လူတိုင်းဟာ ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာလူ အားကိုးစရာလူ ရှိချင်မှရှိလိမ့်မယ်။ ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။
(၁) စိတ်မလျှော့လိုက်ပါနဲ့
တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။ ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။ အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။
(၂) လဲရင်ပြန်ထပါ
ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ်ပါယျရှိသှားတာပါ။ မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။
(၃) အရှုံးထဲကအမြတ်ယူပါ
ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။ အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ ဒါကိုက မြတ်နေပြီမဟုတ်လား။ တခြားအမြတ်တွေလည်း အများကြီးရှိပါသေးတယ်။ ယူတတ်အောင်ယူပါ။
(၄) ဝေမျှပါ
သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။ နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ၊ ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး၊ သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို သင်ကောင်းကောင်း နားလည်သွားမှာပါ။
စိတ်လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာ တည်ငြိမ်အောင်လုပ်သင့်တဲ့အရာ
(၅) စာဖတ်ပါ
ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။ ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်းဖတ်ပါ၊ အချိန်ပေးပြီးဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။
