သားအိမ်ခေါင်းကင်ဆာဆိုတာဘာလဲ?

သားအိမ်ခေါင်း ကင်ဆာဆိုတာ သားအိမ်ခေါင်းရှိ ပုံမှန် မဟုတ်သောဆဲလ်များ အထိန်းအချုပ်မဲ့စွာ ပြန့်ပွားလာခြင်းကြောင့် ဖြစ်ပွားရတဲ့ ရောဂါဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကတော့ Human Papilloma Virus (HPV) လို့ခေါ်တဲ့ ပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပါတယ်။ HPV ပိုးဟာ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်ရန် အလွန် လွယ်ကူသော ရောဂါပိုးဖြစ်ပြီး အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ယင်းအမျိုးအစားများ ထဲမှ HPV 16 နှင့် 18 သည် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူများ၏ ၇၅%ကျော်တွင် တွေ့ရှိရပါတယ်။

ထို့အပြင် ဆေးလိပ်သောက်ခြင်း၊ ကိုယ်ခန္ဓာ ခုခံအားစနစ် မကောင်းမွန်ခြင်း၊ ပထမဆုံးအကြိမ် လိင်မှုကိစ္စကို အသက်ငယ်ရွယ်စဉ်အချိန်တွင် ကြုံတွေ့ခြင်း၊ လိင်ဆက်ဆံဖော် များပြားခြင်း တို့သည်လည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်နေ ပါသေးတယ်။

ဘယ်လိုအမျိုးသမီးတွေမှာ အဖြစ်များလဲ?

အမျိုးသမီးတိုင်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ပါတယ်၊၊

သားအိမ်ခေါင်း ကင်ဆာဟာ မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယ အဖြစ် အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် အသက် ၃၀ နှင့် အသက် ၄၀ ကြား အမျိုးသမီးများတွင် အများဆုံး အဖြစ်များပါတယ်။

ဘယ်လိုကြိုတင်ကာကွယ်မလဲ?

HPV ပိုး ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

ကာကွယ်ဆေးအား ပထမအကြိမ် လိင်ဆက်ဆံခြင်း မပြုမီ ထိုးထားခြင်းသည် အထိရောက်ဆုံးဖြစ်ပါတယ်။ အသက် ၉ နှစ် မှ စတင်၍ ထိုးထားနိုင်ပါတယ်၊၊

ကာကွယ်ဆေးကို ဝလ-၁လ-၆လ သုံးကြိမ် (သို့) ၀လ−၂လ−၆လ သုံးကြိမ် ထိုးနှံရပါမယ်။

HPV Vaccine ဟာ သားအိမ်ကင်ဆာ ဖြစ်ပွားမှုကို အများဆုံးဖြစ်ပွားစေသော (High Risk HPV) အမျိုးအစားများအား မကူးစက်ရန် ကာကွယ်ပေးခြင်းသာဖြစ်၍ ကူးစက်ထားပြီးသော HPV ပိုးကို ကုသပေးနိုင်ခြင်းမရှိပါ။

ဒါ့ကြောင့် ကာကွယ်ဆေး ထိုးပြီးပါကလည်း Pap Smear ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပြန်လည်စစ်ဆေးရန် လိုအပ်ပါတယ်။ Pap Smear Test သည် သားအိမ်ကင်ဆာအား ကြိုတင်သိရှိနိုင်ရန် စစ်ဆေးသော Screening Test ဖြစ်ပါတယ်။ Pap Smear စစ်ဆေးခြင်းဖြင့် သားအိမ်ကင်ဆာ အဆင့်သို့ မ​ရောက်မီ (Pre-Cancerous)ကို ကြိုတင်သိရှိနိုင်ပြီး ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ Pap Smear ကို အသက် ၃၀ နှစ် မှ အသက် ၄၉ နှစ်အရွယ် လိင်ဆက်ဆံမှုရှိသော အမျိုးသမီးများ ၃ နှစ် ၁ ကြိမ် ပုံမှန် စစ်ဆေးသင့်ပါတယ်။

ဘယ်လိုလက္ခဏာတွေပြတတ်လဲ?

သားအိမ်ခေါင်းကင်ဆာက အများအားဖြင့် အစောပိုင်းမှာ ရောဂါလက္ခဏာပြလေ့ မရှိပါဘူး။

ကင်ဆာဆဲလ်တွေဟာ တစ်ခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများဆီသို့ ပြန့်နှံ့သွားသည့် အခါမှသာ သိရှိရလေ့ရှိပါသည်။

  • ပုံမှန်ရာသီချိန်မဟုတ်ပဲ သွေးဆင်းခြင်း
  • ရာသီချိန်တွင် ပုံမှန်ထက်ပို၍ အချိန်ကြာမြင့်စွာ၊ ပမာဏ များစွာ သွေးဆင်းခြင်း
  • လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
  • ရာသီသွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းခြင်း
  • အဖြူဆင်းခြင်း

စတဲ့ လက္ခဏာတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခြင်းရဲ ရောဂါလက္ခဏာ များဖြစ်နိုင်ပါတယ်။ ထို့သို့ခံစားရပါက နီးစပ်ရာ ဆရာဝန်နှင့် ပြသ၍ စစ်ဆေးမှုခံယူသင့်ပါတယ်။

အမျိုးသမီးအားလုံး သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း ကာကွယ်ဆေးထိုးခြင်းများကို မဖြစ်မနေ သတိထား လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ယခုဆိုရင် အစိုးရဆေးရုံအများစုသာမက အချို့သော ပုဂ္ဂလိက ဆေးရုံများမှာပါ သားအိမ်ခေါင်းကင်ဆာ အခမဲ့စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိတာကြောင့် နီးစပ်ရာမှာ စုံစမ်းပီး ဆောင်ရွက်နိုင်ပါတယ်။