TikTok ပေါ်မှာ ရေပန်းအစားဆုံး ဖြစ်နေတဲ့ “Niacinamide” က အသားအရေအတွက် တကယ်ပဲ အစွမ်းထက်လို့လား?

ခုတလော TikTok ပေါ်က Skincare ဗီဒီယိုတွေနဲ့ အသားအရေ ထိန်းသိမ်းမှုကို စိတ်ဝင်စားကြသူတွေကြားထဲမှာ “Niacinamide Serum” ဆိုတဲ့ စကားလုံးက တစတစနဲ့ ရေပန်းအစားဆုံး Trend တစ်ခု ဖြစ်လာနေပါတယ်။ ဒီဓာတ်ကို Serum တွေမှာတင်မကဘဲ မျက်နှာသစ်ဆေး၊ Toner နဲ့ Moisture Cream တွေထဲမှာပါ ထည့်သွင်းအသုံးပြုလာကြတာ တွေ့ရမှာပါ။

ဒီလောက်တောင် လူပြောများပြီး နာမည်ကြီးနေတဲ့ Niacinamide (နိုင်ယာဆင်နမိုက်) က အသားအရေအတွက် တကယ်ပဲ ဘာတွေ ကောင်းမွန်စေတာလဲ? သူ့မှာ ဘယ်လို အစွမ်းထက် လျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာကို Hug Myanmar ပရိသတ်ကြီးအတွက် အသေးစိတ် ဖော်ပြပေးလိုက်ရပါတယ်ရှင်။

Niacinamide ဆိုတာ ဘာလဲ?

အလွယ်ဆုံး ပြောရရင်တော့ Niacinamide ဆိုတာ ကျွန်မတို့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အမျိုးစုံ အထောက်အကူပြုပေးနေတဲ့ ဗီတာမင် B အုပ်စုဝင် ၈ မျိုးထဲက တစ်မျိုးဖြစ်တဲ့ “ဗီတာမင် B3” ပဲ ဖြစ်ပါတယ်။ အသားအရေ ထိန်းသိမ်းမှုအပိုင်းမှာတော့ သူက နတ်သမီးဆေးစွမ်းတစ်ခွက်လို အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်တဲ့ Active Ingredient တစ်ခုပေါ့။

အသားအရေကို ပြောင်းလဲပေးမယ့် Niacinamide ရဲ့ အံ့မခန်း ကောင်းကျိုးများ

Niacinamide ရဲ့ အဓိက အစွမ်းကတော့ အသားအရေကို ကျန်းမာချောမွေ့စေဖို့ အရေးပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Keratin (ကီရာတင်) ဖြစ်ပေါ်မှုကို ထောက်ကူပေးတာပါ။ ဒါ့အပြင် အသားအရေကို ပိုမိုဝင်းပကြည်လင်စေဖို့အတွက် Retinol (ရက်တီနော) လိုမျိုး အခြားအစွမ်းထက် ဓာတ်တွေနဲ့ပါ တွဲဖက် အသုံးပြုနိုင်ပါသေးတယ်။

၁။ အရေပြားကို အကာအကွယ်ပေးပြီး ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးခြင်း

Niacinamide က အရေပြား အပေါ်ယံမှာရှိတဲ့ အဆီပြင်လွှာ (Skin Barrier) ရဲ့ လုပ်ဆောင်မှုကို ပိုမိုခိုင်မာ အားကောင်းလာအောင် ကူညီပေးပါတယ်။ ဒါကြောင့် အသားအရေထဲက ရေဓာတ် ခမ်းခြောက်မသွားအောင် ထိန်းညှိပေးပြီး ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် အသားအရေ ပျက်စီးခြင်းကနေ ထိရောက်စွာ ကာကွယ်ပေးပါတယ်။

၂။ နီမြန်းရောင်ရမ်းမှုတွေကို ညင်သာစွာ သက်သာစေခြင်း

သူ့မှာ အရောင်ကျစေနိုင်တဲ့ အာနိသင် (Anti-inflammatory) ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝက်ခြံကြောင့်ဖြစ်စေ၊ အသားအရေ ထိခိုက်လွယ်လို့ဖြစ်စေ အရေပြား နီမြန်းရောင်ရမ်းတာတွေကို လျင်မြန်စွာ သက်သာလျော့ပါးစေပါတယ်။

၃။ ချွေးပေါက်များကို သိသိသာသာ ကျဉ်းစေပြီး အဆီပြန်ခြင်းကို ထိန်းချုပ်ပေးခြင်း

အရေပြားရဲ့ Collagen (ကော်လာဂျင်) ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့အတွက် ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားအရေကို ကြည်လင်ချောမွေ့စေပါတယ်။ ဒါတင်မကဘဲ အဆီဂလင်းတွေရဲ့ အဆီထွက်ရှိမှုကို ထိန်းညှိပေးလို့ ချွေးပေါက်ပိတ်ဆို့ခြင်းကို နည်းပါးစေကာ ဝက်ခြံနဲ့ အမည်းစက်တွေ ပိုဆိုးမလာအောင် တားဆီးပေးနိုင်ပါတယ်။

၄။ အမည်းစက်များနှင့် အမဲကွက်များကို ပျောက်ကင်းစေခြင်း

အသားအရေကို သိသိသာသာ လင်းပင်းကြည်လင်လာစေတဲ့ အာနိသင် ရှိပါတယ်။ လေ့လာမှုများအရ 5% Concentration (ပြင်းအား ၅ ရာခိုင်နှုန်း) ပါဝင်တဲ့ Niacinamide Serum ကို သုံးစွဲခြင်းက အမည်းစက်တွေကို သိသိသာသာ သက်သာစေပြီး Retinol နဲ့ ပေါင်းစပ်အသုံးပြုပါက အရွယ်တင်နုပျိုစေပါတယ်။

၅။ အသက်အရွယ်ကြောင့်ဖြစ်သော အရေးအကြောင်းများကို လျှော့ချပေးခြင်း

ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant) ကြွယ်ဝတဲ့ ဗီတာမင်တစ်မျိုး ဖြစ်တာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ၊ နေရောင်ခြည်နဲ့ စိတ်ဖိစီးမှုတွေကြောင့် အသားအရေ အိုမင်းရင့်ရော်တာတွေကို သက်သာစေဖို့ အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။

Niacinamide ကို စနစ်တကျ ဘယ်လို သုံးမလဲ?

မျက်နှာကို စင်ကြယ်အောင် သန့်စင်ပြီးတဲ့နောက် (Double Cleansing လုပ်ပြီးချိန်) မှာ Niacinamide ကို Skincare Routine ထဲ ထည့်သွင်းပြီး တစ်နေ့ကို ၁ ကြိမ် ကနေ ၂ ကြိမ်အထိ (မနက်/ည) ပုံမှန်လေး လိမ်းပေးနိုင်ပါတယ်ရှင်။

သတိထားရမယ့် ဘေးထွက်ဆိုးကျိုးများ

Niacinamide ဟာ များသောအားဖြင့် Skin Type တော်တော်များများနဲ့ တည့်ရှိပြီး ဘေးကင်းတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ရှားရှားပါးပါး အသားအရေ ထိခိုက်လွယ်သူအချို့မှာတော့ –

  • အသားအရေ ဓာတ်မတည့်ခြင်း

  • ယားယံခြင်း

  • လိမ်းခါစတွင် အနည်းငယ် ပူစပ်စပ်ဖြစ်ခြင်း

  • အရေပြား နီမြန်းခြင်း စတာတွေ ခံစားရနိုင်ပါတယ်။

 Niacinamide Serum ကို မျက်နှာပေါ် တိုက်ရိုက်မသုံးစွဲမီ နားသယ်စပ် သို့မဟုတ် လက်ကောက်ဝတ်အတွင်းပိုင်းမှာ Skin Test (ဓာတ်မတည့်မှု ရှိ၊ မရှိ စမ်းသပ်ခြင်း) အရင်လုပ်ပြီးမှ အသုံးပြုကြဖို့ အကြံပြုပါရစေနော်။ စနစ်တကျ ထိန်းသိမ်းပြီး အားလုံးပဲ ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။