(၁) ကိုယ်ဝန်ဆောင်ဘဝမှာ သင့်တင့်မျှတသောအာဟာရကိုစားသုံးပါ။ မိခင်ထိုးသင့်သော ကာကွယ်ဆေးများ ထိုးနှံပါ။ မိခင်ရဲ့အချင်းကနေတစ်ဆင့် မွေးကင်းစကလေးအတွက်လိုအပ်တဲ့ကိုယ်ခံစွမ်းအားများရောက်ရှိနိုင်ပါတယ်။
(၂) မိခင်နို့တစ်မျိုးတည်းကို ခြောက်လအထိတိုက်ကျွေးပါ။ မိခင်ကိုယ်တိုင်လည်း သင့်တင့်မျှတသောအာဟာရကိုစားသုံးပါ။မိခင်နို့ရည်က တစ်ဆင့်လည်းအဖိုးတန်တဲ့ကိုယ်ခံစွမ်းအားများရရှိပါတယ်။
(၃) ကာကွယ်ဆေးများပုံမှန်ထိုးနှံပါ။ မွေးကင်းစမှစ၍ပုံမှန် ကာကွယ်ဆေးများကိုထိုးနှံသင့်ပါတယ်။ တုတ်ကွေးကာကွယ်ဆေးကိုလည်းနှစ်စဉ်ထိုးသင့်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါနဲ့ နာတာရှည်ရောဂါရှိနေတဲ့ကလေးတွေ တုပ်ကွေးကာကွယ်ဆေးထိုးနှံသင့်ပါတယ်။
(၄) အိပ်ရေးဝဝအိပ်ပါ။
ကိုယ်ခံအားကောင်းဖို့အတွက်ကလေးတွေဟာသူ့အသက်အရွယ်အလိုက်အိပ်သင့်တဲ့အချိန်အတိုင်းအိပ်ဖို့လိုပါတယ်။
အသက် ၅ နှစ်အောက် ကလေးများအတွက် အနည်းဆုံး ၁၀ နာရီနဲ့ ၅နှစ်အထက် ကလေးများအတွက် ၉နာရီခန့် အိပ်ချိန်ရှိသင့်ပါတယ်။
(၅) သင့်တင့်မျှတတဲ့အာဟာရကိုမှီဝဲပါ။
ကိုယ်ခံစွမ်းအားကောင်းဖို့အတွက်အာဟာရကနေရရှိတဲ့ ဗီတာမင်တွေဟာလည်းအရေးကြီးပါတယ်။ မျှတပြီး အာဟာရပြည့်ဝတဲ့အသားငါး၊ အသီးအနှံ၊ အစေ့အဆံ စသည်တို့ကိုစားသုံးသင့်သလို အစားအသောက်ဟာသန့်ရှင်းလတ်ဆတ်ရပါမယ်။ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ မဖြစ်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အာဟာရ မပြည့်စုံရင်တော့/ ကလေးက မစားရင်တော့ ပုံမှန်လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ ပုံမှန် ကလေးအားဆေးများ တိုက်ကျွေးပါ။ ငယ်လျှင် အရည် ၊ ကြီးလျှင်အခဲ ကြိုက်တာ တစ်မျိုးတိုက်ပါ။ ဆေးပုလင်းတွေမှာ အညွှန်းပါပါတယ်။
(၆) လက်ဆေးပါ။
နှာစေးချောင်းဆိုးပြီး၊အိမ်သာတက်ပြီး၊အပြင်ကပြန်လာပြီး စတဲ့အချိန်တွေမှာ စနစ်တကျလက်ဆေးတက်ရန်သင်ပေးပါ။
(၇) မလိုအပ်တဲ့ စိုးရိမ်သောက၊ ပင်ပန်းမှုတွေကိုလျှော့ချပေးပါ။
(၈) ပုံမှန်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။
(၉)ရောဂါပိုးတွေအလွယ်တကူ ဝင်ရောက်နိုင်တဲ့ အခြေအနေများ (ဥပမာ – လူထူထပ်တဲ့နေရာ၊ မသန့်တဲ့အစားအသောက်) ကို ရှောင်ကြဉ်ပါ။
မိဘများအနေနဲ့ ဒီနည်းလမ်းတွေကို စောစောစီးစီးထဲက စနစ်တကျ ပုံမှန် လိုက်နာကျင့်သုံးမယ်ဆိုရင်ကလေးတစ်ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့ကိုယ်ခံစွမ်းအားရှိနေမှာပါ။
