“အကြီးမို့လို့ ဦးစားပေးရမယ်၊ အငယ်မို့လို့ အလိုလိုက်ရမယ်…”
ဒီလိုနဲ့ပဲ မိသားစုရဲ့ အလယ်ဗဟိုမှာ ရောက်နေတဲ့ အလတ်တွေဟာ ခံစားချက်တွေကို မျိုသိပ်၊ အလိုက်တသိနဲ့ နေရာတိုင်းမှာ အလျှော့ပေးရင်း ကြားဝင်ညှိနှိုင်းပေးသူအဖြစ် မသိစိတ်က ပုံသွင်းခံလိုက်ရတတ်ပါတယ်။ “အလတ်ဆိုရင် အလယ်မှာ လပ်ပြီးကျန်ခဲ့ရတယ်” ဆိုတဲ့ စကားအတိုင်း မိသားစုဂရုစိုက်မှုရဲ့ အစွန်းနှစ်ဖက်ကြားမှာ ကိုယ့်ခံစားချက်တွေကို အမြဲနောက်ဆုတ်ထားရတာ ရင်းနှီးပြီးသား ပင်ပန်းမှုတစ်ခုလို ဖြစ်နေပြီလား။
ဒါဟာ စိတ်ပညာမှာ “Middle Child Syndrome” လို့ ခေါ်လေ့ရှိတဲ့ အခြေအနေတစ်ခုပါ။ အကြီးနဲ့ အငယ်ကြားမှာ သီးခြားခွဲထွက်နေသလို ခံစားရခြင်း၊ ကိုယ့်ရဲ့လိုအပ်ချက်တွေ လျှစ်လျူရှုခံရခြင်း၊ ဘာကိစ္စမဆို ငြင်းပယ်ဖို့ ခက်ခဲပြီး အရာရာကို ခေါင်းငြိမ့်လက်ခံနေမိခြင်းတွေဟာ အလတ်အများစု ရင်ဆိုင်ရတဲ့ တိတ်တဆိတ် ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။
ဒီလို စိတ်ဒဏ်ရာတွေဟာ အရွယ်ရောက်လို့ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါမှာလည်း မသိစိတ်ကနေ လွှမ်းမိုးနေတတ်ပါတယ် –
-
People Pleaser ဖြစ်လာခြင်း – ဘေးလူတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်လွန်းလို့ ကိုယ့်အတိုင်းအတာထက် ပိုပြီး ကူညီပေးမိတာ၊ အားနာလွန်းလို့ မငြင်းရဲတာမျိုးတွေ ဖြစ်လာပါတယ်။
-
ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းလာခြင်း – ကြိုးစားသမျှကို ဘယ်သူမှ သတိမထားမိဘူးလို့ ခံစားရတာကြောင့် ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သံသယဝင်လာတတ်ပါတယ်။
-
တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းခြင်း – “ငါ့ကို ဘယ်သူမှ ကူညီမှာ မဟုတ်ဘူး” ဆိုတဲ့ အတွေးကြောင့် ဘာအခက်အခဲပဲကြုံကြုံ တခြားသူကို အကူအညီမတောင်းဘဲ ဝန်ထုတ်ဝန်ပိုးအားလုံးကို တစ်ယောက်တည်း ထမ်းထားတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးကို ရောက်နေပြီဆိုရင်တော့ တခြားသူတွေကို အလိုက်သိပေးနေတာတွေ ခဏရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်စောင့်ရှောက်ဖို့ အချိန်တန်ပါပြီ။
၁။ “မရဘူး / မလုပ်ပေးနိုင်ဘူး” လို့ ပြတ်ပြတ်သားသား ငြင်းဆိုပါ အမြဲတမ်း အလိုက်သိပေးနေရတာဟာ သင်တစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ စိတ်အဆင်ပြေမှုကို ပထမဦးစားပေးပါ။
၂။ ကိုယ့်လိုအပ်ချက်နဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပါ မိသားစု ဒါမှမဟုတ် ပတ်ဝန်းကျင်ကို “ငါလည်း ဒီလိုခံစားရတယ်၊ ငါ့မှာလည်း ဒီလိုအပ်ချက်ရှိတယ်” ဆိုတာကို တိတိကျကျ ချပြပြောဆိုဖို့ မတွန့်ဆုတ်ပါနဲ့။
တခြားသူတွေကို နားလည်ပေးဖို့ ကြိုးစားခဲ့သလောက် အခုချိန်မှာတော့ သင့်ရဲ့ကိုယ်ပိုင် ခံစားချက်နဲ့ ဂုဏ်သိက္ခာကို ပထမဦးစားပေးအဖြစ် ပြန်လည်သိမ်းပိုက်လိုက်ပါ။ သင်ဟာ လစ်ဟာကျန်ခဲ့ရမယ့်သူ မဟုတ်ပါဘူး။
