လက်မောင်းကပ်ရောဂါသည် နေ့စဉ်အသုံးပြုနေသောလက်မောင်းဆုံအတွင်းမှ ရုတ်တရက်မြှောက်လိုက်လျှင် နာကျင်ပြီး အဆုံးအထိမြှောက်မရ သောဝေဒနာမျိုးခံစားရသည့် ရောဂါဖြစ်သည်။
အနောက်တိုင်းဆေးပညာက (frozen shoulder) ပခုံးခဲရောဂါဟုခေါ်သည်။
ရောဂါဟုခေါ်သော်လည်း ကူးစက်ရောဂါမဟုတ်ပါ။ လက်အနေအထားမှားယွင်းစွာအသုံးပြုမိရာမှ ပခုံးအတွင်းမှ အရွတ်၊အမြှေးရောင်သွားသောဝေဒနာဖြစ်သည်။ ပခုံးကို ထိခိုက်မိခြင်း၊ချော်လဲခြင်း၊ စက်ဘီး ဆိုင်ကယ်လဲခြင်းကြောင့်လည်းဖြစ်နိုင်သည်။
လက်မောင်းကပ်ခြင်းသည်တဖြည်းဖြည်းဖြစ်လာသည်ကများသည်။လက်ကိုဆန့်တန်းမြှောက်လျှင်နာသည်။ နောက်ကျောပြင်ကုပ်လျှင်အပေါ်အထိမရ။ အမျိုးသမီးများ ဆံပင်ထုံးမရ။
ဇက်ကျီးပေါင်းရှိလျှင်လည်းဖြစ်တတ်သည်။တစ်ဘက်သပ် ဖိအိပ်လေ့ရှိသူများတွင်လည်းဖြစ်တတ်သည်။
လေ့ကျင့်ခန်းလုပ်ပါ
လက်မောင်းကပ်လျှင် လေ့ကျင့်ခန်းလုပ်ပါ။ အနာခံ၍ပြုလုပ်ပါ။ လက်ကို ရသမျှ အပေါ်မြှောက် ၊ နောက်ကွေး ၊ရှေ့ဆန့် အကြိမ်(၂၀) ခန့်ရအောင်ပြုလုပ်ပေးပါ။ တစ်နေ့ (၃) ကြိမ်ပြုလုပ်ပါ။
လက်ညာဘက်ဖြစ်လျှင်ပျောက်လွယ်သည်။အသုံးပြုနေ၍။ဘယ်ဖက်ဖြစ်လျှင်ပိုကြာသည်။ အသုံးနည်း၍။
(သန်ရာလက်ကိုဆိုလိုပါသည်။ ဘယ်သန်လျှင် . ညာပျောက်ခဲမည်)။အနှိပ်ခံစရာမလိုပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်လျှင် ၁၄ ရက်အတွင်းသက်သာပျောက်ကင်းနိုင်ပါသည် ။
ကြပ်ထုပ်ထိုးကုသခြင်း
ဆားကြပ်ထုပ်ထိုးနိုင်ပါသည်။ မိဿလင်ကြပ်ထုပ်ကတော့အကောင်းဆုံးပါ။ ရေနွေးငွေ့ခံထိုးပါ။ အပူခံနိုင်ရုံသာထိုးပါ။မုံညှင်းဆီလိမ်းပြီးထိုးလျှင် ချောမွေ့ပြီး အပူလောင်သက်သာသည်။
ဇက်ကျီးပေါင်းနေရာတွင် သင်္ဘောရွက်မီးကင်ပြီးကပ်ပေးပါ။ဘန်ဒါရွက်(ဗာဒံရွက်)ကပ်လျှင်လည်းရသည်။
ချင်းခြောက်မှုံ့ ၃ဆ၊လင်းနေမှုံ့ ၁ဆ ၊ သစ်ကြမ်းပိုးအခေါက်မှုံ့ ၁ဆ ရော ရေနွေးနှင့်ဖျော် လက်မောင်းဆုံတွင်အုံစည်းလျှင်
လက်မောင်းကပ်ရောဂါပျောက်ပါသည် ။
ကျီးပေါင်းတက်ခြင်း
ဇက်ကျီးပေါင်းတက်သူများတွင်လည်း သွယ်ဝိုက်သောနည်းဖြင့် လက်မောင်းကပ်ရောဂါဖြစ်လာတတ်သည်ကိုတွေ့ရတတ်ပါသည်။ထိုအခါ ဇက်ကျီးပေါင်းကိုပါသက်သာအောင်တွဲဘက်ကုသပေးရပါသည်။ အထူးသဖြင့် ခေါင်းငုံ့စာရေးများသူတို့တွင် ဇက်ကျီးပေါင်းတက်ရောဂါဖြစ်လေ့ရှိသည်။
ဇက်ရိုး၊လည်ပင်းရိုးဆစ် ၅,၆,၇ တွင်ကျီးပေါင်းရှိသူများမှာ လက်မောင်းကပ်ရောဂါ ဖြစ်လေ့ရှိသည်ကိုတွေ့ရတတ်ပါသည်။
ကျည်းပေါင်းတက်ရောဂါကိုသောက်ဆေး စားဆေးဖြင့် မပျောက်ကင်းနိုင်ပါ။ ပိုဆိုးမလာအောင် လေ့ကျင့်ခန်းလုပ်ခြင်း။ တောင့်တင်းခြင်းအတွက်ဆေးလိမ်းခြင်း။အကြောပြင်ဆရာဖြင့်အကြောပြင်ခြင်း။ တ်ုင်းရင်းဆေးဖြင့် ကြပ်ထုပ်ထိုးခြင်းဖြင့်လည်းသက်သာစေနိုင်သည်။
ကျည်းပေါင်းအတွက်အကောင်းဆုံးမိဿလင်ကြပ်ထုပ်။ ကျည်းပေါင်းတက်ရောဂါကိုဆေးခန်းတွင် ရက်အနည်းငယ် အကြောပြင်၊ ဆေးကပ်၊ခဲဆွဲရုံနှင့်မပျောက်ပါ။
ကုသပြီးနောက် မိမိအိမ်တွင်ဆက်လက်ပြီး ဆေးလိမ်း၊ လေ့ကျင့်ခန်းလုပ်၊ကြပ်ထုပ်ထိုးနေဖို့လိုပါသည်။
ကြပ်ထုပ်ပြုလုပ်နည်းကိုဝေငှပါမည်။ စာရေးသူ၏ဆေးခန်းတွင် သုံးစွဲနေသောနည်းပါ။
ပြုလုပ်ပုံအဆင့်ဆင့်။ နှစ်ကြာခါးနာ။ဇက်ကြောတက်ဝေဒနာသည်များ။ဆောင်းရာသီတွင်အအေးပတ်လျှင်ခေါင်းမူးတတ်သူများအတွက်..ရေနွေးငွေ့ဖြင့်အပူပေး၍အချိန်မရွေးကြပ်ထုပ်ထိုးပေးနိုင်ပါသည်။
အထုပ်နှစ်ထုပ်ပြုလုပ်ပြီးတစ်လှည့်စီ နာရီဝက်ခန့်ထိုးပါ။ မုံညှင်းဆီ၊နှမ်းဆီအရင်လိမ်းပြီးမှထိုးလျှင်ပို၍ချောမွေ့ပါသည်။
ဆေးခန်းသွား၍ငွေကုန်ခံမည့်အစားမိမိအိမ်တွင်သက်သာမည့်နည်းလမ်းဖြစ်ပါသည်။
မိဿလင်တစ်မျိုးတည်းနှင့်ကျီးပေါင်းပြေ။ဒဏ်ကျေစေနိုင်ပါသည်။ပရဆေးဆိိုင်မှာမိဿလင်ဥဝယ်ပြီးအမှုန့်ကြိတ်အပ်လိုက်လျှင်ရပါသည်။ အခိုးထွက်သည့်ပိတ်စအကြမ်းကိုအသုံးပြုပါ။
ဇက်ကျီးပေါင်း။ခါးဆစ်ကျီးပေါင်းကို မိဿလင်ကြပ်ထုပ်ထိုးပြီးလျှင် သဘော်
ရွက်ကိုပျော့အောင်ရေနွေးခဏစိမ်ပြီးကပ်ပေးပါ။ကျီးပေါင်းတဖြည်းဖြည်းပါ:သွားပါလိမ့်မည်။ဆေးပူတွေအမြဲမလိမ်းပါနှင့်။ပရုပ်ဆီမလိမ်းပါနှင့်။ ပူလျှင်ယားလျှင်သနပ်ခါးမြစ်နှင့်ဆားသွေးလိမ်းပါ။
ငြိမ်နေလျင်ပိုဆိုး
အချို့ရောဂါ ဝေဒနာများသည် အနားယူမှသာပျောက်ကင်းသည်။ ဥပမာ ခါးနာရောဂါ အခြေအနေတိုးလျှင် အကြောအဆစ်ကုဆရာဝန်ကြီးများက (bed – rest)ခေါ် အိပ်ယာပေါ်တွင်အနားယူခြင်းကို ရက်ရှည်လုပ်ခိုင်းလေ့ရှိသည်။ ဒူးဆစ်ခိုက်မိဒဏ်ရာရသူများလည်း ဒဏ်ရာအနာကျက်သည်အထိအနားယူရလေ့ရှိသည်။
လက်မောင်းကပ်ရောဂါကုသရာတွင် ဤကဲ့သို့ အနားယူခိုင်း၍မရပေ။ လက်မလှုပ်ရှားပဲထားလျီင်ပို၍ပင်ကပ်သွားတတ်သည်။ လေ့ကျင့်ခန်းပါပြုလုပ်ပေးရသည်။
လေ့ကျင့်ခန်းများမှာ
(၁)လက်ကို အထက်သို့မြှောက်ခြင်း အောက်သို့ချခြင်းကို (၁၀)ကြိမ်။
(၂) လက်ကို ကွေး၍ ခါးထောက်ခြင်း၊ပြန်အောက်ချခြင်း(၁၀)ကြိမ်။
(၃) လက်ဝါးကို ပက်လက်ဖြန့်ပြီး ပခုံးက်ုထိခြင်း (၁၀)ကြိမ်။
(၄) လက်မောင်းကိုကွေး၍ပခုံးကိုထိထားပြီး စက်ဝိုင်းပတ် နာရီလက်တံအတိုင်းလှည့်ခြင်း(၁၀)ကြိမ်။
(၅)လက်မောင်းကိုကွေး၍ပခုံးကိုထိထားပြီး စက်ဝိုင်းပတ် နာရီလက်တံ ဆန့်ကျင်ဖက်အတိုင်းလှည့်ခြင်း(၁၀)ကြိမ်။
ထိုလေ့ကျင့်ခန်း(၅) မျိုးကို တစ်ကြိမ်ထည်း တစ်ဆက်တစ်စပ်ထည်း ပြုလုပ်ပါ။ စိတ်ရှည်ရှည်နှင့်ဖြည်းဖြည်းချင်းပြုလုပ်ပါ။ လေ့ကျင့်ခန်း(၁၄) ရက်ပြုလုပ်လျှင်လက်မောင်ဒကပ်ခြင်းမှသိသိသာသာသက်သာလာပါလိမ့်မည်။
လက်မောင်းကပ်အတွက်ဆေးနည်းတိုများ
(၁)မုံညှင်းဆီ(၁၀)ကျပ်သားတွင် ချင်းတက် (၃)ကျပ်သားထည့်ပြီးမီးနှင့်ဆူအောင်ချက်ထားပြီး ခပ်နွေးနွေးလိမ်းပေးပါ။
(၂) လက်မောင်းဆုံမှကိုက်ခဲလျှင် ဗာဒံရွက်အနုကိုမီးကင် မုံညှင်းဆီသုတ်ပြီး လက်မောင်းဆုံတွင်ကပ်ပြီး ပတ်တီးစည်းထားပါ။
(၃) ချင်းတက်အစို နှင့် မိဿလင်ဥ အစိုတို့ကိုရောထောင်းပြီး လက်မောင်းဆုံတွင်အုံပြီး ပတ်တီးဖြင့် (၃)နာရီကြာအောင်စည်းထားလျှင် အကိုက်သက်သာသည်။
(၄) မိဿလင် အခြောက်မှုန့်ကို အဝတ်ဖြင့်ထုပ်ပြီး ကြပ်ထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး လက်မောင်းတလျှောက် ကြပ်ထုပ်ထိုးပေးပါ။
(၅) ဇက်နှင့်လက်ပြင်တလျှောက်အကြောတင်း ကိုက်ခဲလျှင် သင်္ဘောရွက်အနုကို ပျော့အောင် ရေနွေးစိမ်ပြီး ကပ်ပေးပါ။
(၆)တောရှောက်မြစ် သက်ရင်းကြီးမြစ်များသွေးလိမ်းလျှင် လက်မောင်းကပ်သက်သာစေသည်။