ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာ ကျွန်မက အယ်ထွာဆောင်းမရိုက်ထားဘူး။ ဘာလေးလဲဆိုတာ မွေးလာမှ သိချင်လို့လေလို့ ပြောတာ ကြားဖူး မြင်ဖူးကြမှာပါ။ အဲ့တာဂျင်းပါ။ ဆေးရုံဆေးခန်း လက်လှမ်းမီတဲ့အခါ၊ ဆရာဝန်ကလည်း ညွှန်ကြားတဲ့အခါ အယ်ထွာဆောင်းဆိုတာ ရိုက်ကိုရိုက်ရမှာပါ။
အယ်ထွဆောင်းကနေ သားသားလား မီးမီးလားဆိုတာပဲ သိနိုင်တာ မဟုတ်ပါဘူး အယ်ထွာဆောင်းက ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် သိပ်ကို အရေးပါပါတယ်။
• ပထမ ၃လမှာ ရိုက်တဲ့ အယ်ထွာဆောင်းက သားအိမ်ထဲမှာ ကလေးလေးရှိလားဆိုတာကို စစ်ဆေးပေးနိုင်ပါတယ်။ နေရာမှားသန္ဓေတည်တာ ရှိသလား၊ အမြွာကိုယ်ဝန်လား၊ ဘယ်နှလရှိပြီလဲ၊ ဘယ်တော့ မွေးမှာလဲ ဒါတွေကို သိနိုင်ပါတယ်။ စောစောရိုက်ထားတယ်ဆိုရင် ရာသီရက်က ဂျူးဒိတ်နဲ့ အယ်ထွာဆောင်း ဂျူးဒိတ်ကွာတာ နည်းပါတယ်။
• ဒုတိယ ၃လမှာ ရိုက်တဲ့ အယ်ထွာဆောင်း (၁၈-၂၀ပတ်ကြား) က ကလေးရဲ့ ကိုယ်လက်အင်္ဂါတွေ ကောင်းကောင်း ဖွံ့ဖြိုးရဲ့လား၊ ချို့ယွင်းချက်တွေ ပါနေလားဆိုတာ စစ်ပေးနိုင်ပါတယ်။ ဒါ့ပြင် အချင်းက ပုံမှန်ပဲလား။ ရေမြွာရည်ရော လုံလောက်ရဲ့လား ဆိုတာလည်း သိနိုင်ပါတယ်။ ဒီအချိန်ဆို သားသား၊ မီးမီးလည်း ခွဲလို့ရနေပါပြီ။
• နောက်ဆုံး ၃လ (အပတ် ၃၀လောက်မှာ) ရိုက်တဲ့ အယ်ထွာဆောင်းကတော့ ကလေးက ကောင်းကောင်းကြီးထွားရဲ့လား။ အချင်းက ရှေ့ရောက်နေလား၊ ကလေးအနေအထား စတာတွေကို စစ်ပေးနိုင်ပါတယ်။
အယ်ထွာဆောင်းက အသံလှိုင်းကို သုံးပြီး ပုံရိပ်ဖော်တာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်ကိုရော၊ သန္ဓေသားကိုပါ ထိခိုက်မှု မရှိပါဘူး။ အသံလှိုင်းကို အသုံးပြုထားတဲ့အတွက် ပုံရိပ်ကောင်းကောင်း မထွက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အယ်ထွာဆောင်းအဖြေက တစ်ခါတလေ လွဲနိုင်ပါတယ်။ အထူးသဖြင့် ကလေးက ဘာလေးလဲ ခွဲတဲ့ အခါမျိုးမှာပါ။ ကောင်းတဲ့အချက်ကတော့ နာကျင်မှု မရှိတာ၊ အန္တရာယ်မရှိတာပဲ ဖြစ်ပါတယ်။
အယ်ထွာဆောင်းကနေ ကလေးအခြေအနေကို အများကြီး သိနိုင်တာကြောင့် အယ်ထွာဆောင်းက ကိုယ်ဝန်ဆောင်တွေအတွက် အရေးကြီးပါတယ်။
credit-original uploader