“ငါက ငယ်ပါသေးတယ်၊ ရင်းနှီးမြှုပ်နှံဖို့က နောက်မှပေါ့” လို့ တွေးနေပါသလား? တကယ်တော့ ရင်းနှီးမြှုပ်နှံမှုမှာ အကောင်းဆုံးသော လက်နက်က “အချိန်” ဖြစ်ပါတယ်။ အသက် ၃၀ မတိုင်ခင်မှာ စတင်လိုက်တဲ့ သေးငယ်တဲ့ ရင်းနှီးမြှုပ်နှံမှုက အသက် ၅၀ မှာ ကြီးမားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။

Hug Myanmar ကနေ လူငယ်တွေအတွက် အချိန်မနှောင်းခင် စတင်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှု (၅) မျိုးကို လမ်းညွှန်ပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်း (Invest in Yourself)

ဒါကတော့ အရေးအကြီးဆုံးနဲ့ အမြတ်အစွန်းအများဆုံး ရင်းနှီးမြှုပ်နှံမှုပါ။ ဘာသာစကားအသစ် သင်ယူတာ၊ နည်းပညာပိုင်းဆိုင်ရာ Skill တွေ (ဥပမာ – AI, Digital Marketing) တိုးတက်အောင် လုပ်တာက သင့်ရဲ့ ဝင်ငွေရှာနိုင်စွမ်း (Earning Capacity) ကို မြင့်တက်စေပါတယ်။ ကိုယ်တိုင်က “ငွေထုတ်စက်” တစ်လုံးလို အရည်အချင်းရှိနေဖို့ လိုပါတယ်။

၂။ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း

အသက် ၃၀ ဝန်းကျင်မှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာဟာ အသက်ကြီးလာတဲ့အခါ ဆေးဖိုးဝါးခတွေကို အများကြီး သက်သာစေပါတယ်။ အာဟာရရှိတာစားခြင်း၊ ပုံမှန် Gym ဆော့ခြင်းနဲ့ လုံလောက်တဲ့ အိပ်စက်ခြင်းတို့ဟာ ရေရှည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ကျန်းမာရေးမကောင်းရင် ရှာထားတဲ့ ပိုက်ဆံတွေက ဆေးရုံမှာပဲ ကုန်သွားပါလိမ့်မယ်။

၃။ Compound Interest (အမြတ်ပေါ် အမြတ်ဆင့်ခြင်း) ရဲ့ အစွမ်းကို အသုံးချခြင်း

ရင်းနှီးမြှုပ်နှံမှုတစ်ခုကို အစောကြီး စလုပ်လေ Compound Interest ရဲ့ အကျိုးကျေးဇူးကို ပိုခံစားရလေပါပဲ။ စုငွေအနည်းငယ်ကို ပုံမှန်စုဆောင်းပြီး အတိုးရနိုင်တဲ့ နေရာတွေမှာ ထည့်ထားခြင်းက ဆယ်စုနှစ်တစ်ခုအကြာမှာ သိသိသာသာ ပွားများလာမှာပါ။ ဥပမာ – လစဉ် တစ်သောင်း၊ နှစ်သောင်းကနေ စတင်ပါ။

၄။ ဘေးဖယ်ထားသင့်တဲ့ အရေးပေါ်ရန်ပုံငွေ (Emergency Fund)

ဒါကတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အရင်ဆုံး ရှိထားသင့်တဲ့ အရာပါ။ အလုပ်ပြုတ်တာ ဒါမှမဟုတ် ကျန်းမာရေးပြဿနာ တစ်ခုခုဖြစ်လာရင် အခက်အခဲမရှိအောင် အနည်းဆုံး ၆ လစာ စုဆောင်းထားသင့်ပါတယ်။ ဒါဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ။

၅။ အတွေ့အကြုံများအတွက် ရင်းနှီးမြှုပ်နှံခြင်း

ပစ္စည်းဥစ္စာတွေထက် “အတွေ့အကြုံ” တွေက ပိုပြီး တန်ဖိုးရှိပါတယ်။ ခရီးသွားခြင်း၊ သင်တန်းတက်ခြင်းနဲ့ လူမှုပတ်ဝန်းကျင်အသစ်တွေနဲ့ ထိတွေ့ခြင်းက သင့်ရဲ့ အမြင်ကို ကျယ်ပြန့်စေပါတယ်။ ဒီအတွေ့အကြုံတွေကနေတစ်ဆင့် အခွင့်အလမ်းသစ်တွေနဲ့ စိတ်ကူးသစ် (Ideas) တွေ ရရှိလာမှာပါ။

ရင်းနှီးမြှုပ်နှံမှုဆိုတာ ပိုက်ဆံအများကြီးရှိမှ လုပ်ရတာမဟုတ်ပါဘူး။ အခုလက်ရှိ ရှိနေတဲ့ အချိန်နဲ့ အင်အားကို အကျိုးရှိရှိ အသုံးချတာကနေ စတင်တာပါ။ သင်ကော… အခုလက်ရှိ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပြီလဲ?