“ဟော… ငါ ဘာလုပ်မလို့ပါလိမ့်”၊ “သော့ဘယ်မှာ ထားခဲ့မိပါလိမ့်” ဆိုပြီး တစ်နေ့တာမှာ ပြုလုပ်စရာတွေကို သတိမေ့ကျန်ခဲ့လို့ နေ့စဉ်ညည်းတွားနေရပြီလား။
ခဏခဏ သတိမေ့တာဟာ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာနဲ့ ဦးနှောက်ဆီ သွေးစီးဆင်းမှု လျော့နည်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မကြာခဏ သတိမေ့တတ်တာကို ပုံမှန်စားသောက်ပေးတဲ့ နေ့စဉ် အစားအသောက်ပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ အံ့ဩဖွယ် သက်သာလာစေနိုင်ပါတယ်။
ဒီနေ့မှာတော့ Hug Myanmar ပရိတ်သတ်တွေအတွက် ဦးနှောက်ဆဲလ်တွေကို တက်ကြွနိုးကြားစေပြီး မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးမယ့် အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
နေ့စဉ် စားသောက်မှုပုံစံမှာ အသီးအရွက် ပါဝင်မှု နည်းပါးတာဟာ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။
-
ပါဝင်သည့် အာဟာရ: ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညှင်းစိမ်း အစရှိသည့် အစိမ်းရင့်ရောင် အသီးအရွက်များတွင် ဦးနှောက်ကျန်းမာရေးကို ထောက်ပံ့ပေးသည့် ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။
-
ရရှိမည့် အကျိုးကျေးဇူး: ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး မှတ်ဉာဏ်ကို ရေရှည် ကြံ့ခိုင်စေပါတယ်။
၂။ ဘယ်ရီသီးမျိုးနွယ်များ (Berries)
ဘလူးဘယ်ရီ (Blueberries)၊ ဘလက်ခ်ဘယ်ရီ (Blackberries) နှင့် ချယ်ရီသီးများတွင် သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာ ပါဝင်ပါသည်။
-
ပါဝင်သည့် အာဟာရ: Anthocyanins နှင့် Flavonoids ကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ကြွယ်ဝစွာ ပါဝင်ပါသည်။
-
ရရှိမည့် အကျိုးကျေးဇူး: တစ်နေ့လျှင် ဘယ်ရီသီး လက်တစ်ဆုပ်စာခန့် ပုံမှန်စားသုံးပေးရုံဖြင့် ဦးနှောက်၏ သတင်းအချက်အလက် မှတ်သားနိုင်စွမ်းကို မြှင့်တင်ပေးပြီး သတိမေ့တတ်သည့် အလေ့အထကို သိသိသာသာ သက်သာစေပါတယ်။
၃။ အိုမီဂါ-၃ ကြွယ်ဝသည့် ငါးများ (Omega-3 Rich Fish)
ဆယ်လ်မွန် (Salmon)၊ တူနာ (Tuna) နှင့် ဆာဒင်း (Sardine) စသည့် ပင်လယ်ငါးများသည် ဦးနှောက်အတွက် အကောင်းဆုံးသော အာဟာရရင်းမြစ် ဖြစ်ပါတယ်။
-
ပါဝင်သည့် အာဟာရ: Omega-3 Fatty Acids ကြွယ်ဝစွာ ပါဝင်ပါသည်။
-
ရရှိမည့် အကျိုးကျေးဇူး: ဦးနှောက်ဆဲလ် တည်ဆောက်ပုံကို ခိုင်မာစေကာ အာရုံကြော ဆက်သွယ်မှုများကို လျင်မြန်စေသည့်အတွက် အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။
၄။ သစ်ကြားသီး (Walnuts)
သစ်ကြားသီးဟာ အခွံမာသီးတွေထဲမှာ ဦးနှောက်ကျန်းမာရေးအတွက် အကောင်းဆုံး အသီးတစ်မျိုး ဖြစ်ပါတယ်။
-
ပါဝင်သည့် အာဟာရ: ပရိုတင်း၊ Omega-3 Fatty Acids နှင့် အမျှင်ဓာတ်များ ပါဝင်ပါသည်။
-
ရရှိမည့် အကျိုးကျေးဇူး: သိမြင်မှုစွမ်းရည် (Cognitive Function) ကို ကောင်းမွန်စေပြီး နှလုံးနှင့် ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို တိုးတက်စေသည့်အတွက် မေ့လျော့ခြင်းကို ကာကွယ်ပေးပါတယ်။
၅။ အနက်ရောင် ချောကလက် (Dark Chocolate)
ချောကလက် ကြိုက်သူများအတွက် သတင်းကောင်းတစ်ခုကတော့ အနက်ရောင် ချောကလက်ဟာ မှတ်ဉာဏ်ကို အထူးကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။
-
ပါဝင်သည့် အာဟာရ: ကိုကိုးစေ့မှ ထုတ်လုပ်ထားသော Flavonoid ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါသည်။
-
ရရှိမည့် အကျိုးကျေးဇူး: ဦးနှောက်ဆဲလ်များဆီသို့ သွေးစီးဆင်းရောက်ရှိမှုကို အားကောင်းစေကာ ဦးနှောက်ဆဲလ်များကို ရောဂါများမှ ကာကွယ်ပေးပြီး လန်းဆန်းနိုးကြားစေပါတယ်။22
