စိတ်နဲ့ခန္ဓာဟာ အပြန်အလှန်ဆက်စပ်နေတာဖြစ်တဲ့အတွက် ခန္ဓာမှာလည်း ပြဿနာဖြစ်ရင် စိတ်ကျန်းမာရေးအပေါ် သွားပြီး သက်ရောက်မှုရှိသလို စိတ်မှာလည်း အဆင်မပြေတာရှိတဲ့အခါ ခန္ဓာကိုယ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

အထူးသဖြင့် သင့်မှာ စိတ်ကျန်းမာရေးပြဿနာရှိလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှု၊ ခံစားချက်တွေမှာသာမက ရုပ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်မှာပါ ပြောင်းလဲမှုလက္ခဏာတွေ ပြလာတတ်ပါတယ်။ ဒီလက္ခဏာတွေကတော့

၁။ ခေါင်းမူးခေါင်းကိုက်ခြင်း – စိတ်ဖိစီးမှုတွေ၊ စိတ်ကျန်းမာရေးပြဿနာရဲ့ ဒဏ်တွေ ရိုက်ခတ်ခံနေရတဲ့အခါ ဦးနှောက်က အပြင်းအထန်အလုပ်လုပ်ရပြီး ခေါင်းမူးခေါင်းကိုက်တာတွေ၊ မူးဝေအော့အန်ချင်စိတ်တွေ ဖြစ်လာမယ်။

၂။ အစာမကြေဖြစ်ခြင်း – စိတ်မကြည်ရင် အစာစားချင်စိတ်ပျောက်တာ အဖြစ်များပါတယ်။ လူက အစာစားချင်စိတ်မရှိတဲ့အခါ အစာကို ကျေညက်အောင် မဝါးတော့တာ၊ စားလိုက်သမျှ စိတ်ထဲ အရသာရှိတယ်လို့ ခံစားနိုင်မှုလျော့သွားတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် အစာအိမ်က ချေဖျက်တဲ့နှုန်းကလည်း ကျဆင်းသွားနိုင်ပါတယ်။

၃။ အိပ်ရေးပျက်ခြင်း – အိပ်ရာထဲထိ စိတ်ညစ်စရာတွေ ပါလာတဲ့အခါ ဦးနှောက်က ဒါကို အပြင်းအထန်တွေးနေမယ်။ သွေးစီးဆင်းမှုမြန်နေပြီး နှလုံးခုန်နှုန်း မြန်နေမယ်။ ကြွက်သားတွေက တင်းမာနေတဲ့အတွက် လဲလျောင်းနေချိန်မှာတောင် သက်သောင့်သက်သာမဖြစ်ဘဲ အိပ်ပျော်နိုင်ဖို့ အချိန်ကြာမြင့်တတ်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာ စိတ်ကျန်းမာရေးကြောင့်လည်း ဖြစ်သလို၊ အိပ်ရေးပျက်တာများတဲ့အခါမှာလည်း စိတ်ကို သွားပြီး ဆိုးကျိုးသက်ရောက်စေပါတယ်။

၄။ အားမရှိသလို ဖြစ်ပြီး နုံးခွေနေခြင်း – ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးနဲ့ ကြွက်သားတွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက်က အပြင်းအထန် အလုပ်လုပ်နေရတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက လေးပင်နေပြီး ပင်ပန်းမောဟိုက်နေမှာပါ။

၅။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို တောင့်တလာခြင်း – စိတ်ညစ်တဲ့အခါ လူတွေက ဆီကြော်မုန့်တွေ၊ မုန့်ပဲသရေစာတွေ၊ အချိုမုန့်တွေ၊ ရေခဲမုန့်တွေကို ပိုပြီးတောင့်တလာသလို ညဘက်တွေမှာပါ ကောင်းစွာ မအိပ်နိုင်တော့တာကြောင့် ညအချိန်မတော်လည်း စားမိစေနိုင်ပါတယ်။

၆။ ကြွက်သားနာကျင်ကိုက်ခဲခြင်း – ဦးနှောက်က တစ်ခုခုကို အပူတပြင်းတွေးပြီး စိတ်တို၊ ဝမ်းနည်း၊ စိတ်ဓာတ်ကျနေချိန်မှာ မသိစိတ်ကနေ ကြွက်သားတွေကို တင်းမာစေပါတယ်။ ဒီလိုတင်းထားတာ အချိန်ကြာလာတာနဲ့အမျှ ကြွက်သားတွေက နာကျင်ကိုက်ခဲတာ၊ ညောင်းညာတာ၊ တင်းမာပြီး ဖြေလျှော့ရခက်တာတွေ ဖြစ်နိုင်ပါတယ်။

အကယ်လို့ သင့်မှာစိတ်ကျန်းမာရေးပြဿနာ တစ်စုံတစ်ခုရှိတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်များ သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ စိတ်ကုထုံးတွေ၊ ဘဝနေထိုင်မှုပြင်ဆင်ခြင်းတွေ ပြုလုပ်တာ အကောင်းဆုံးဖြစ်မှာပါ။