ချစ်တဲ့သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ် ။ ဒီတော့ မေတ္တာပို့ပါလို့ ဖြေပေးလိုက်ပါတယ် ။ ကိုယ်ချစ်တဲ့သူတစ်ယောက် အေးချမ်းပါစေ ၊ ဘေးအန္တရာယ်တွေက ဝေးပါစေ ။ စိတ်မဆင်းရဲပါရစေနဲ့ ။ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။ လုပ်ငန်းတွေ အောင်မြင်ပါစေ။ ကြံစည်တိုင်းဖြစ်ထွန်းပါစေ။ လူမိုက်တွေရန်က ဝေးပါစေ ။ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။
ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲဖြစ်ပါတယ် ။ ဒီလိုအမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံးစိတ်ကို အသုံးချပြီးမေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့အကျိုးကို တကယ်ပင်ရရှိပါတယ် ။
ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက်ပူလောင်မှုကို ခံစားရပါတယ် ။ ဒီတော့ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်းမေတ္တာပို့ ၊ လွမ်းတိုင်း မေတ္တာပို့ ၊ သူ့နာမည်လေးရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ ။ မေတ္တာတရားဆိုတာအပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ် ။
မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ် ။ အေးချမ်းတော့ မျက်နှာထားကြည်လင်တယ် ။ မြင်ရတာအေးချမ်းပြီး အသံကြားရတာလည်း အေးချမ်းစေတယ် ။ မေတ္တာစိတ်အမြဲထားတဲ့သူရဲ့ အသားအရေဟာ ကြည်နေတယ် ။ အသားအရေကြည်တော့ အလှတိုးတယ် ။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး ။
ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ် ။ ဒါဆိုအောင်မြင်မှုပိုရမယ် ။ အောင်မြင်တဲ့ မိန်းမတစ်ယောက် ၊ ယောင်္ကျားတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး ။
ဒါကြောင့်ချစ်ရတဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ပါ။
