ရတဲ့အရသာက အရင်ကနဲ့မတူဘဲ လက်ထဲမှာ  ပိုင်ပိုင်နိုင်နိုင်ရှိပြီးတော့ ဘေးပေါင်တွေက ပြောင်လက်နေတဲ့ ပုံစံမျိုးမဟုတ်တဲ့အတွက် လက်ထဲကနေချော်ကျသွားမှာကို  သိပ်မစိုးရိမ်ရတော့ဘူး။ အရွယ်အစားကလည်း ၆ ဒသမ ၇ လက်မရှိတဲ့အတွက် ခန့်ခန့်ထည်ထည်တော့ရှိလာပါတယ်။ ဖုန်ဝင်ခံနိုင်မှုနဲ့ ရေအစိုခံနိုင်မှု ပမာဏကလည်း IP68  အထိ ရှိပါတယ်။ ဒါကြောင့်  ရေအနက် ၆ မီတာ (၁၈ ပေ)မှာ မိနစ် ၃၀ ကြာ   အထားခံနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုက အားသွင်းပေါက်ဖြစ်ပါတယ်။ အရင်တုန်းက iPhone ဆိုတာနဲ့ အားသွင်းပေါက်က Lightning  အမျိုးအစားကို   အသုံးပြုထားတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့လည်းသိရပါတယ်။ အခုတော့ ဥရောပကော်မရှင်ရဲ့ ကန့်ကွက် ချက်ကြောင့်Type-C အားသွင်းပေါက်ကို အသုံးပြုလာပါတယ်။ ဒါကြောင့် သီးသန့်ဆန်တဲ့ ခံစားချက်ကိုတော့ မရနိုင်တော့ပါဘူး။ အရင်တုန်းက iPhone ရဲ့ဘယ်ဘက်အပေါ်ခြမ်းမှာ ဖုန်းအသံပိတ်/ဖွင့်ခလုတ်ပါပါတယ်။ အခုတော့ အဲဒီခလုတ်မပါလာတော့ပါဘူး။ ဒါပေမဲ့ သူ့နေရာ မှာ Action Key က ဝင်ရောက်နေရာယူလာပါတယ်။

Action Key ရဲ့ လုပ်ဆောင်ချက်က အရင်ခလုတ်ထက် လုပ်ဆောင်နိုင်စွမ်း ပိုများ လာပါတယ်။    တစ်နည်းဆိုရရင် လုပ်ဆောင်ချက်တော်တော်များများအတွက် Shortcut  ဖြစ်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 4441 mAh ပမာဏရှိတဲ့ ဘက်ထရီကို ထည့်ထားပေးပြီးတော့။ ဒီပမာဏက အရင်မော်ဒယ်မှာပါတဲ့ ဘက်ထရီထက် ၂ ဒသမ ၃ ရာခိုင်နှုန်းသာပိုများလာတာကို တွေ့ရပါတယ်။ ဒီလိုဆိုတော့ ဘက်ထရီပိုင်းမှာ သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ ပြောရမှာပါ။ စမ်းသပ်မှုတွေအရ   ဘာမှအသုံးမပြုဘဲ ဖုန်းဖွင့်ထားရုံပဲဆိုရင် ၁၁၈ နာရီခံတယ်လို့ ‌ဖော်ပြထားပါတယ်။ ဖုန်းပြောရင်တော့ ၂၅ နာရီ။ အင်တာနက်အသုံးပြုရင် ၂၄ နာရီနဲ့ ဗီဒီယိုကြည့်ရင် ၂၄ နာရီခံမယ်လို့ ဖော်ပြထားပါတယ်။

အမြန်အားသွင်းစနစ်ကတော့ သိပ်အားရစရာမကောင်းသည်ကိုတွေ့ရပါတယ်။ တခြား ဖုန်းတွေက ၁၅ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်းကျော်ရနေချိန်မှာ Phone 15 Pro Max ကတော့ ၂၃ ရာခိုင်နှုန်းသာ ရပါတယ်။

အတွင်းပိုင်းကိုတစ်ချက်ကြည့်ရင် ဖုန်းတစ်လုံးရဲ့  အဓိကမောင်းနှင်အားဖြစ်တဲ့ Chipset အတွက် Apple A-17 Pro (3 nm) ကိုအသုံးပြုထားပါတယ်။ Memory တွေအနေနဲ့ ဖုန်းအားလုံးကို RAM 8 GB ထည့်ပေးထားပြီး  ROM ကတော့ 256 GB မှ 1 TB အထိ   ရွေးချယ်နိုင်ပါတယ်။ ဒီဘက်ခေတ်ဖုန်းတစ်လုံးမှာ မရှိမဖြစ် အရေးကြီးလာတဲ့ ကင်မရာကိုဆက်ပြောပါမယ်။ ကင်မရာမှာ နောက်ဘက်ကင်မရာက စုစုပေါင်းသုံးလုံးပါပါတယ်။ သူ့မှာပါတဲ့   ကင်မရာတွေရဲ့ အချက်အလက်တွေကတော့    Wide (main) ကင်မရာက 48 MP Telephoto အတွက် ကင်မရာက 12 MP နဲ့ Ultrawide angle အတွက်က  12 MP ပါရှိပါတယ်။ ရှေ့ဘက်ကင်မရာမှာ ဆိုရင်လည်း 12 MP ရှိတဲ့ကင်မရာကို အသုံးပြုပေးထားပါတယ်။

အဲဒီကင်မရာတွေက သာမန်ကြည့်ရင် ရိုးရိုးဟု ထင်ကောင်းထင်ရပေမဲ့ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုများကိုပင် ရိုက်ကူးနိုင်ရုံသာမက  ရုပ်ရှင်အတွက် ရိုက်ကူးမှုပုံစံနဲ့ 3D ဗီဒီယိုများကို ရိုက်ကူးမှုများအထိ စွမ်းဆောင်နိုင်ပါတယ်။ ဆက်သွယ်မှုပိုင်းအနေနဲ့ကတော့ အခုနောက်ဆုံးပေါ်   5G ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနိုင်တဲ့အပြင် eSIM၊ Dual SIM၊ Wi-Fi 6e၊ BT 5.3 နဲ့ NFC တို့ကိုပါ ထည့်သွင်းပေးထားပါတယ်။ တခြားပါဝင်တဲ့ အထွေထွေလုပ်ဆောင်ချက်တချို့ကတော့ Face ID၊ accelero-meter၊ gyro၊ proximity၊ compass၊ barometer၊ stereo speakers၊ Ultra-Wideband 2 (UWB) support၊ Emergency SOS via satellite (SMS sending/receiving) တို့ဖြစ်ပါတယ်။

ဈေးနှုန်းမှာဆိုရင် 256 GB က အမေရိကန်ဒေါ်လာ ၁၁၉၉ ဒသမ ၉၉ ဒေါ်လာဖြစ်ပြီး 512 GB က ၁၃၉၉ ဒသမ ၉၉ ဒေါ်လာဖြစ်ပါတယ်။  1 TB ပမာဏရှိတဲ့ဖုန်းကတော့ ၁၅၉၉ ဒေါ်လာဖြစ်ပါတယ်။ iPhone နဲ့   တခြားဖုန်းတွေကြားမှာ ဘာတွေကွာဟနေလို့     iPhone ကို သဲသဲလှုပ်ဖြစ်နေကြတာလဲဆိုရင် ဒီလို ဥပမာလေးတစ်ခုနဲ့ပေးချင်ပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ပြီး ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်ရှိနေတဲ့    ကျန်းမာသန်စွမ်းမှုမျိုးနဲ့ အသက် ၅၀ အရွယ် လူတစ်ယောက်နဲ့ သာမန်သာနေထိုင်ရှင်သန်နေတဲ့ တန်းတူအရွယ်လူတစ်ယောက်တို့ကြားက ကွာဟမှုလိုမျိုးဖြစ်သည်ဟု ဆိုရမှာပါ။

ဒါကြောင့် အခုနောက်ဆုံးထွက်ထားတဲ့ iPhone 15 Pro Max က ဝယ်ကိုင်သင့်တဲ့ဖုန်းတစ်လုံးလားဆိုတော့ ကိုယ်ကိုင်နေတဲ့ iPhone က သိပ်မဟောင်းသေးဘူး ဆိုရင်တော့ မဝယ်သင့်သေးပါဘူး။ ဒီလိုမှမဟုတ်ဘဲ ဂုဏ်ပုဒ်တစ်ခုအတွက် ဒါမှမဟုတ် ငွေကြေး ချမ်းသာကြွယ်ဝသူတွေအတွက် ဆိုရင်တော့ ပြောစရာစကားမရှိပါဘူး။ Memory 1 TB ရှိတဲ့ ဖုန်းကိုဝယ်ပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ   စိတ်ကြိုက်သာ ရိုက်ပစ်လိုက်ပါလို့သာ ပြောချင်ပါတယ်။