covidmom

မိခင်က +ve ဖြစ်ပေမယ့် ရောဂါလက္ခဏာမပြဘဲ နေကောင်းနေရင် ကလေးကလဲ ကျန်းမာရင် အတူတူထားလို့ ရပါတယ်။ မိခင်နို့တိုက်လို့ ရပါတယ်။

🌈 ယနေ့အထိ လေ့လာတွေ့ရှိချက်တွေအရ မိခင်နို့ကနေ ကလေးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်တာ မတွေ့ရသေးပါဘူး။
🌈 မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့အဟာရမျိုးစုံ ပါဝင်တဲ့အပြင် ရောဂါပိုးတွေကို ခုခံကာကွယ်ပေးတဲ့ ပဋိပစ္စည်းလေးတွေပါတဲ့အတွက် ကလေးအတွက် အလွန်အဖိုးတန်ပါတယ်။
🌈 မိခင်နို့တိုက်ခြင်းရဲ့အကျိုးကျေးဇူးက နို့တိုက်လို့ ကူးနိုင်တဲ့ အန္တရာယ်ထက် အများကြီးပိုတဲ့အပြင် မိခင်နို့မတိုက်လို့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုလဲ ကာကွယ်နိုင်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မိခင်နို့တိုက်ရန် ပြောထားပါတယ်။
🌈 မိခင်မှာ ရောဂါပိုးရှိရင်
⭐️ ကလေးကို မကိုင်ခင် လက်ကို ရေနဲ့ဆပ်ပြာနဲ့ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် ဆေးရပါမယ်။ ဒါမှမဟုတ် အယ်ကိုဟော အနည်းဆုံး ၆၀% ပါတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးရပါမယ်။
⭐️ ကလေးနို့တိုက်နေတုံးမှာလဲ ပါးစပ်နဲ့နှာခေါင်းစည်း (Surgical mask) ကို တပ်ထားရပါမယ်။
⭐️ နှာချေ ချောင်းဆိုးတာကနေ မကူးစက်အောင် ကလေးနားမှာ နှာချေချောင်းဆိုးခြင်း မပြုလုပ်ရပါဘူး။
⭐️ ကလေးရဲ့ ပတ်ဝန်းကျင် ထိတွေ့ကိုင်တွယ်ထားတဲ့နေရာတွေကိုလဲ ပိုးသန့်စင်အောင် မကြာခဏ သန့်ရှင်းပေးရပါမယ်။

မိခင်က +ve ဖြစ်ပြီး ရောဂါလက္ခဏာပြရင်/ ကလေးကို မစောင့်ရှောက်နိုင်ရင် ကျန်းမာတဲ့ ဆွေမျိုးသားချင်း(သို့) ကလေးကိုစောင့်ရှောက်ပေးမယ့်သူ တစ်ဦး(သတ်သတ်မှတ်မှတ်ထားပြီး) စောင့်ရှောက်ပေးလို့ ရပါတယ်။
🌈 မိခင်နို့ကိုညှစ်ပြီး ကလေးကိုစောင့်ရှောက်ပေးတဲ့လူက တိုက်ပေးလို့ရပါတယ်။
⭐️ မိခင်နို့မညှစ်ခင် လက်ကို ရေနဲ့ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးရပါမယ်။
⭐️ နို့ညှစ်နေစဉ် လက်နဲ့ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်ခြင်းမပြုရပါဘူး။
⭐️ နို့ညှစ်တဲ့ ခွက်တွေ၊ ဗူးတွေကလဲ သန့်ရှင်းဘို့အရေးကြီးပါတယ်။
⭐️ နို့ညှစ်တဲ့ Breast pump ကလည်း တစ်ယောက်ထဲအတွက် သီးသန့်ဖြစ်ရပါမယ်။

၃။ မိခင်က နို့ညှစ်မပေးနိုင်အောင် မကျန်းမာဖြစ်နေရင် မိခင် ပြန်လည် ကျန်းမာလာသည့်အချိန်ထိ Donor milk (သို့) နို့မှုန့် တိုက်ထားနိုင်ပါတယ်။

၄။ ကလေးက သန္ဓေပတ်မစေ့၊ ကိုယ်အလေးချိန် မပြည့်တဲ့ကလေး၊ ပြုစုစောင့်ရှောက်ကုသမှု လိုအပ်တဲ့ ကလေးဆိုရင်တော့ ပြုစုစောင့်ရှောက်ကုသမှု ပေးနိုင်တဲ့နေရာကို ပို့ပြီး ကုသမှု ပေးရပါမယ်။

ရေးသားသူ ​​ပါ​မောက္ခ ဒေါက်တာလှမြတ်နွယ်