ဆောင်းတွင်းအေးအေးမှာ အနွေးထည်ထူထူကြီးဝတ်ပြီး မီးပုံပွဲအရှေ့ထိုင်ရင်း သူငယ်ချင်းတွေနဲ့အတူ Camping ထွက်ချင်တယ်ဆိုရင် အခုပြောပြပေးမယ့်နေရာလေးတွေ သွားကြည့်ပါ။ မြိုပြရဲ့ မွန်းကြပ်မှုတွေ၊ တစ်ပတ်တာညစ်နွမ်းခဲ့သမျှတွေကို ပလစ်ခဲ့ပြီး တောတောင်ရေမြေသဘာ၀ကို အပြည့်အ၀ခံစားနိုင်မယ့် အကောင်းဆုံး Campsite (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန်မြို့နဲ့ မနီးမဝေးနေရာမှာ ရှိတဲ့အတွက် ခရီးထွက်ဖို့ အချိန်အများကြီး မပေးချင်တဲ့သူတွေ၊ ခရီးတိုထွက်ချင်သူတွေအတွက် အဆင်ပြေမှာပါ။

၁။ Tha Bar Wa Camp Ground

ရန်ကုန်နဲ့ သိပ်မဝေးတဲ့ ဖောင်ကြီးလမ်း၊ တိုက်ကြီးမှာ ရှိတဲ့ Campsite တစ်ခု ဖြစ်ပါတယ်။ Tha Bar Wa Camp Ground မှာ ဘာတွေ လုပ်လို့ရလဲဆိုတော့ တောအုပ်ကလေးထဲ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အစားအသောက်တွေ ကိုယ်တိုင်ချက်ပြုတ်တာ၊ ဂိမ်းတွေဆော့တာ၊ ဂီတာတီးပြီး သီချင်းဆိုတာ စတဲ့ Activities တွေ လုပ်လို့ရပါတယ်။

၂။ Mother’s Village Campground

သစ်ပင်အကြီးကြီးတွေ အုပ်မှိုင်းနေတဲ့ ဒီ Campsite က စိမ်းလန်းစိုပြေနေပြီး လည်ပတ်လို့ ကောင်းတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ်။ Camp မှာ စက်ဘီးစီးမလား? ဘောလုံးကန်မလား? ကြက်တောင်ရိုက်ကြမလား? နေဝင်ချိန်အလှလေး ခံစားရင်း ဂစ်တာတီးပြီး သီချင်းဆိုမလား? ညဘက်ဆို ကြယ်လေးတွေကြည့်မလား? ကြိုက်တာလုပ်နိုင်ပါတယ်။

၃။ Secret Capes

Secret Capes ကို လူကြိုက်များစေတဲ့ အကြီးမားဆုံး ဆွဲဆောင်မှုကတော့ ပဲခူးမြစ်ပဲ ဖြစ်ပါတယ်။ ပဲခူးမြစ်တလျှောက် စက်လှေစီးရင်း ကျေးလက်သဘာဝကို ခံစားလို့ရပါတယ်။ အနားက တောလမ်းလေးမှာ Trekking လျှောက်လို့လည်း ရပါတယ်။

၄။ Hmawbi Camping

Hmawbi Camping က သဘာဝကို ချစ်မြတ်နိုးသူတွေအတွက် ခရီးတိုထွက်လို့ ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။ စမ်းချောင်းအနားလေးမှာရှိလို့ ငါးမျှားလို့ ရပါတယ်။ Trekking၊ လှေစီး၊ ငါးမျှား၊ စက်ဘီးစီးတာနဲ့ ရေကန်ပတ်လည်မှာ လမ်းလျှောက်ထွက်တာမျိုး စတဲ့ Activities တွေ လုပ်လို့ရပါတယ်။

၅။ ကရင်လယ်တော နိုဖထော

ကရင်လယ်တော နိုဖထောမှာတော့ ကရင်ရိုးရာယဉ်ကျေးမှုကို အများဆုံးခံစားရမှာ ဖြစ်ပြီး ရန်ကုန်ကနေ တစ်နာရီခွဲလောက် မောင်းနှင်ရမှာဖြစ်ပါတယ်။ ဒီ Campsite က လှည်းကူးမြို့အနီးက နိုဖာထောကျေးရွာမှာ တည်ရှိပြီး ကရင်လူမျိုးတွေရဲ့ စိုက်ပျိုးရေးနှင့် ဓလေ့ထုံးတမ်းတွေကို သေချာလေ့လာနိုင်ပါတယ်။

၆။ Nature Land Camping

Nature Land Camping က အမြန်လမ်း (၂၃) မိုင်၊ ပဲခူးရိုးမ အနီးမှာ တည်ရှိပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ဝါးဖောင်စီးတာ၊ Kayaking လှော်တာ၊ Zip Line စီးတာ၊ မြှားပစ်လေ့ကျင့်တာ၊ သဘာ၀ရေကန်မှာ ရေကူးတာ စတဲ့ Activities တွေ လုပ်လို့ရပါတယ်။