ခေတ်ပျိုမေတွေနဲ့ ကျန်းမာရေးလိုက်စားသူတိုင်းရဲ့ နှုတ်ဖျားမှာ “Collagen (ကော်လာဂျင်)” ဆိုတဲ့ စကားလုံးလေးက ရင်းနှီးပြီးသားဖြစ်မှာပါ။ ကော်လာဂျင်ဆိုတာ အရေပြားကို တင်းရင်းလှပစေရုံတင်မကဘဲ အရိုးအဆစ်တွေ၊ အရွတ်တွေ ကျန်းမာဖို့အတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ သဘာဝ ပရိုတင်းဓာတ်တစ်မျိုး ဖြစ်ပါတယ်။
ခန္ဓာကိုယ်က ကော်လာဂျင်ကို သဘာဝအတိုင်း ထုတ်လုပ်ပေးနိုင်ပေမဲ့ အသက်အရွယ် ရလာတာနဲ့အမျှ (အထူးသဖြင့် အသက် ၃၀ ကျော်လာချိန်တွင်) ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်း ပုံမှန်ကျဆင်းသွားလေ့ရှိပါတယ်။ ရလဒ်အနေနဲ့ အသားအရေ လျော့ရဲလာတာ၊ အရေးအကြောင်းတွေ ထင်ရှားလာတာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို ခံစားရတာဖြစ်ပါတယ်။
အသက်အရွယ်အပြင် မိမိတို့ရဲ့ နေ့စဉ် လူနေမှုစနစ်နဲ့ အလေ့အထတွေကလည်း ကော်လာဂျင် ပျက်စီးမှုကို ပိုမိုမြန်ဆန်စေပါတယ်။ ဒါကြောင့် ကော်လာဂျင် ဆုံးရှုံးမှုကို ထိရောက်စွာ ကာကွယ်ပြီး နုပျိုကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်းနိုင်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းများကို မျှဝေပေးလိုက်ပါတယ်။
၁။ Sunscreen လိမ်းဖို့ ဘယ်တော့မှ မမေ့ပါနဲ့
နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) တွေဟာ အရေပြားရဲ့ ကော်လာဂျင်ဖွဲ့စည်းမှုကို တိုက်ရိုက်ဖျက်ဆီးပြီး ထုတ်လုပ်မှုကိုပါ အရှိန်နှေးကွေးစေပါတယ်။ ထို့ကြောင့် အိမ်ထဲမှာပဲနေနေ၊ အပြင်ထွက်ထွက် နေ့စဉ် နေလောင်ကာခရင်မ် (Sunscreen) ကို မပျက်မကွက် လိမ်းပေးသင့်ပါတယ်။
၂။ ဂျင်း နှင့် လက်ဖက်စိမ်း ရေနွေးကြမ်းကို မိတ်ဖွဲ့ပါ
ဂျင်းပါဝင်သော လက်ဖက်စိမ်း ရေနွေးကြမ်း (Ginger Green Tea) တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝစွာပါဝင်တာကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကော်လာဂျင် ထုတ်လုပ်မှုကို ထောက်ကူပေးပါတယ်။ တစ်နေ့လျှင် ပူပူနွေးနွေး တစ်ခွက် ပုံမှန်သောက်သုံးပေးပါ။
၃။ ကော်လာဂျင်နှင့် ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ရွေးချယ်ပါ
ကော်လာဂျင်ဓာတ် ရရှိစေရန် –
-
အရိုးစွပ်ပြုတ်၊
-
အဆီဓာတ်ကြွယ်ဝသော ပင်လယ်ငါးများ (တူနာ၊ ဆယ်လ်မွန်)၊
-
နို့နှင့် နို့ထွက်ပစ္စည်းများ၊ အခွံမာသီးများကို မှန်မှန်စားသုံးပါ။
ထို့အပြင် ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီးနှင့် ငရုတ်ပွကဲ့သို့ ဗီတာမင် C ကြွယ်ဝသည့် အသီးအနှံများသည် ခန္ဓာကိုယ်မှ ကော်လာဂျင် သဘာဝအတိုင်း စင်းလုံးချော ထုတ်လုပ်နိုင်ရေးအတွက် အရေးပါသော မောင်းနှင်အားများ ဖြစ်ကြပါတယ်။
၄။ အချိုနှင့် အဆီများသော အစားအစာများကို လျှော့ချပါ
သကြားဓာတ် လွန်ကဲသော အချိုစာများနှင့် ပြုပြင်ထားသော အဆီများပြားသည့် အစားအစာများသည် ခန္ဓာကိုယ်အတွင်း ကော်လာဂျင်ဖွဲ့စည်းမှုကို ဟန့်တားရုံမျှမက အသားအရေ၏ တင်းရင်းမှုကိုပါ လျင်မြန်စွာ လျော့ကျစေပါသည်။
၅။ ရေဓာတ် ပြည့်ဝစွာ ဖြည့်တင်းပါ
ခန္ဓာကိုယ်ဆဲလ်များမှ အဆိပ်အတောက်များကို စွန့်ထုတ်ရန်နှင့် အသားအရေ ရေဓာတ်ပြည့်ဝကာ စိုပြည်နေစေရန်အတွက် တစ်နေ့လျှင် ရေကို လုံလောက်စွာ (အနည်းဆုံး ရေ ၈ ခွက် သို့မဟုတ် ၂ လီတာခန့်) သောက်သုံးပေးပါ။
၆။ ဆေးလိပ်နှင့် အရက်ကို အပြီးတိုင် ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီး အသုံးပြုခြင်းနှင့် အရက်သောက်သုံးခြင်းတို့သည် အရေပြားဆဲလ်များကို ပျက်စီးစေပြီး ကော်လာဂျင် ထုတ်လုပ်မှုကို လုံးဝအဟန့်အတား ဖြစ်စေပါသည်။ တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်းကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
ကျန်းမာလှပသော အသားအရေကို ပိုင်ဆိုင်ရန်အတွက် ကော်လာဂျင် ဖြည့်စွက်စာများ သောက်သုံးရုံဖြင့် မလုံလောက်ဘဲ အထက်ပါ နေ့စဉ် စားသောက်နေထိုင်မှု အလေ့အထကောင်းများကို စနစ်တကျ မွေးမြူသွားရန် အရေးကြီးလှပါတယ်။
