ခရီးထွက်စရာ ရှိလို့ဖြစ်စေ၊ အရေးကြီးတဲ့ ပွဲလမ်းသဘောမျိုး သွားစရာရှိလို့ဖြစ်စေ “ငါ လမ်းမှာ ဝမ်းလျှောနေရင် ဒုက္ခပဲ” ဆိုပြီး စိုးရိမ်စိတ်နဲ့ အစားအသောက် ဆင်ခြင်လေ့ ရှိကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အစာခြေစနစ်ရဲ့ တုံ့ပြန်ပုံချင်း မတူညီကြသလို၊ အသက်အရွယ်နဲ့ ရောဂါအခံအပေါ် မူတည်ပြီးတော့လည်း အစားအသောက်နဲ့ ပတ်သက်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ ပြောင်းလဲသွားတတ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်းဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေမှတစ်ဆင့် ပိုးဝင်ခြင်း၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး သို့မဟုတ် အူလမ်းကြောင်းရောဂါအခံများ (ဆီးချို၊ သိုင်းရွိုက် သို့မဟုတ် အူရောင်ရောဂါ) ကြောင့် ဖြစ်ပွားနိုင်သလို၊ နေ့စဉ် စားသုံးနေကျ အစားအစာအချို့ကြောင့်လည်း မသိစိတ်ကနေ ဝမ်းသွားအောင် လှုံ့ဆော်ပေးသလို ဖြစ်နေတတ်ပါတယ်။
ခရီးသွားခါနီး သို့မဟုတ် သတိထားရမည့်အချိန်များတွင် ရှောင်ကြဉ်သင့်သော အဓိက အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သကြားနှင့် သကြားအစားထိုး ပစ္စည်းများ (Fructose & Polyols)
သကြားဓာတ် လွန်ကဲခြင်းသည် အူလမ်းကြောင်းထဲသို့ ရေဓာတ်ကို ဆွဲသွင်းလိုက်သဖြင့် ဝမ်းအရည်များ သွားစေတတ်ပါတယ်။
-
သစ်သီးသကြား (Fructose) – အသီးအနှံများကို တစ်ရက်လျှင် ပမာဏအလွန်အကျွံ စားသုံးပါက ဝမ်းလျှောစေနိုင်ပါတယ်။
-
သကြားအစားထိုးပစ္စည်းများ (Sorbitol, Mannitol, Xylitol) – ချေဖျက်ရခက်ခဲသဖြင့် အူလမ်းကြောင်းတွင် ရေကို ဆွဲထားကာ ဝမ်းလျှောစေပါတယ်။ Diet Soda၊ သကြားမပါ ပီကေ/ချိုချဉ်များ၊ သကြားလျှော့ စီရီယယ်နှင့် ကော်ဖီဖျော်သည့် နို့တုများတွင် တွေ့ရတတ်ပါတယ်။
၂။ နို့နှင့် နို့ထွက်ပစ္စည်းများ (Lactose)
နို့တွင်ပါဝင်သော နို့သကြား (Lactose) ကို ချေဖျက်ပေးသည့် Lactase အင်ဇိုင်း ခန္ဓာကိုယ်၌ လုံလောက်စွာ မရှိပါက နို့နှင့် နို့ထွက်ပစ္စည်းများ သောက်သုံးပြီးချိန်တွင် လေပွခြင်း၊ ဗိုက်ရစ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ခံစားရတတ်ပါတယ်။
၃။ FODMAPs ပါဝင်သော အစားအစာများ
ချေဖျက်ရခက်ခဲသည့် ကာဘိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး ဂျုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲအမျိုးမျိုး၊ ပျားရည်၊ ကညွတ်နှင့် သီဟိုဠ်စေ့တို့တွင် ပါဝင်သဖြင့် အစာခြေစနစ် အာရုံခံလွယ်သူများတွင် ဝမ်းပျက်စေနိုင်ပါတယ်။
၄။ ဂလူတန် (Gluten) ပါဝင်သော အစားအစာများ
ဂျုံ၊ ဘာလီနှင့် ဆပ်တို့တွင် ပါဝင်သော Gluten ပရိုတင်းကို အစာခြေစနစ်က ချေဖျက်ရန် ခက်ခဲသူများ သို့မဟုတ် Celiac Disease (ခုခံအားစနစ်မှ အူလမ်းကြောင်းကို ပြန်လည်တိုက်ခိုက်သည့် ရောဂါ) ရှိသူများ စားသုံးမိပါက ဝမ်းလျှောခြင်း ဖြစ်ပေါ်စေပါတယ်။
၅။ ဆီကြော်စာများနှင့် အဆီများသော အစားအစာများ
ကြက်ကြော်၊ ဘာဂါ၊ အာလူးကြော် စသည့် ပြည့်ဝဆီပါဝင်မှုများသော အစားအစာများသည် သည်းခြေရည် ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး အူမကြီးအတွင်း ဖက်တီးအက်ဆစ်များ ဖြစ်ပေါ်စေကာ ဝမ်းအရည်များ သွားစေပါသည်။
၆။ အစပ်လွန်ကဲသော အစားအစာများ
ငရုတ်သီးတွင် ပါဝင်သည့် Capsaicin ဓာတ်သည် အစာအိမ်နှင့် အူလမ်းကြောင်း နံရံများကို လှုံ့ဆော်ပေးသဖြင့် အစားအသောက် စားပြီးနောက် ပျို့အန်ခြင်း၊ ဗိုက်ရစ်ခြင်းနှင့် ဝမ်းသွားစဉ် စူစူပူပူ ခံစားရခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
၇။ ကဖိန်း (Caffeine) ပါဝင်သော အဖျော်ယမကာများ
ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်နှင့် အားဖြည့်အချိုရည်များတွင် ပါဝင်သော ကဖိန်းဓာတ်သည် အူလမ်းကြောင်း လှုပ်ရှားမှုကို မြန်ဆန်စေသဖြင့် ဝမ်းပျော့စေပါသည်။ ကော်ဖီတွင် နို့နှင့် သကြားပါ ပူးတွဲပါဝင်ပါက ဝမ်းလျှောနိုင်ခြေ ပိုမိုမြင့်မားသွားပါသည်။
၈။ အမျှင်ဓာတ် အလွန်အကျွံ စားသုံးခြင်း
ဟင်းရွက်ထုပ်များ (ဂေါ်ဖီ၊ ပန်းပွင့်)၊ ပဲနှင့် ကောက်နှံစေ့များကဲ့သို့ အမျှင်ဓာတ်လွန်ကဲသော အစားအစာများကို တစ်ပြိုင်နက်တည်း အလွန်အကျွံ စားသုံးမိပါက လေပွခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်သည်။
၉။ အယ်လ်ကိုဟော (အရက်၊ ဘီယာ၊ ဝိုင်)
အရက်နှင့် ဘီယာတို့သည် အစာခြေစနစ်ကို စိမ့်ဝင်ရခက်စေပြီး အူလမ်းကြောင်း လှုပ်ရှားမှုကို ပုံမှန်မဟုတ်အောင် မြန်ဆန်စေသဖြင့် နောက်တစ်နေ့တွင် ဝမ်းလျှောခြင်းကို ဖြစ်ပေါ်စေပါသည်။
💡 အစားအစာကြောင့် ဝမ်းလျှောခြင်းမှ ကာကွယ်ရန် နည်းလမ်းများ –
၁။ Food Diary ရေးမှတ်ပါ – မည်သည့် အစားအစာ စားသုံးပြီးနောက် ဝမ်းသွားတတ်သည်ကို ဒိုင်ယာရီတွင် စနစ်တကျ မှတ်သားပါ။
၂။ စမ်းသပ် ရှောင်ကြဉ်ကြည့်ပါ – ကိုယ်နှင့် မတည့်ဟု မသင်္ကာသော အစားအစာကို ၁ ပတ် သို့မဟုတ် ၂ ပတ်ခန့် ခေတ္တရှောင်ကြည့်ပါ။
၃။ နည်းနည်းစီ ပြန်လည်စမ်းသပ်ပါ – ဝမ်းမလျှောတော့ပါက အဆိုပါ အစားအစာကို ပမာဏ နည်းနည်းစီ ပြန်လည်စားသုံးကြည့်ခြင်းဖြင့် လုံးဝရှောင်ရမည်လား သို့မဟုတ် လျှော့စားရမည်လားဆိုသည်ကို သိရှိနိုင်ပါသည်။
၄။ အစားထိုး အာဟာရ ရွေးချယ်ပါ – နို့နှင့် မတည့်ပါက ပဲနို့ စသဖြင့် အာဟာရ မချို့တဲ့အောင် အစားထိုး စားသုံးပါ။ အူလမ်းကြောင်း ရောဂါအခံ ရှိပါက ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ကုသမှု ခံယူပါ။
