အစာခြေလမ်းကြောင်း၏ နောက်ဆုံးအပိုင်းဖြစ်သော အူမကြီး (Colon) တွင် စတင်ဖြစ်ပွားတတ်သည့် အူမကြီးကင်ဆာ (Colorectal Cancer) သည် လူကြီးပိုင်းများတွင် ပိုမိုတွေ့ရှိရသော်လည်း အသက်အရွယ်မရွေး ဒဏ်ခတ်နိုင်သည့် ရောဂါဆိုးတစ်ခု ဖြစ်ပါသည်။ အစပိုင်းတွင် ကင်ဆာမဟုတ်သည့် “အသားပို” (Polyps) သေးသေးလေးများအဖြစ် တိတ်တဆိတ် စတင်တတ်ပြီး၊ ယင်းမှတစ်ဆင့် တဖြည်းဖြည်း ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားတတ်ပါသည်။

ရောဂါအစောပိုင်းကာလများတွင် မည်သည့် လက္ခဏာမှ သိသာစွာ မပြတတ်သဖြင့် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခြင်းသည် ယင်းရောဂါဆိုးကို ဟန့်တားရန် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါသည်။

သတိပြုရမည့် အူမကြီးကင်ဆာ၏ ရှေ့ပြေးလက္ခဏာများ

  • ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲခြင်း — ပုံမှန်မဟုတ်ဘဲ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း သို့မဟုတ် ဝမ်းသွားပြီးသော်လည်း အူထဲတွင် ဝမ်းကျန်နေသေးသလို ခံစားရခြင်း။

  • စအိုနှင့် ဝမ်းတွင်း သွေးပါခြင်း — ဝမ်းသွားသည့်အခါ သွေးစများ ပါလာခြင်း သို့မဟုတ် စအိုမှ သွေးစိမ်းများ ထွက်ခြင်း။

  • ဝမ်းဗိုက်ပိုင်း မအီမသာဖြစ်ခြင်း — မကြာခဏ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ဗိုက်ရစ်နာခြင်း သို့မဟုတ် အော့အန်ချင်သလို ဖြစ်ခြင်း။

  • ခန္ဓာကိုယ် အားအင်ကုန်ခမ်းခြင်း — မအီမသာဖြစ်ပြီး ခြေကုန်လက်ပမ်းကျခြင်း၊ မောပန်းလွယ်ခြင်း။

  • အကြောင်းအရင်းမရှိဘဲ ဝိတ်ကျခြင်း — အစားအသောက် လျှော့ချခြင်းမရှိဘဲ ခန္ဓာကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားခြင်း။

ဘာကြောင့် ဖြစ်ပွားရသလဲနှင့် ဖြစ်နိုင်ခြေ ပိုများသူများ

အူမကြီးနံရံရှိ ဆဲလ်များ၏ DNA (မျိုးဗီဇ) ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်ပြောင်းလဲရာမှ ကင်ဆာဆဲလ်များအဖြစ် သောင်းကျန်းကာ အကျိတ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဖြစ်ပွားစေသည့် အဓိက အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း အောက်ပါအချက်များ ရှိသူများတွင် ဖြစ်နိုင်ခြေ ပိုမို မြင့်မားပါသည်။

  • အသက်အရွယ်နှင့် မျိုးရိုး — အသက်ကြီးရင့်သူများ၊ မိသားစုထဲတွင် အူမကြီးကင်ဆာ သို့မဟုတ် အသားပို ရာဇဝင် ရှိသူများ။

  • အူလမ်းကြောင်း ရောဂါအခံ — အူမကြီးတွင် အသားပို ရှိဖူးသူများ သို့မဟုတ် နာတာရှည် အူရောင်ရမ်းသည့် ရောဂါ ရှိသူများ။

  • နေထိုင်စားသောက်မှု အလေ့အထ — အမျှင်ဓာတ် နည်းပါးပြီး အဆီဓာတ်များသည့် အစားအစာများ စားသုံးခြင်း၊ အထိုင်များခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ ရှိခြင်း၊ ဆေးလိပ်နှင့် အရက် သောက်သုံးခြင်း။

ရောဂါရှာဖွေခြင်းနှင့် အဆင့်သတ်မှတ်ခြင်း

  • အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (Colonoscopy) — မှန်ပြောင်းသုံး၍ အူမကြီးအတွင်းပိုင်း အခြေအနေကို တိုက်ရိုက် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် လိုအပ်ပါက အသားစယူ (Biopsy) စစ်ဆေးခြင်း။

  • သွေးစစ်ခြင်းနှင့် ဝမ်းစစ်ခြင်း — သွေးတွင်း ကင်ဆာဓာတုပစ္စည်း (CEA) ပမာဏ စစ်ဆေးခြင်း သို့မဟုတ် ဝမ်းတွင်း လျှို့ဝှက်သွေးပါဝင်မှုကို စစ်ဆေးခြင်း။

  • အဆင့် သတ်မှတ်ခြင်း (Staging) — CT Scan ပုံရိပ်ဖော် စနစ်များ အသုံးပြု၍ ကင်ဆာ၏ ပြန့်နှံ့မှုပေါ် မူတည်ကာ အဆင့် 0 မှ IV အထိ သတ်မှတ်ပြီး သင့်တော်သည့် ကုသမှုကို ရွေးချယ်ပါသည်။

ထိရောက်သည့် ကုသမှု နည်းလမ်းများ

  • ခွဲစိတ်ကုသခြင်း (Surgery) — အစောပိုင်းအဆင့်များတွင် မှန်ပြောင်းမှတစ်ဆင့် အသားပို ဖယ်ရှားခြင်း (Polypectomy/EMR) ပြုလုပ်နိုင်ပြီး၊ ပြင်းထန်ပါက ဗိုက်ဖောက်၍ဖြစ်စေ၊ ဗိုက်ဖွင့်၍ဖြစ်စေ ကင်ဆာကျိတ်နှင့် အနီးတဝိုက် အူမကြီး/ပြန်ရည်ကျိတ်များကို ဖယ်ရှားခြင်း (Colectomy)။

  • ဓာတ်ရောင်ခြည် ကုထုံး (Radiation Therapy) — အပြင်းစား X-rays များဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း။

  • ထိရောက်သော ဆေးဝါးကုထုံးများ — ကင်ဆာဆဲလ်များကို ပစ်မှတ်ထား ဖျက်ဆီးသည့် Targeted Therapy နှင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးသည့် Immunotherapy တို့ ဖြစ်ပါသည်။

ရောဂါဆိုးမှ ကာကွယ်ရန် နေ့စဉ် အလေ့အထများ

၁။ လတ်ဆတ်သော သစ်သီးဝလံများနှင့် အမျှင်ဓာတ် ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်များကို တိုးမြှင့်စားသုံးပါ။

၂။ ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကို အပြီးတိုင် ရှောင်ကြဉ်ပါ။

၃။ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပြီး ကျန်းမာသည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၄။ အသက်အရွယ် ရလာသူများ သို့မဟုတ် မျိုးရိုးရှိသူများအနေဖြင့် အူမကြီး မှန်ပြောင်းပုံမှန် ကြည့်ရှုစစ်ဆေးပါ။

အစောပိုင်းအဆင့်တွင် သိရှိပါက ထိရောက်စွာ ကုသပျောက်ကင်းနိုင်ခြေ အလွန်မြင့်မားသဖြင့် မိမိကိုယ်ကို စနစ်တကျ စောင့်ရှောက်ဖို့ မမေ့ပါနဲ။ သင့်ကျန်းမာရေးနှင့် သုခချမ်းသာအတွက် Hug Myanmar က အမြဲတမ်း ဘေးနားမှာ ကူညီစောင့်ရှောက်ပေးလျက် ရှိပါသည်။