လက်ထပ်ရာသီရောက်လာပီမို့ စဉ်းစားရမဲ့အချက်လေးတွေ ဖော်ပြပေး လိုက်ပါတယ်နော်

ဒီမေးခွန်းမျိုးက တချို့လူတွေအတွက်တော့ ထည့်တွေးစရာလို့ သတ်မှတ်ပေမယ့် တချို့လူတွေအတွက် ကျပြန်တော့ ထည့်တွေးစရာလို့မထင်ကြပါဘူး။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုတ်ထိုး ဆိုတာမျိုးက ပြင်ရခက်တယ်လို့ဆိုကြတာမို့ အိမ်ထောင်မပြုမီ ကြိုတင်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ပြီးမှ အိမ်ထောင်ပြု သင့်ပါတယ်။ သေချာစီစဉ်ပြီးမှ အိမ်ထောင်ပြုကြသူတွေတောင် အဆင်မပြေမှုတွေကြုံလာနိုင်သေးတာမို့ သေချာ မစီစဉ်ဘဲ ရုတ်တရက်အိမ်ထောင်ပြုခြင်းက ပိုပြီးတော့ အဆင်မပြေဖြစ်နိုင်ပါတယ်။

အဲဒါအပြင် အိမ်ထောင်ပြုခြင်းဆိုတာက ကိုယ့်မိဘရဲ့ထိန်းချုပ်စီမံပေးမှုကနေ ခွဲထွက်ပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ့်ဘဝအသစ်တစ်ခု စတင်ခြင်းလို့လဲဆိုနိုင်ပါတယ်။ ကိုယ့်ရဲ့ဒုတိယဘဝအနေနဲ့ ကိုယ့်ဘဝသက်ဆုံးထိ လက်တွဲ သွားရမယ့်သူမျိုးလည်း ဖြစ်တာမို့ သေချာရွေးချယ်စဉ်းစားဖို့လည်း အရေးကြီးပြန်ပါတယ်။ ကိုယ့်ရဲ့ပထမဘဝက ကိုယ့်ကိုအမြဲလိုချစ်ပေးတဲ့ မိဘရဲ့လက်အောက်မှာ အေးချမ်းစွာရှင်သန်ရတာမို့ အပူအပန်သိပ်မရှိသလို၊ ကိုယ့်အမှားတွေကိုလည်း မိဘကချစ်တဲ့စိတ်နဲ့ကြည့်ပေးတာမို့ ပြဿနာကြီးမားတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ဒုတိယဘဝဖြစ်လာမယ့် အိမ်ထောင်ရှင်ဘဝမှာတော့ ဘယ်သူကမှ အမှားလာပြင်ပေးမှာမဟုတ်ဘဲ ကိုယ့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းက အရေးကြီးသလို၊ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကလည်း အရေးပါနေပြန်ပါတယ်။ အိမ်ထောင်ပြုဖို့ရန် ဘယ်အချိန်၊ ဘယ်အသက်အရွယ်ရယ်လို့ တိကျစွာဖော်ပြလို့ မဖြစ်နိုင်ပေမယ့် ယေဘူယျ အားဖြင့် ကိုယ့်ကိုကိုယ်ပြန်လည်ဆင်ခြင်နိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) ဝင်ငွေလုံလောက်တာထက် ပိုလျှံတယ်လို့သတ်မှတ်နိုင်သောအချိန်

အိမ်ထောင်ပြုတဲ့အခါ တစ်ယောက်တည်းအသုံးစရိတ်မဟုတ်တော့တဲ့အပြင် နှစ်ယောက်ပေါင်းပြီး အခြားသော စရိတ်တွေလည်း တက်လာပါတယ်။ ဥပမာ၊ အိမ်ဝယ်မယ်ဆိုရင် အိမ်၊ မဝယ်သေးဘဲ ငှားနေမယ်ဆိုရင် အိမ်ငှားစရိတ်၊ အသုံးစရိတ်၊ ခရီးစရိတ်၊ နှစ်ဖက်မိဘကိုထောက်ပံ့စရိတ်၊ စားစရိတ်၊ အိမ်ထောင်မှုပရိဘောဂစရိတ် စသဖြင့် အများကြီးစရိတ်ထောင်းလာပါတယ်။ အဲဒီ့စရိတ်တွေအတွက် နှစ်ဦးပေါင်းဝင်ငွေလိုပါတယ်။ တစ်ဦးတည်း ဝင်ငွေက ကိုယ်တစ်ဦးတည်းသုံးလို့လောက်ရုံလောက်ဆိုရင် မကာမိသေးပါဘူး။ လုံလောက်တယ်ဆိုတာထက် ပိုလျှံပြီး စုနိုင်ဆောင်းနိုင်တဲ့အဆင့်မျိုးဖြစ်နေမှသာ နှစ်ယောက်ပေါင်းဘဝတစ်ခုတည်ထောင်ဖို့အတွက် စရိတ် တွေကိုကာမိနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ဝင်ငွေလုံလောက်တယ်ဆိုတာထက် ပိုလျှံတယ်လို့သတ်မှတ်နိုင်တဲ့ အချိန်မျိုးမှ နှစ်ယောက်ပေါင်းဘဝတစ်ခုတည်ထောင်လို့အဆင်ပြေမှာဖြစ်ပါတယ်။

၂) အချစ်ကို ချစ်တတ်ပြီလို့ သတ်မှတ်နိုင်သောအချိန်

အချစ်ဆိုတာက ဆယ်ကျော်သက်အရွယ်မှာတော့ သစ်ရွက်ကြွေတာနဲ့တင် ရင်ခုန်နေတာကိုအချစ်ထင်တတ် ကြပါတယ်။ အသက်သုံးဆယ်ဝန်းကျင်နားရောက်လာတဲ့အခါမှာတော့ အချစ်ဆိုတာက ရင်ခုန်ခြင်းနဲ့ မသက်ဆိုင် တော့ဘူးလို့ထင်လာတတ်ပြန်ပါတယ်။ ရင်ခုန်တိုင်းသာအချစ်ဖြစ်မယ်ဆိုရင် အသက် ၆၀အရွယ်လောက်မှာ ကိုယ်အသက် ၂၀ကျော်အရွယ်မှာယူထားတဲ့ချစ်သူ ဇနီးကို ရင်ခုန်နေအုံးမယ်လို့ ပြောနိုင်ပါသလား။ တကယ်တော့ လက်ထပ်ပြီးတဲ့နောက်မှာ အချစ်က ရင်ခုန်ခြင်းမဟုတ်တော့ပြန်ပါဘူး။ သူစိမ်းနှစ်ယောက် ဘဝတစ်ခု တည်ထောင်မယ်၊ အသက် ၆၀ကျော်ထိ လက်တွဲသွားကြမယ်၊ တစ်အိမ်ထဲအတူနေထိုင်ကြမယ်ဆိုတဲ့အတွေးကို တွေးကြည့်တဲ့အခါ နှစ်ပေါင်းများစွာ ကိုယ်လက်တွဲသွားမယ့်ထိုလူ့ကို မညည်းမညူတမ်း အိုမင်းတဲ့အချိန်ထိ လက်တွဲနိုင်ပါ့မလားဆိုတာ ထည့်စဉ်းစားသင့်တဲ့ကိစ္စပါပဲ။ ထိုလူနှစ်ယောက် အပြန်အလှန်မညည်းမညူတမ်း လက်တွဲသွားကြမယ်၊ တစ်ယောက်ကိုတစ်ယောက် မပျင်းရိသွားနိုင်ဘူး၊ ရင်ခုန်စရာချစ်ခြင်းမျိုးထက် အပြန်အလှန် ငြိမ်းချမ်းစေမှု၊ အပြန်အလှန် နှစ်သိမ့်မှု၊ အားပေးမှု၊ ဒုက္ခအပေါင်းအတူရင်ဆိုင်မှု ၊ စတဲ့အချက်ပေါင်းများစွာကို မညည်းမညူတကယ်လုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ်သေချာပြီဆိုရင် ထိုဆုံးဖြတ်ချက်ကိုလည်း ဘယ်တော့မှ မဖောက်ဖျက်နိုင်တော့ဘူးလို့ သေချာပြီဆိုရင် အချစ်ဆိုတာကို ချစ်တတ်ပြီလို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ်နိုင်ပါတယ်။ (ဒီနေရာမှာ ရင်ခုန်ခြင်းကို အချစ်လို့ထင်ပြီး အိမ်ထောင်ရေး ဖောက်ပြန်မှုမျိုးလည်း ဖြစ်တတ်တာမို့ ရင်ခုန်ခြင်း၊မခုန်ခြင်းထက် တစ်သက်လုံးလက်တွဲသွားနိုင်မယ့်စိတ်က သေချာဖို့လိုပါတယ်) တစ်ယောက်ကိုတစ်ယောက်သစ္စာမဖောက်ကြဘဲ တစ်ယောက်ရဲ့အမှားကို တစ်ယောက်က ထောက်ပြမယ်၊ အမှားတွေကို အတူတူ အမှန်ပြင်ကြမယ်ဆိုတဲ့စိတ်လည်းလိုပါတယ်။ အိမ်ထောင်ပြုခြင်းက အချစ်နဲ့အစပြုပေမယ့် လက်ထပ်ပြီးတဲ့အခါ အချစ်ထက် ပိုလေးနက်လာပါတယ်။ အဲဒါကြောင့် အချစ်ကို ထိုကဲ့သို့ ချစ်တတ်ပြီလို့ ထင်တဲ့အချိန်မှာ အိမ်ထောင်ပြုဖို့စဉ်းစားနိုင်ပါတယ်။

၃) အပြန်အလှန်တာဝန်ယူနိုင်တဲ့အချိန်

လူနှစ်ယောက်က ဘဝတစ်ခုတည်ထောင်တဲ့အခါ သူ့တာဝန်၊ ကိုယ့်တာဝန်ခွဲခြားနေလို့မရနိုင်ပါဘူး။ တစ်ယောက် ရဲ့တာဝန်ကို နောက်တစ်ယောက်က ယူပေးဖို့လိုပါတယ်။ လူနှစ်ယောက်ပေါင်းစည်းပေမယ့် သူ့အလုပ်ကိုယ့်အလုပ် ခွဲခြားနေလို့မရပြန်ပါဘူး။ အဲဒါအပြင် တစ်ယောက်ရဲ့အမှားကို တစ်ယောက်က ထောက်ပြမယ်၊ တစ်ယောက် ကလည်းပြုပြင်မယ်၊ တစ်ယောက်ရဲ့အမှားကို တစ်ယောက်ပါ တာဝန်ယူဖြေရှင်းပေးမယ်၊ အမှားတွေကို အတူတူ ပြုပြင်ကြမယ်၊ အမှန်တွေများလာအောင် အတူတူကြိုးစားမယ်၊ ပျော်ရွှင်မှုတွေပိုများလာအောင်ကြိုးစားမယ်၊ တစ်ယောက်ကိုတစ်ယောက် ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်အောင် နေမယ်။ ခွင့်လွှတ်ပေးလို့ရတဲ့အမှားတွေကိုလည်း ငဲ့ညှာခွင့်လွှတ်ကြမယ်၊ အပြန်အလှန်ဖေးမကူညီမယ်ဆိုတဲ့စိတ်လေးရှိနိုင်တယ်ဆိုရင် ကိုယ်ရည်မှန်းထားတဲ့သူနဲ့ လက်တွဲနိုင်ပြီလို့ ယေဘုယျပြောနိုင်ပါတယ်။

၄) ရင့်ကျက်တည်ငြိမ်လာပြီလို့ယူဆတဲ့အချိန်

ဘဝတစ်ခုကို သူစိမ်းနှစ်ယောက်အတူတည်ထောင်ရမှာမို့ အရာရာကို ကလေးကလားဆန်နေလို့မရနိုင်ပါဘူး။ နှစ်ယောက်တည်းဘဝမှာမို့ ကလေးဆန်လွန်းတာကိုလည်း ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေးနိုင်ပေမယ့် သားတွေ သမီးတွေနဲ့အိမ်ထောင့်တာဝန်အသီးသီးရလာချိန်မှာတော့ ထစ်ခနဲရှိ ကလေးလိုစိတ်ကောက်မယ်၊ စိတ်ဆိုးနေမယ် ဆိုရင် ဘယ်သူကမှ စိတ်ရှည်စွာဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ အချိန်ကြာလေ စိတ်ရှုပ်စရာအဖြစ်ခံစားလာရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နှစ်ဦးနှစ်ဖက် ရင့်ကျက်တည်ငြိမ်လာပြီ၊ ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်း နိုင်လာပြီ၊ တာဝန်ကိုယ်စီယူနိုင်ပြီ၊ ဘယ်အရာကိုမဆို ဆင်ခြင်သုံးသပ်နိုင်လာပြီ၊ အမှားအမှန်ခွဲခြားနိုင်လာပြီ ဆိုတဲ့အချိန်မျိုးမှာ အိမ်ထောင်ပြုနိုင်တယ်လို့အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ ရင့်ကျက်တည်ငြိမ်ဖို့လိုရခြင်း အကြောင်းရင်းကတော့ နောက်တစ်ချက်အနေနဲ့ သားသမီးတွေရလာတဲ့အခါမျိုးမှာလည်း ရင့်ကျက်တည်ငြိမ်ပြီး ဆင်ခြင်သုံးသပ်ဉာဏ်ပြည့်ဝတဲ့ မိဘဖြစ်မှသာလျှင် သားသမီးကိုအကောင်းဆုံးလူသား တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှာဖြစ်တဲ့အတွက်ပါ။ ဘဝရဲ့အိမ်ထောင်ပြုခြင်းအနုပညာမှာ လူနှစ်ဦးဘဝတစ်ခု တည်ထောင် တာဖြစ်တဲ့အပြင် မျိုးဆက်သားသမီးတွေကို လူကောင်းလူတော်ဖြစ်အောင် အကောင်းဆုံးပြုစုပျိုးထောင်နိုင်ဖို့ လည်းလိုပါသေးတယ်။ ပတ်ဝန်းကျင်ကို အကျိုးမပြုတောင်၊ အဆိပ်အတောက်မဖြစ်စေတဲ့ လူကောင်းလေးတွေ ဖြစ်ဖို့က မိခင်ကောင်းဖခင်ကောင်းတွေပေါ်မူတည်နေတာကြောင့်ဖြစ်ပါတယ်။

အဲဒါကြောင့် ရပ်ကွက်အသုံး “စဉ်းစားမနေနဲ့…..အချိန်တန်ရင် သူ့ဟာသူအဆင်ပြေသွားမယ်” ဆိုတဲ့စကားမျိုးကို နားမယောင်ဘဲ တကယ်ကို စနစ်တကျစီစဉ်ပြီး တာဝန်ကိုယ်စီယူနိုင်တယ်လို့ယူဆရချိန်၊ ရင့်ကျက်တည်ငြိမ် တဲ့အချိန်၊ ကိုယ့်ရဲ့မျိုးဆက်ဖြစ်တဲ့သားသမီးကို သေချာပြုစုပျိုးထောင်နိုင်ဖို့ လုံလောက်တဲ့ငွေကြေး၊ လုံလောက်တဲ့ အသိဉာဏ်၊ အမှားအမှန်ဆင်ခြင်နိုင်စွမ်းစတဲ့အရာတွေအားလုံးကို ထည့်တွေးချင့်ချိန်ပါ။ ကိုယ့်ကိုယ်ကိုယ် သေချာ နားလည်နိုင်အောင် ဆန်းစစ်ပြီးမှ အထက်ကအချက်တွေနဲ့ ယေဘုယျအားဖြင့် အိမ်ထောင်ပြုဖို့ စဉ်းစားသင့်တယ် လို့တိုက်တွန်းဖော်ပြလိုက်ရပါတယ်။