Self-sabotage လုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုဖျက်ဆီးတဲ့အလေ့ကျင့်တစ်ခုပါ။ ဘယ်သူကမှ ကိုယ့်ကိုယ်ကို အကျင့်လုပ်ပြီးဖျက်ဆီးတာမျိူးမရှိပေမယ့် တော်တော်များများက ကိုယ်တိုင်သိရက်ရော၊ မသိဘဲနဲ့ရော တဖြည်းဖြည်းပျက်စီးအောင်လုပ်မိနေတတ်ပါတယ်။
ဘယ်လိုအလေ့ကျင့်က ကိုယ့်ကိုပျက်စီးစေတာလဲ
အချိန်ဆွဲတဲ့အကျင့်
ဆင်ခြေပေးတတ်တဲ့အကျင့်
ကြောက်စိတ်
အဆိုးတွေးတတ်တဲ့အကျင့်
people pleaser (လူတွေအကြိုက်လိုက်လုပ်တဲ့အကျင့်)
comfort zone မှာပျော်နေတဲ့အကျင့်စတာတွေက ကိုယ့်ကိုယ်ကိုဖျက်ဆီးနေတဲ့အကျင့်ပါပဲ။
ဒါတွေကလူတိုင်းမှာတူညီတဲ့ ဖြစ်စဉ်တစ်ခုလိုတောင်ဖြစ်နေပါတယ်။ အများအားဖြင့်နှစ်စတွေမှာ ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့အစီစဉ်တွေချပြီး အားတတ်သရောပြင်ဆင်တယ်။ အချိန်နည်းနည်းယူပြီးဖြစ်ချင်တာတွေဖြစ်မလာရင် လက်လျှော့ချင်တဲ့စိတ်၊ ဖြစ်နိုင်ပါ့မလားဆိုတဲ့ကြောက်စိတ်၊ ထပ်ထပ်ပြီးဆင်ခြေပေးတဲ့အကျင့်၊ ဒီတိုင်းပါပဲဆိုပြီး comfort zone ထဲပြန်ဝင်ပြီး ဒီအတိုင်းပဲရှေ့ဆက်ရင်း အချိန်ပြန်ကုန်လာတာမျိုးဖြစ်တတ်ပါတယ်။ ဒါတွေက ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကိုဖျက်ဆီးမိမှန်းမသိဘဲ ဖျက်ဆီးနေတဲ့အမူကျင့်တွေပါ။
Self-sabotage လုပ်တဲ့အခါအများဆုံးထိခိုက်စေတာက ကိုယ့်ကိုယ်ကိုချစ်စိတ်၊ တန်ဖိုးထားတဲ့စိတ်နဲ့ လေးစားတဲ့စိတ်တွေမရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုကျဆင်းလာပါတယ်။ ကိုယ့်ကိုယ်တိုင် limit လုပ်လိုက်တာကြောင့် ရှေ့မဆက်နိုင်တော့ဘဲ ကိုယ်ရောက်နေတဲ့နေရာလေးမှာပဲ ကျေနပ်ပြီးပျော်နေတာက အပြည့်ဝပျော်ရွှင်မှုမရနိုင်သလို ရှေ့ဆက်ပြီးဘဝမှာဖြစ်လာနိုင်တဲ့ပြောင်းလဲမှုတွေကို လက်ခံဖို့လည်းလမ်းမမြင်နိုင်တော့ပါဘူး။
Self-sabotage ဖြစ်တဲ့အကျင့်တွေကို ဘယ်လိုပြုပြင်ရမလဲ… ဒီအကျင့်တွေတစ်ခုချင်းကိုပြန်တွေးကြည့်ရအောင်။
အချိန်ဆွဲတဲ့အကျင့်
တစ်ခုခုကိုလုပ်ဖို့အချိန်ဆွဲတယ်ဆိုတာ ပျင်းလို့ (ဒါမှမဟုတ်) ကြောက်လို့ပဲဖြစ်နိုင်ပါတယ်။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုဘယ်လောက်ပြီးမြောက်မလဲဆိုတာ မတွေးဘဲစိတ်ထဲထင်ရာအတိုင်းတခြားအရာတွေကို အချိန်ပေးလိုက်တာကလည်း ဆိုးတဲ့အကျင့်ပါပဲ။ ဒီတော့ time management က skill တစ်ခုအဖြစ်လိုပါတယ်။
ဆင်ခြေပေးတဲ့အကျင့်
ဆင်ခြေပေးတယ်ဆိုတာက အချိန်ဆွဲသလိုပါပဲ။ ပျင်းတဲ့စိတ်၊ ကြောက်စိတ်ကြောင့်ဖြစ်တတ်ပါတယ်။ အလုပ်တိုင်း၊ ကိစ္စတိုင်းမှာ ဆင်ခြေပေးနေမယ်ဆိုရင် ဒါကလည်းအကျင့်တစ်ခုလိုဖြစ်ပြီး အချိန်ကိုအလွယ်တကူဖြုန်းတီးမိနေဦးမှာပါ။
လူတွေကျေနပ်အောင်လုပ်ပေးတာ…
ကိုယ့်မိသားစု၊ အပေါင်းသင်း၊ ပတ်ဝန်းကျင်အတွက်ပဲစဉ်းစားပေးနေတာက ကိုယ့်ကိုယ်ကိုမညှာမတာဆက်ဆံခြင်းတစ်မျိုးပါပဲ။အဆိုးမြင်တဲ့စိတ်
“ကိုယ်မို့လို့ဖြစ်ရတာ၊ ထင်သားပဲဒီလိုပဲပြဿနာတွေဖြစ်မှာ” စတဲ့ အဆိုးဖက်ကတွေးတဲ့အမြင်တွေက ကိုယ့်ကိုယ်ကို limit လုပ်တာတင်မကဘဲ အဆိုးဖက်ကိုရောက်အောင်ဆွဲခေါ်နေတဲ့၊ ယုံကြည်မှုလျော့စေတဲ့အလေ့ကျင့်ဖြစ်ပါတယ်။
comfort zone မှာပျော်နေတဲ့အကျင့်
comfort zone ကတော့ တစ်နှစ်ပြီး တစ်နှစ်ကြိုးစားထွက်နေကြတဲ့ zone ပါပဲ။ ဒါပေမယ့်အပေါ်ကပြောတဲ့ self-sabotage အလေ့ကျင့်နဲ့ ဖြစ်စဉ်တွေက comfort zone ထဲပြန်ပြန်ခေါ်လာပြီး ရှေ့မဆက်နိုင်ဖြစ်နေရတာဖြစ်ပါတယ်။ ပြောရရင် ဒီတစ်ခုတည်းမှာတဝဲဝဲလည်နေတာမျိုးပါ။
ဒီစာလေးဖတ်ပြီးတဲ့အခါ အတွေးတစ်ခုနဲ့အတူ ကိုယ့်ကိုယ်ကိုအများကြီးပြန်ပြီးသုံးသပ်မိသွားမယ်လို့မျှော်လင့်ပါတယ်။ ၂၀၂၄ ခုနှစ်ကို ဘယ်လိုကုန်ဆုံးဖြစ်ခဲ့လဲ ပြန်တွေးကြည့်ပါ။ ဘယ်လောက်ထိ ကျေနပ်မှုရှိတယ်ဆိုတာကို “၀ ကနေ ၁၀” ကြား အမှတ်ပေးရမယ်ဆို ဘယ်လောက်ထိပေးချင်လဲ။ ကိုယ်တိုင်လုပ်နေမိတဲ့ အကျင့်ဆိုးလေးတွေကိုလည်းမျှဝေပေးသွားလို့ရပါတယ်နော်။ 🤍