howbabyguide

ကိုယ်ပူလျှင်
ဒီအချိန်မှာ မိမိကလေးနေမကောင်းဖြစ်ရင် အကြောင်းအမျိုးမျိုးကြောင့် မိဘတွေစိုးရိမ်ရပါတယ်။ စိုးရိမ်သင့်တာ မစိုးရိမ်ဘဲ မစိုးရိမ်သင့်တာ စိုးရိမ်နေကြတာလည်း ရှိပါတယ်။
ဆေးကျောင်းတွေမှာစာသင်ရင် ရောဂါအကြောင်း သီအိုရီသင်ရုံနဲ့ လူနာကိုလက်တွေ့ကုသရန်ခက်ခဲပါတယ်။ လူနာလက္ခဏာ/ပြဿနာပေါ်မူတည်ပြီး လူနာဖက်ကပြန်စဉ်းစား ၊တဆင့်ချင်းပြန်လည်ချဉ်းကပ်မှ ပိုအဆင်ပြေထိရောက်ပါတယ်။
ဒါ့ကြောင့် အဖြစ်များတဲ့ လက္ခဏာတွေပေါ်အခြေခံပြီး ဥပမာပေးကာ အိမ်မှာကုသနည်းတချို့ လမ်းညွှန်ပေးပါ့မယ်။ ဒီနေရာမှာဆေးတစ်ချို့ကိုတော့ အခြေအနေအရ နာမည်ပေးဖေါ်ပြရပါမယ်။
အကျယ်ပြန်ဖတ်ဖို့ သက်ဆိုင်ရာ link တွေပြန် share ပေးပါ့မယ်။
⭐️⭐️⭐️ ပထမဆုံးအရေးကြီးတာက ဘာရောဂါဖြစ်ဖြစ် ဘယ်အချိန်မဆို ဆေးရုံအမြန်သွားရမည့် အခြေအနေများကို မိဘတွေ သတိရှိဖို့ပါ။
အထူးသဖြင့် –
😴 မှိန်းပြီး အရမ်းအိပ်နေတဲ့ကလေး
🤮 အရမ်းအန်ပြီး နို့/အရည်တောင် မဝင်တဲ့ ကလေး
😞 ကိုယ်ပူကျတာတောင် အသက်ရှူအရမ်းမြန်နေတဲ့ ကလေး
🤒 ၃ ရက်ဆက်တိုက် တအားဖျားနေတဲ့ကလေးတွေပါ။
⭐️⭐️⭐️အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်ရင်လည်း ဆေးရုံပြပါ။
အဖြစ်အများဆုံး ဥပမာနဲ့စပါမယ်။ ကလေးကိုယ်ပူတယ်ဆိုပါစို့။ ဒီနေရာမှာ တကယ်ပူတာ၊ အဖျားတိုင်းရင် ၉၉-၁၀၀ ကျော်နေတာ၊ ကိုယ်ပူလို့ ကလေး နုံးနေ/မှိန်းနေတာကိုဆိုလိုပါတယ်။ တချို့က ကလေးကဆော့နေ/ လန်းနေပြီး ခြေဖျား/လက်ဖျား/ခေါင်း နွေးတယ် ပူတယ်ထင်တာပါ။ အဖျားတိုင်းရင်လည်း အဖျားမရှိပါ။ ဒါမျိုးကို ဆေးမတိုက်လိုပါ။
😜 ကလေးကို ခဏခဏ သွား မကိုင်/မစမ်းပါနဲ့။
👉 တကယ်ပူရင်တော့ ပါရာစီတမောစတိုက်ပါ။ ကလေးအသက်၊ ပေါင်ချိန်၊ တိုက်တဲ့ ပါရာစီတမောအမျိုးအစားပေါ်မူတည်ပြီး တိုက်သင့်တဲ့ပမာဏ တိုက်ရပါမယ်။
အဖျားဟာ အကြောင်းအမျိုးမျိုးကြောင့် တအားတက်နိုင်ပါတယ်။ ပါရာတိုက်လည်း ကျချင်မှကျမယ်။ ဒါမှမဟုတ် ၂ နာရီ ၃ နာရီနဲ့ ပြန်တက်ချင်တက်မယ်။ ပူချစ်နေမယ်၊ ချွေးပြန်မယ်/ချွေးထွက်ချင်မှထွက်မယ်၊ ပူနေတဲ့အချိန် မှိန်းမယ်၊ ဒါကိုစိုးရိမ်ပြီး ပါရာထပ်မတိုက်ပါနဲ့။ တိုက်တဲ့ပမာဏမှန်ဖို့တော့ လိုပါတယ်။ စအိုထဲဆေးမထည့်ပါနဲ့။ ပါးစပ်ကဘယ်လိုမှမဝင်မှ စအိုကထည့်ပါ။ အနည်းဆုံး ၄နာရီလောက်ခြားပြီးမှထပ်တိုက်ပါ။ အဝတ်အစားပါးပါးဝတ်၊ အခန်းအေးအေးထားပါ။ aircon သုံးနိုင်ပါတယ်။
👉 အစာမဖြတ်ပါနဲ့၊ နို့မဖြတ်ပါနဲ့၊ ထမင်းစားချင် ထမင်းဆက်ကျွေးပါ။ ခံတွင်းပျက်လို့ မစားချင်ရင်တော့ အတင်းမကျွေးပါနဲ့၊ သူကြိုက်တာကျွေးပါ။အသီးအနှံကျွေးပါ။ ရေ/ အရည် များများတိုက်ပါ။ ရေချိုးပါ။
👉 တစ်ပြိုင်နက်ထဲမှာတခြားလက္ခဏာတွေ ပေါ်လာသလား ကြည့်ပါ။ သာမန်နှာစေးချောင်းဆိုး၊ ဝမ်းပျော့တာလောက်၊ တစ်ခါနှစ်ခါအန်တာလောက် ရှိနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ ခြေလက်ကိုက်ခဲနိုင်ပါတယ်။ သာမန်ထက်ပိုဂျီကျနိုင်ပါတယ်။
အဲဒီနှာစေးချောင်းဆိုး၊ အန်တာ၊ ဝမ်းပျက်တာ သိပ်ဆိုးလာရင် ဘယ်လိုကု ရမလဲဆိုတာဒုတိယပိုင်းဆက်ပြောပါမယ်။
👉 ပဋိဇီဝဆေး (ပိုးသတ်ဆေး) လိုနိုင်တဲ့အခြေအနေတွေကိုလည်းဆန်းစစ်ပါ။ ဥပမာ – နားပြည်ယိုသလား၊ ဆီးသွားရတာနာကျင်နေလား၊ အဆစ်တွေရောင်နေသလား၊ ပြည်တည်နာတွေရှိသလား၊ ချောင်းဆိုးရင်ကျပ်ပြီးအသက်ရှူမြန်နေသလား၊ ဝမ်းသွားရင် သွေးပါသလား၊ ဒါတွေစစ်ဆေးပေးပါ။
ဒီလိုပိုးသတ်ဆေးလိုနိုင်တဲ့လက္ခဏာတွေရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ကုသပြီးပိုးသတ်ဆေးတိုက်ရပါမယ်။
မလိုဘဲ ပဋိဇီဝဆေး (ပိုးသတ်ဆေး)တွေ ကိုယ့်သဘောနဲ့ကိုယ်မတိုက်ပါနဲ့၊ အဖျားအများစုဟာ ဗိုင်းရပ်စ် ပိုးတွေကြောင့်မို့ ပိုးသတ်ဆေးမလိုပါ။ ပိုးသတ်ဆေးဟာ အဖျားဖြတ်ဆေးမဟုတ်ပါ။
ပထမ ၂ ရက်လောက် အထက်ပါအတိုင်း စောင့်ကြည့်ကုသလို့ရပါတယ်။ အများစုပြန်ကောင်းမှာ သက်သာလာမှာပါ။
အပိုင်း ၂ – ဒုတိယအပိုင်းမှာတော့အဖျားနဲ့တွဲပြီးဖြစ်လာတဲ့ နှာစေးချောင်းဆိုးလက္ခဏာတွေကိုအိမ်မှာဘယ်လိုကုမလဲဆိုတာဆက်ပြောပြပါ့မယ်။
ဖျားနေတဲ့ကာလအတွင်းမှာ နှာစေးချောင်းဆိုး နှာခေါင်းပိတ်ဖြစ်လာနိုင်ပါတယ်။ အန်နိုင်တယ်၊ ဝမ်းအရည်သွားနိုင်သလို ဝမ်းချုပ်နိုင်ပါတယ်။ ဘာလက္ခဏာပဲဖြစ်ဖြစ် သိပ်မဆိုးရင်၊ နှာစေးချောင်းဆိုးလို့ အအိပ်အစားအဆော့ မပျက်ရင် ဆေးမလိုပါ။
ရောဂါလက္ခဏာတစ်ခုဖြစ်တိုင်းဆေးတစ်မျိုးထပ်ထပ်မပေးပါ။အချို့သောလက္ခဏာတွေဟာသူ့သဘာဝပျောက်တဲ့သဘောရှိပြီးဆေးကြောင့် ကလေးကိုပိုဆိုးနိုင်ပါတယ်။
👉 နှာရည်အရမ်းကျရင် နှာစေးချောင်းဆိုးအရမ်းများရင် anti histamine ဖြစ်တဲ့ Cetrine (Cetirizine) လိုဆေးမျိုးတိုက်ပါ။
10mg ပါတဲ့ဆေးလုံးကို –
၆လနဲ့ ၂ နှစ်ကြား – လေးပုံတစ်ပုံ (2.5mg)
၂နှစ် နဲ့ ၅နှစ်ကြား – သုံးပုံတစ်ပုံ (3.3mg)
၅ နှစ် မှ ၁၀ နှစ် – တစ်ခြမ်း (5mg) နဲ့
၁၀ နှစ်အထက် – ၁ လုံးခန့် တိုက်နိုင်ပါတယ်။
အရည်ဆိုရင်တော့ 1 ml မှာ ဘယ်လောက် mg ပါလည်းကြည့်ပါ။ 1 ml မှာ 1mg (5 ml မှာ 5mg) ပါရင် 2.5mg အတွက် 2.5 ml တိုက်ပါ။ 5 mg အတွက် 5 ml တိုက်ပါ။
ပုံမှန်တစ်ကြိမ်ပဲတိုက်ပါ။ မသက်သာရင် မနက် ည တိုက်ပါ။ အိပ်ငိုက်နိုင်တာ သတိထားပါ။ လိုမှတိုက်ပါ။ အရမ်းငိုက်ရင် လျှော့တိုက်ပါ။
အကြမ်းဖျင်းပြောရင် နှာစေး၊ နှာချေတာအတွက်၊ နှာအရမ်းစေး ချောင်းနည်းနည်းပါးပါးဆိုးတာအတွက် အထက်မှာ ပြောခဲ့တဲ့ Cetrine (Cetirizine) အခဲ/အရည်နဲ့ လုံလောက်ပါတယ်။
👉 ၆လအောက်ကလေးတွေ အတွက်တော့ နှာစေးချောင်းဆိုးကို ဆေးမတိုက်ချင်ပါ။ နို့စို့မလျော့လျှင် မစိုးရိမ်ရပါ၊ ၁ နှစ် ၂နှစ်အောက်ကလေးတွေ နှာခေါင်းပိတ်ရင်တော့ ဆားရည် အစက်ချဆေး (NS saline drop/ physiodose စတဲ့ နာမည်တွေနဲ့ ဝယ်ပါ) သုံးပါ။
👉 ၁နှစ် ၂ နှစ်အောက် ကလေးတွေ နှာစေးချောင်းဆိုးမှာ Baby cough ဆေးရည်လိုမျိုး၊ Baby cough with anti histamine လိုမျိုး သုံးနိုင်ပါသေးတယ်။ Baby cough ဆိုတာက ချောင်းဆိုးအတွက်ဖြစ်ပြီး Baby cough with anti histamine ကတော့ နှာစေး ချောင်းဆိုးရောနေတာအတွက်ဖြစ်ပါတယ်။ ပမာဏအနေနဲ့ 2.5ml မှ 5ml အထိ ၂ ကြိမ် မှ ၄ ကြိမ် အထိ ကလေးအသက်၊ သက်သာ/မသက်သာ၊ အိပ်ငိုက်/မငိုက် စသည်တို့အပေါ်မူတည်သုံးနိုင်ပါတယ်။
👉 ချောင်းဆိုး အတွက် နောက်သုံးနိုင်တာတစ်မျိုးကတော့ dextromethorphan ပါတဲ့ ဆေးမျိုးဖြစ်ပါတယ်။
dextromethorphan ပမာဏနည်းတဲ့ဆေးမျိုး ဥပမာ – Atussin လိုဆေးမျိုးကို နှာစေးရော ချောင်းဆိုးအတွက်ပါ သုံးနိုင်ပါတယ်။ အသက်ပေါ်မူတည်ပြီး –
၆လနဲ့ ၂ နှစ်ကြား – 2.5 ml
၂နှစ် နဲ့ ၆နှစ်ကြား – 3.5 – 5 ml
၆နှစ်အထက် – 7.5-10 ml ခန့် ၂-၃ ကြိမ်ခန့်တိုက်နိုင်ပါတယ်။
အိပ်ငိုက်/မငိုက်၊ သက်သာ/မသက်သာပေါ် မူတည်ပြီး ပမာဏ၊ အကြိမ် အတိုးအလျှော့ လုပ်ပါ။
👉 ရင်ကျပ်ပြီးချောင်းဆိုးရင်တော့ salbutamol/ventolin လိုဆေးမျိုးပါမှပျောက်ပါတယ်။ ဒါကတော့ နားကျပ်နဲ့နားထောင်စမ်းသပ်ဖို့ လိုပါတယ်။ မှန်းတိုက်ရတာ ခက်ပါတယ်။ အရင်ကျပ်ဖူးရင် အရင်တိုက်ဖူး/ ရှူဖူးတဲ့ ဆေး ၁ ကြိမ် ၂ကြိမ် ပြန်ပေးကြည့်လို့ သက်သာရင် ဆက်ပေးပါ။
နှာစေးချောင်းဆိုးပျောက်ဆေးတွေကို လိုမှ၊ ကလေးအအိပ် အစားပျက်အောင် ဆိုးမှသုံးပါ၊ တစ်မျိုးပဲသုံးပါ။
ဆေးပမာဏနဲ့အကြိမ်ကိုကလေးလက္ခဏာပြတဲ့အပေါ်မူတည်ပြီးတော့ အနည်းငယ်အတိုးအလျှော့လုပ်နိုင်ပါတယ်။ တိုက်ရမည့်ရက်လည်းအတိအကျမရှိပါ။ သက်သာရင် အကြိမ်စလျှော့၊ ရပ်လို့ရပါတယ်။ မသက်သာ/ပိုဆိုးနေတာကြီးကိုတော့ ဒီဆေးတစ်မျိုးတည်းကိုနှစ်ရက်သုံးရက်ဆက်ပြီးမတိုက်ပါနဲ့။
အစားအသောက်နဲ့ပတ်သက်ရင် အရည်များများတိုက်ပါ။ ရေနွေးလို ခံတွင်းနဲ့အာခေါင်ကိုနွေးစေတဲ့အရည်မျိုးကပိုသင့်တော်ပါတယ်။ ကလေးအနီးမှာခြင်ဆေးငွေ့၊ဆေးလိပ်ငွေ့တွေမရှိပါစေနဲ့။
နှာစေးချောင်းဆိုးချွဲကျပ်အများစုမှာလဲ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွက် သုံးလေးငါးရက်အတွင်းမှာသက်သာလေ့ရှိပါတယ်

KyawLinn (ကလေးအထူးကု)