ကျန်းမာရေးကို ဂရုစိုက်ကြသူအများစုသည် အစားအသောက်နှင့် လေ့ကျင့်ခန်းကို သတိထားတတ်ကြသော်လည်း၊ နေ့စဉ် စက္ကန့်နှင့်အမျှ ငြိမ်သက်စွာ အလုပ်လုပ်ပေးနေသည့် မိမိ၏ အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ကျန်းမာရေးကိုမူ မေ့လျော့နေတတ်ကြသည်။ သန့်ရှင်းလတ်ဆတ်သည့် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးနေသည့် အဆုတ်များ ကျန်းမာကြံ့ခိုင်မှသာလျှင် လန်းဆန်းတက်ကြွသည့် နေ့စဉ်ဘဝကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

သင့်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို ရေရှည်တွင် အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် အလေ့အထကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

၁။ သန့်ရှင်းသည့် လေထုနှင့် ထိတွေ့ပေးပါ

  • အိမ်ပြင်ပ လေကောင်းလေသန့် ရှူရှိုက်ခြင်း — သဘာဝသစ်ပင် ပန်းမွှားများရှိရာ လေထုအရည်အသွေး ကောင်းမွန်သည့် နေရာများသို့ သွားရောက်၍ လေကောင်းလေသန့် ဝဝရှူပေးပါ။

  • အိမ်တွင်း လေထုသန့်စင်မှု ဂရုစိုက်ခြင်း — အိမ်တွင်းရှိ ဖုန်စုတ်စက်၊ အဲကွန်း Filter ဇကာများကို ၂ လ သို့မဟုတ် ၃ လလျှင် တစ်ကြိမ် ပုံမှန် သန့်ရှင်းပေးပါ။ အိမ်မွေးတိရစ္ဆာန်များ၏ အမွှေးအမျှင်များနှင့် ဖုန်မှုန့်များကို မကြာခဏ သန့်စင်ပေးရန် လိုအပ်ပါသည်။

၂။ ရေဓာတ် အပြည့်အဝ ဖြည့်တင်းပါ

ခန္ဓာကိုယ်တွင် ရေဓာတ် ပြည့်ဝနေပါက အဆုတ်မှ ထုတ်လုပ်ပေးသည့် အချွဲမြှေးများကို ပါးလွှာစေပြီး အသက်ရှူရလွယ်ကူစေပါသည်။ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ကဲ့သို့သော အဆုတ်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ရန် နေ့စဉ် ရေများများ သောက်သုံးပေးပါ။

③။ ဆေးလိပ်နှင့် Vape များမှ ဝေးဝေးနေပါ

  • ဆေးလိပ်နှင့် Vape သောက်သုံးမှု ရှောင်ကြဉ်ခြင်း — ဆေးလိပ်နှင့် Vape သောက်သုံးခြင်းသည် အဆုတ်ကင်ဆာ၊ နာတာရှည် လေပြွန်ကျဉ်းရောဂါနှင့် နှလုံးရောဂါများကို တိုက်ရိုက် ဖြစ်ပွားစေပါသည်။ မည်သည့်အချိန်တွင်မဆို ဖြတ်လိုက်ခြင်းသည် သင့်အဆုတ်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပါသည်။

  • တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှောင်ရှားခြင်း — မိမိကိုယ်တိုင် မသောက်သော်လည်း အခြားသူများ၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်းကလည်း အဆုတ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သဖြင့် အဝေးမှ ရှောင်ရှားပါ။

၄။ လေ့ကျင့်ခန်းနှင့် အသက်ရှူနည်းစနစ်များ လေ့ကျင့်ပါ

  • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း — ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးခြင်းသည် နှလုံးခုန်နှုန်းကို မြှင့်တင်ပေးကာ အဆုတ်၏ လေစုတ်ယူနိုင်စွမ်းနှင့် သန့်စင်မှု စွမ်းဆောင်ရည်ကို တိုးတက်စေပါသည်။

  • အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း — အသက်ကို ခပ်ပြင်းပြင်းနှင့် စနစ်တကျ ရှူသွင်းရှူထုတ်သည့် အသက်ရှူ လေ့ကျင့်ခန်းများကို နေ့စဉ် ပြုလုပ်ပေးပါက အဆုတ်ကြွက်သားများကို သန်မာစေပါသည်။

၅။ ကူးစက်ရောဂါများမှ ကာကွယ်ပါ

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် အအေးမိ၊ တုပ်ကွေး ရောဂါများမှ ကာကွယ်ရန် –

  • လက်ကို ရေနှင့် ဆပ်ပြာသုံး၍ ပုံမှန် စနစ်တကျ ဆေးကြောပါ။

  • မသန့်ရှင်းသည့် လက်ဖြင့် မျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

  • ဖျားနာနေသူများနှင့် ခပ်ကွာကွာ နေထိုင်ပြီး၊ မိမိကိုယ်တိုင် ဖျားနာပါက အခြားသူများထံ မကူးစက်စေရန် သီးသန့် နေထိုင်ပါ။

  • ရာသီတုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်ဆေးများကို နှစ်စဉ် ပုံမှန် ထိုးနှံထားပါ။

၆။ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ

အဆုတ်ရောဂါ အများစုသည် အစောပိုင်းကာလတွင် လက္ခဏာ မပြတတ်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ် အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို စနစ်တကျ စစ်ဆေးမှု ခံယူသင့်ပါသည်။

ကျန်းမာလန်းဆန်းသော အသက်ရှူသံများနှင့်အတူ ပျော်ရွှင်စရာ ဘဝကို တည်ဆောက်နိုင်စေရန် Hug Myanmar မှ အစဉ်အမြဲ ဆုမွန်ကောင်းတောင်းရင်း စောင့်ရှောက်ပေးလျက် ရှိပါသည်။