လူအများစုက အဲယားကွန်းတပ်ဆင်တော့မယ်ဆိုရင် ဈေးနှုန်းအနေအထားနဲ့ စက်ရဲ့ ခံနိုင်ရည်အားကို ကြည့်ပြီး  ဝယ်ယူတတ်ကြပါတယ်။ ပုံမှန်အားဖြင့် စနစ်တကျ တွက်ချက်ပြီးမှ အဲယားကွန်းတလုံးကို ဝယ် ယူသင့်ပါတယ်။

အဲယားကွန်းကို စနစ်တကျ တွက်ချက်သင့်တဲ့ အချက်တွေကတော့  မိမိရဲ့ အခန်းအကျယ်နဲ့ အဲယားကွန်းရဲ့ စွမ်းဆောင်ရည်ကို  အချိုးကျ ပြန်ကြည့်ပြီးမှ မိမိဝယ်ယူမယ့် အမှတ်တံဆိပ်နဲ့  ဈေးနှုန်းကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

အခန်းအကျယ်ကို လုံလုံလောက်လောက် အအေးဓာတ်မပေးနိုင်တဲ့  အဲယားကွန်းကို ဝယ်မိရင် အဆင်မပြေနိုင်သလို အခန်းကျဉ်းကျဉ်းမှာ  စွမ်းဆောင်ရည်မြင့်တဲ့  အဲယားကွန်းကို ဝယ်မိရင်လည်း  အအေးဓာတ်များနေတာကြောင့်  အမြဲအပူချိန် တင်ပြီး ဖွင့်နေရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာက ရေရှည်မှာ ကျန်းမာရေးအတွက် ကောင်းမှာမဟုတ်ပါဘူး။

အဲယားကွန်းဝယ်ရင် ပထမဆုံး စနစ်တကျ တွက်ချက်သင့်တဲ့ အချက်ကတော့ British Thermal Unit ဆိုတဲ့ BTU ဖြစ်ပါတယ်။ အအေးဓာတ် ထုတ်လွှတ်ပေးနိုင်မှုနှုန်းကို BTU နဲ့ တိုင်းတာပါတယ်။ ပုံမှန်အားဖြင့် တွက်ချက်မယ်ဆိုရင် မိမိ အသုံးပြုမယ့်အခန်း အကျယ်အဝန်းကို တွက်ချက်ပြီး အဲယားကွန်းရဲ့ BTUနဲ့  ဝယ်ယူရမှာ ဖြစ်ပါတယ်။

မိမိသုံးမယ့် အခန်းအကျယ်အဝန်းကို စတုရန်းပေ ရအောင် တွက်လိုက်ပါ။  (၁ဝ) ပေ ပတ်လည် အိပ်ခန်းအတွက် အဲယားကွန်းတစ်လုံး ထားမယ်ဆိုရင်  အဲ့ဒီအိပ်ခန်းရဲ့ စတုရန်းပေက  (၁၀၀) စတုရန်းပေ ဖြစ်ပါလိမ့်မယ်။  ပေ (၂၀) ပတ်လည်ဧည့်ခန်းမှာ  အဲယားကွန်းတပ်ဆင်မယ်ဆိုရင်တော့ ဧည့်ခန်းရဲ့ စတုရန်းပေက  (၄၀၀) အထိ ရှိလာမှာ ဖြစ်ပါတယ်။

မှတ်သားထားရမယ့်  အချက်တွေကတော့  စတုရန်းပေ (၁၅၀) ကနေ  (၃၅ဝ) အကြား ဆိုရင် BTU (၅ဝဝဝ) ကနေ ၈ဝဝဝအတွင်းရှိ အဲယားကွန်းတပ်ရင် အဆင်ပြေပါတယ်။ စတုရန်းပေ (၃၅၀) ကနေ  (၅၅ဝ) အကြားရှိရင်တော့ BTU (၈ဝဝဝ) မှ (၁၂၀၀၀) အတွင်းရှိ အဲယားကွန်းကို သုံးလို့ရပါတယ်။

အခန်းအကျယ်အဝန်း (၁၀၅၀) စတုရန်းပေ ကနေ (၁၆၀၀) စတုရန်းပေ အတွင်းဆိုရင်တော့  BTU (၁၈၅ဝဝ) မှ (၂၅ဝဝဝ) အတွင်းရှိ အဲယားကွန်းကို တပ်ဆင်သင့်ပါတယ်။ စတုရန်းပေ (၁၆၀၀) ထက် ပိုမို ကျယ်ဝန်းတဲ့ အခန်းရင်တော့ BTU (၁၈၅၀၀) ရှိတဲ့ အဲယားကွန်း (၂)လုံးကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

အဲယားကွန်း ဝယ်ယူတော့မယ်ဆိုရင် လေအေးဖြန့်ကျက်နိုင်မှု၊ စိုထိုင်းဆ၊ အဲယားကွန်းစနစ် သန့်ရှင်းနိုင်မှု လွယ်ကူခြင်း၊ အရည်အသွေး၊ ရေရှည်စိတ်ချရမှုနဲ့ ဈေးနှုန်းများကို အသေးစိတ်ကြည့်ရှုကာ ဝယ်ယူနိုင်ပါတယ်။