Covid 19 ဟာအသက်အရွယ်မရွေးဖြစ်ပွားနိုင်တဲ့အတွက်ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လူကြီးနဲ့ယှဉ်ရင် ပိုးရှိနေတာတောင် လက္ခဏာမပြတဲ့ ကလေးတွေအများကြီးပါ။ကလေးတွေမှာ ဖျားတာ၊ နှာစေးချောင်းဆိုး ချွဲကျပ်တာ ဖြစ်နိုင်ပေမယ့်လူကြီးတွေလောက်ဆိုးဝါးပြင်းထန်မှုမရှိပါဘူး။ ပိုးရှိနေလို့ ဆေးရုံတွေ၊ Q Center တွေမှာနေနေတဲ့ ကလေးတွေအတွက်လည်းမစိုးရိမ်ပါနဲ့။ အများစုကဆေးတောင်မလိုပါဘူး၊ အလွန်ဆုံး ပါရာစီတမော လောက်နဲ့ပြီးသွားတာများပါတယ်။
ဒါပေမယ့်အရေးကြီးတဲ့အချက်တစ်ခုကတော့ကလေးတွေဟာcovid 19 ပိုးရှိနေမယ်ဆိုရင်လူကြီးတွေကို ကူးနိုင်ပါတယ်။
ကလေးများအတွက် အကြံပေးချက် –
၁၊ လက်ဆေးပါ။ စက္ကန့်နှစ်ဆယ်လောက်စနစ်တကျလက်ဆေးတဲ့နည်းကိုကလေးတွေကိုသင်ပေးထားပါ။
၂၊ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ ရောဂါရှိနေတဲ့လူကြီးတွေအထူးသဖြင့် ချောင်းဆိုး၊ ဖျားနေတဲ့လူကြီးတွေနဲ့နီးနီးကပ်ကပ်မနေပါစေနဲ့။
၃၊ လူကြီးတွေမှာလိုပဲ Social distancing ကိုကျင့်သုံးပေးပါ။ဥပမာကလေးအချင်းချင်းကစားမယ်အထူးသဖြင့်တခြားအိမ်ကကလေးတွေနဲ့ကစားမယ်ဆိုရင်အနည်းဆုံးခြောက်ပေအကွာလောက်ကနေတစ်ယောက်နဲ့တစ်ယောက်ကစားနိုင်ရင်အကောင်းဆုံးပါ။ ကစားချိန်ကိုလည်းသိပ်မကြာအောင်သတ်မှတ်ပေးပါ။
၄၊ ကလေးတွေအတွက် သူ့အရွယ်နဲ့ တော်မဲ့ နှာခေါင်းစည်းသုံးလို့ရပါတယ်။ နှာခေါင်းနဲ့ပါးစပ်ကိုအုပ်မိဖို့တော့လိုပါတယ်။ ပိတ်စနှာခေါင်းစည်းဟာ သူကနေပြီးတော့တခြားသူကိုမကူးအောင် အဓိက ကာကွယ်ပါတယ်။ အထူးသဖြင့်အကြောင်းအမျိုးမျိုးကြောင့်အပြင်ထွက်ရမယ်ဆိုရင်သုံးသင့်ပါတယ်။ အသက်နှစ်နှစ်ကျော်ကလေးတွေအတွက်ပိုပြီးတော့သင့်တော်ပါတယ်။
၅၊ ကလေးတွေကျန်းမာရေးကောင်းဖို့သင့်တင့်မျှတတဲ့အာဟာရစားသုံးပါစေ။ ပုံမှန်အားဆေးများတိုက်ကျွေးပေးပါ။ အိပ်ရေးဝအောင်အိပ်ပါစေ။
၆၊ ကလေးတွေမှာစိတ်ဖိစီးမှုတွေ၊ ပင်ပန်းတာတွေ၊ စိုးရိမ်သောကများတာတွေရှိရင်လည်းအမြန်ဆုံးသိပြီးလျှော့ချပေးပါ။ အခြေအနေမှန်ကို ရှင်းပြပေးပါ။ လှုပ်လှုပ်ရှားရှားကစားတာမျိုး၊လမ်းလျှောက်စေတာမျိုး၊ အချိန်မှန်မှန်ပြုလုပ်ပါစေ။
၇၊ ကလေးတွေကိုသူ့ရဲ့သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ်မပြတ်ပါစေနဲ့။ဥပမာအချိန်တစ်ခုသတ်မှတ်ပြီးတော့ဖုန်းပြောစေတာမျိုး၊ ဒါမှမဟုတ်ဆိုရှယ်မီဒီယာတစ်ခုခုကနေဆက်သွယ်ပြောကြားစေတာမျိုးလေးတွေပြုလုပ်ပေးပါ။
၈၊ ကျောင်းနေအရွယ်ကလေးတွေအတွက်သင်ကြားမှုအဆက်မပြတ်ရအောင် ဆက်လက်သတိထားလုပ်ဆောင်ပေးပါ။ဥပမာကျောင်းနဲ့အဆက်အသွယ်မပြတ်စေတာမျိုး၊ on line learning တွေကို အချိန်ကန့်သတ်ပြီးလုပ်ပေးတာမျိုးပါ။ ဒါပေမယ့်ဒီနေရာမှာသတိထားဖို့ကတော့အချိန်ကိုသူ့နေရာနဲ့သူသတ်မှတ်ပေးထားဖို့လိုပါတယ်။ဥပမာကစားတာ၊ စားတာ၊အိပ်ရာဝင်တာ၊ စာသင်ကြားတာစသည့်အချိန်တွေဟာကလေးငယ် အတွက်သက်သောင့်သက်သာစနစ်တကျရှိသင့်ပါတယ်။ ဒီလိုသင်ကြားမှုတွေကလည်းကလေးငယ်ကိုပျင်းရိငြီးငွေ့စေတာမျိုးမဖြစ်စေဘဲနဲ့၊ ကလေးနှစ်ခြိုက်စေမယ့်၊ တွေးခေါ်မှုကိုအားပေးတဲ့သင်ကြားမှုနည်းလမ်းမျိုးတွေဖြစ်သင့်ပါတယ်။
၉၊ ကလေးနေမကောင်းဖြစ်လို့အရေးကြီးတဲ့လက္ခဏာ – ဥပမာ နို့စို့အရမ်းလျော့တာ၊ အရည်မဝင်တာ၊ အရမ်းမှိန်းတာ စသည်တို့ရှိလာရင်လည်း အရေးပေါ်ဆေးရုံပြဖို့ မကြောက်ပါနဲ့။ ကိုဗစ်ကြောက်ပြီး လိုအပ်နေတဲ့အချိန်မှာဆေးရုံမသွားတာမျိုးလည်းမလုပ်ပါနဲ့။
၁၀၊ နောက်ဆုံးပြောချင်တာကတော့ကိုCovid ကာလ ကာကွယ်ဆေးများနှင့်ပတ်သက်ပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးဆိုတာကလေးတွေအသက်ဖြစ်ပါတယ်။ ကာကွယ်ဆေးဆိုတာသူ့အချိန်နဲ့သူအချိန်မှန်မှန်ထိုးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေထိုးခွင့်ရမယ်ဆိုရင်လိုအပ်တဲ့ကြိုတင်ကာကွယ်မှုများနှင့် သွားရောက်ထိုးနှံသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ထိုးခွင့်မရရင်တော့ခဏစောင့်ပါ။
တုပ်ကွေးကာကွယ်ဆေးကလည်းကလေးတွေအတွက်အရေးကြီးတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ အသက်ခြောက်လကစပြီးတော့ထိုးနိုင်ပါတယ်။
အထက်ပါဆောင်ရန်ရှောင်ရန်နည်းလမ်းတွေကိုလိုက်နာကျင့်သုံးမယ်ဆိုရင် ကလေးတွေအတွက်ပျော်ရွှင်ချမ်းမြေ့ အကျိုးရှိနိုင်တဲ့ကာလတစ်ခုဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
