- ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အချိန်မှာ အများအားဖြင့် ၈၈% သော လူတွေဟာ ပိုးကူးပေမယ့် ဆေးရုံတက်ဖို့မလိုပါဘူး။ ၁၂% ကသာ ဆေးရုံတက်ကုသဖို့ လိုအပ်ပါတယ်။
- ကိုဗစ်ရဲ့လက္ခဏာတွေက ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နုန်းခြင်း၊ မောခြင်း နဲ့ အနံ့အရသာပျောက်ခြင်းတို့ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါမပြင်းထန်သူအချို့ဆိုရင် အိမ်မှာ အောင်းပြီးကုနေကြတာမျိုးတောင် ကြားနေရပါတယ်။
ဘယ်မှာပဲကုကု — ကိုဗစ်-၁၉ ရောဂါပိုးဟာ ဗိုင်းရပ်စ်အမျိုးအစားဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကိုယ်ခံအားက အဓိကဖြစ်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ ဘယ်လိုစားသောက်ဖို့လိုတယ် (သို့) လူနာတွေကို အကြမ်းဖျဉ်း အာဟာရဘယ်လိုပေးမလဲဆိုတာလေး မျှဝေချင်ပါတယ်။
တစ်နေ့တာအာဟာရ လိုအပ်ချက်
- ရေ ၂-၃ လီတာ
- ကယ်လိုရီ ၂၀၀၀-၂၅၀၀
- အသားဓာတ် ရ၅-၁၀၀ ဂရမ်
(၁) ရေ ၃ လီတာသောက်ဖြစ်စေဖို့ ဘာလုပ်ကြမလဲ
- လူနာအနားမှာ ရေသန့်ဘူးတစ်ဘူး အဆင်သင့်ပြင်ပေးထားပါ။ ၁၅-၂၀ မိနစ်ခြားတစ်ခါ ရေ ၁၀၀ စီစီ သောက်စေပါ။
- သောက်ရလွယ်တဲ့ အရည်ကြည်လေးတွေ ပြင်ဆင်ထားပေးပါ (အာဟာရည်များ၊ ဓာတ်ဆားရည်နဲ့ sport drink တွေသောက်ခိုင်းနိုင်ပါတယ်)
- ဆီးချိုနဲ့ ကျောက်ကပ်လူနာတွေမှာတော့ သတ်မှတ်ထားတဲ့ အရည်ပမာဏနဲ့ သင့်တော်တဲ့ အာဟာရရည် အမျိုးအစားကိုသာ တိုက်ရပါမယ်။
(၂) ကယ်လိုရီပြည့်မှီအောင် ဘယ်လိုစားသင့်လဲ
- ပမာဏနည်းနည်းနဲ့ ခဏခဏစားပေးပါ။ တကယ်လို့ စားချင်စိတ် ပျောက်နေရင်တောင် နာလန်ထူစေဖို့ ကြိုးစားစားပေးပါ။
- ထမင်းတစ်ချိန်နဲ့ တစ်ချိန်အကြားမှာ ကယ်လိုရီနဲ့ အသားဓာတ်များများပါတဲ့ အာဟာရည်တွေသောက်ပေးပါ။ ကြက်ဥအကာလိုမျိုး စားရလွယ်ပြီး အသားဓာတ်များတဲ့အရာမျိုးကို စားပေးသင့်ပါတယ်။
- ဘာပဲစားစား အာဟာရများများပါတာကို ရွေးချယ်ပါ။ ခေါက်ဆွဲပြုတ်နဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။
- တစ်နေ့ကို ၆ ကြိမ်ထက်မနည်း အစားစားပေးပါ။
(၃) Enteral Feeding Support လိုတဲ့လူနာတွေကို ဘယ်လိုကျွေးမလဲ
- ကယ်လိုရီလိုအပ်ချက်ကို ကိုယ်အလေးချိန် နဲ့ ရောဂါအခြေအနေအလိုက် တွက်ချက်ပြီး စနစ်တကျထည့်ပေးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းကို သက်သာလျော့နည်းစေပါတယ်
- အာဟာရည်အမျိုးအစားနဲ့ ပမာဏရွေးချယ်ရာမှာ အာဟာရဆိုင်ရာကျွမ်းကျင်ဆရာဝန်များ (သို့) အာဟာရအကြောင်းနားလည်သော ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခြင်းက လူနာရဲ့ outcome (ရလဒ်) ကို ပိုကောင်းစေပါတယ်။
မစားမသောက်ပဲနေရင်ရောပြန်ကောင်းမှာလား
- ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေမှာ အာဟာရမှန်မှန်ကန်ကန် မရလည်းပဲ ရောဂါပိုးကို တိုက်ထုတ်နိုင်ပါတယ်
- ဒါပေမယ့် ရောဂါဖြစ်စဉ် အာဟာရမပြည့်မှီတဲ့အပြင် နာလန်ထအချိန်မှာ စနစ်တကျ မစားသောက်ရင် ကြွက်သားအားနည်းခြင်း/ အမောမခံနိုင်ခြင်းနှင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
(မှတ်ချက် – ကိုဗစ်ရောဂါဖြစ်အပြီး ပျောက်ကင်းစလူနာတွေကို ဆေးရုံမှာအတွေ့ရများလာပြီး လာတက်တဲ့အကြောင်းရင်းတွေက – အားနည်းခြင်း/ ညအိပ်မပျော်ခြင်း/ မောလွယ်ခြင်း/ အစားအသောက်ပျက်ခြင်း နဲ့ ဆီးချိုမထိန်းနိုင်ခြင်းတွေ ဖြစ်ပါတယ်။ အသားဓာတ်နည်းနေတဲ့သူတွေမှာ လက္ခဏာတွေ ပိုဆိုးတာကို ဆက်စပ်တွေ့ရပါတယ်။ research တွေထပ်လုပ်ဖို့တော့ လိုနေပါသေးတယ်)
“FOOD IS MEDICINE WHEN YOU ARE ILL”
“နေမကောင်းနေချိန်မှာ အစာဟာ ဆေးပါ”
မူရင်းရေးသားသူ: Dr ဆုမြတ်သဇင်
ဆေးကုသမှုဆိုင်ရာအာဟာရဆရာဝန် (Clinical Nutritionist)(Reference – ASPEN)
