အသက် ၈၁-နှစ် မေမေက အိမ်မှာပဲ အောက်ဆီဂျင်မရှူရ ဆေးမထိုးရဘဲ ၁၄-ရက် ကျော်ဖြတ်ခဲ့ပြီး negative ဖြစ်ပြီ ဆိုတော့ မေမေ ဘာဆေးတွေသောက် ဘာဓါတ်စာတွေစားလဲ မေးလာကြလို့ ရေးတင်ပေးတာပါရှင်။
ဘာဆေးတွေသောက်တယ်ဆိုတာ ရေးပေးချင်ပေမယ့် တစ်ဦးနဲ့တစ်ဦး ရောဂါအခံ၊ ကိုယ်ခံအား၊ viral load နဲ့ symptoms တွေ အနည်းနဲ့အများကွာကြတော့၊ ဆရာဝန်အများစုတောင် မဖြစ်မနေအခြေအနေမှာသာ Teleconsultation လုပ်ပေးကြတာမို့၊ ကျမ အကြံပေးချင်တာကတော့ online ကပဲ ဖြစ်ဖြစ် ဆရာဝန်တစ်ဦးဦးနဲ့တိုင်ပင်တာ ပိုကောင်းပါလိမ့်မယ်။
မေမေကိုယ်တိုင်လည်း ဆရာဝန် လာမကြည့်ပေမယ့် online ကနေ ညွှန်ပေးတဲ့အတိုင်း သောက်တာပါ။ ရောဂါကူးကြောင်း စသိကတည်းက ပုံမှန်စားနေကျ နေ့စဉ်ဟင်းတွေအပြင် မေမေ့ အဓိက အစားအသောက်တွေကတော့…
- ကြက်ဥ
နေ့တိုင်း ကြက်ဥပြုတ်စားပါတယ် စားနိုင်သလောက် ရံဖန်ရံခါစားတာပါ။ နောက်ပြီး ကြက်ဥတစ်လုံးအစိမ်းဖောက်၊ သကြား လက်ဘက်ရည်ဇွန်းလေးတစ်ဇွန်း (ဆီးချိုသွေးချိုသမား သကြားမသုံးပါနဲ့)၊ ဆားနည်းနည်း၊ သံပုရာသီးတစ်လုံး ညှစ်ထည့် ခလောက်ပြီး ရေနွေးပူပူလေး သင့်ရုံထည့် အမြှုပ်ထအောင် ခလောက်ပြီး မနက်တစ်ခါ ညတစ်ခါ သောက်ပါတယ်။
- ပဲနီလေးဟင်းချို
ပဲနီလေးဟင်းချိုကို ဆားလေးနဲ့ကြက်သွန်ဖြူလေးနဲ့ပဲ ချက်ပြီး နေ့တိုင်း သောက်ပါတယ်။ မစားချင်တာတွေလည်း ပဲနီလေးဟင်းချိုလေးနဲ့ မျှောချပါတယ်။ ဒီတိုင်းလည်း သောက်ပါတယ်။ တခြားဟင်းတွေမစားချင်ရင် ပဲနီလေးဟင်းချိုကို ထမင်းလေးနဲ့ဖျော်စားပါတယ်။
- ရေ/အရည်
တတ်နိုင်သမျှ ရေများများသောက်ပြီး၊ Green tea၊ ကြက်ပေါင်းရည်ဘူး နဲ့ ငှက်သိုက်ရည်ဘူးတွေကိုလည်း သောက်ပါတယ်။ Ensure ကိုတော့ တခါတလေမှ သောက်ပါတယ်။
- ကြက်သွန်ဖြူ
ဘာစားစား ကြက်သွန်ဖြူ အစိမ်း နုတ်နုတ်စင်းပြီး ထည့်စားသလို ပဲနီလေးဟင်းထဲလည်း များများထည့်ချက်ခိုင်းပါတယ်။
- ကွေကာအုပ်
အသင့်ဖျော်သောက်အထုပ်မဟုတ်၊ Original Quaker Oat ကို စားနိုင်သလောက် ချက်စား/သောက်ပါတယ်။
- ကြက်ပေါင်း
ကျမ မှာတာရော ချစ်ခင်သူတွေ ပို့တာရောနဲ့ ကြက်ပေါင်း ကို စားနိုင်သလောက် ဝင်အောင် စားပါတယ်။
တခြား ပုံမှန် လုပ်တာတွေကတော့…
- ခွေးတောက်ရွက်ကို ဆားရည်စိမ် ရေခါပြီး မကြာခဏ ချေရှူပေးပါတယ်။
- ရေနွေးငွေ့ ရှူပါတယ်။
- အသက်ရှူလေ့ကျင့်ခန်း သေချာ လုပ်ပါတယ်။
- ချောင်းဆိုးချင်တဲ့အခါ အသက်ကို ဖြေးဖြေးရှည်ရှည်ရှူသွင်းပြီး ဖြေးဖြေးရှူထုတ်တဲ့အချိန်မှာ ဗိုက်ပေါ်လက်ယှက်ဖိပြီး ကိုယ်လေးရှေ့နည်းနည်းညွတ် ပါးစပ်နည်းနည်းဟ ချောင်းဟန့်ပါတယ်။
- Prone position နဲ့ နေနိုင်သမျှ ကြာကြာလေး ကြိုးစား နေပေးပါတယ်။
- အခန်းကို လေဝင်လေထွက်ကောင်းအောင် ထားပါတယ်။
- ည အိပ်မပျော်ရင် မနက် နေ့လယ်တွေမှာ ကြိုးစားအိပ်ပါတယ်။
မေမေ စိတ်ဆောင်တာကလည်း အဓိက အရေးကြီးတဲ့ အချက်ပါ။
ကျမရေးပေးတာလေးတွေက အထောက်အပံ့ဖြစ်မယ်ဆို ဝမ်းသာပါတယ်ရှင်။ မေမေ့ကိုလည်း အစစ ပုံမှန်အနေအထား ပြန်ရောက်တဲ့အထိ သေသေချာချာ ဆက်သတိထားပြီး စားသောက်နေထိုင်စေရဦးမှာပါ။
အားလုံးပဲ ဒီရောဂါဆိုးကြီးကို တိုက်ဖျက်ကျော်လွှားနိုင်ကြပါစေ။ ![]()
ရေးသားသူ Shwe Yee Win Lei

