သင့်မှာ နာတာရှည်အဆုတ်ရောဂါတွေ ဥပမာ-နာတာရှည်လေပြွန်ကျဉ်းရောဂါ(COPD),အဆုတ် အမျှင်တစ်သျူးများပျက်စီးကာ အမာရွတ်ကျန်ခြင်း(pulmonary fibrosis)အဆုတ်လေအိတ်များ ပျက်စီးခြင်း(emphysema)တွေရှိနေရင် အဆုတ်ရောင်ရမ်းမှုတွေ ဖြစ်နိုင်ပါတယ်။ရောင်ရမ်းခြင်းဆိုတာက ခန္ဓာကိုယ်ခုခံအားရဲ့တုံ့ပြန်မှု အစိတ်ပိုင်းပါ။ရောင်ရမ်းတာက ခန္ဓာကိုယ်ရဲ့ သဘာဝတုန့်ပြန်မှုဖြစ်ပြီး ခန္ဓာကိုယ်ပြန်လည်ကျန်းမာလာစေဖို့ကူညီပါတယ်။ဥပမာ ခြေထောက်မှာ ငုတ်စူးရင် အဲဒီနေရာမှာ နီလာ၊ပူလာ၊ရောင်လာပါတယ်။

ဒါပေမယ့် ရောင်ရမ်းမှုက ထိန်းမနိုင်သိမ်းမရဖြစ်လာရင် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေနိုင်တယ်။ဥပမာ လက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါ ကိုဗစ်လူနာတွေမှာ အဆုတ်ပျက်စီးရောင်ရမ်းတာနဲ့ ကြုံတွေ့ကာ အသက်ဆုံးနေကြပါတယ်။ကိုဗစ်လူနာတွေ ရောဂါလက္ခဏာစပြပြီး ၈ ရက်မှ ၂၁ရက်အတွင်း သေဆုံးကြတဲ့ လူအများစုက တရားလွန် အဆုတ်ရောင်ရမ်းမှုကို အချိန်မီ မလျှော့ချနိုင်လို့ပါ။ပြင်းထန်စွာ အဆုတ်ရောင်ခြင်းက သက်ရှူလမ်းကြောင်းနဲ့ အဆုတ်တစ်သျှူးတွေကိုထိခိုက်စေနိုင်ပါတယ်။ရောင်ရမ်းတာက ခဏတာဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။အဆုတ်ရောင်ရမ်းမှုအတွက် နားလည်တတ်ကျွမ်းသူ ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးဝါး နဲ့ လူနေမှုပုံစံတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အောက်ပါ အစားအစာတွေကတော့ ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ သဘာဝကပေးထားတဲ့ လက်ဆောင်တွေမို့ ရောဂါဖြစ်နေစဉ် နေ့စဉ်စားသုံးသင့်ပါတယ်။

၁။ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ lycopene ကြွယ်ဝစွာပါဝင်တာမို့ အဆုတ်နဲ့ခန္ဓာကိုယ်ရောင်ရမ်းမှုတွေကို
လျော့ကျစေပါတယ်။
၂။သံလွင်ဆီ
သံလွင်ဆီမှာ alpha-tocopherol ပါဝင်ပါတယ်။ဗီတာမင်အီးအမျိုးအစားတစ်ခုပါ။ တိုကိုဖီရောက အာရုံကြောနဲ့ ကြွက်သားတွေကို ကောင်းမွန်စွာ အလုပ်လုပ်စေပြီး သွေးခဲတာကနေကာကွယ်ပေးသလိုဓာတ်တိုးဆန့်ကျင်ဓာတ်ဖြစ်တာမို့ ဆဲလ်တွေပျက်စီးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။
၃။အစိမ်းရောင် ရင့်ရင့် အရွက်များ
ဟင်းနုနွယ်ရွက်၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင်ရှိတဲ့ အစိမ်းရောင်အသီးအရွက်တွေက – ခန္ဓာကိုယ်က ရောင်ရမ်းစေတဲ့မော်လီကျူးများတွေရဲ့ အန္တရာယ်ကာကွယ်ရာမှာ အဓိကသော့ချက်ဖြစ်တဲ့ဗီတာမင် E များစွာပါဝင်ပါတယ်။
၄။အခွံမာသီးများ
ဗာဒံစေ့နဲ့ သစ်ကြားသီးတို့လို အစေ့တွေမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါတာမို့
ခန္ဓာကိုယ် ရောင်ရမ်းမှုကို လျော့ချပေးပြီး ရောင်ရမ်းတာကြောင့်ဖြစ်တဲ့ ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
၅။ omega-3 ဖက်တီးအက်ဆစ်များသောငါးများ
ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ တူနာငါးနဲ့ ငါးသေတ္တာတို့လို ငါးတွေက အဆီများပြီး omega-3 ဖက်တီးအက်ဆစ်ပါတာမို့ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပါတယ်။
၆။သစ်သီးများ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီသီးနဲ့လိမ္မော်သီး စတဲ့သစ်သီးတွေမှာ ဗီတာမင် C နဲ့ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်ပြီး အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပါတယ်။
၇။သကြားမုန်လာဥနီ
သကြားမုန်လာဥကရောင်ရမ်းမှုကိုလျော့ကျစေရုံသာမက ကင်ဆာနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Credit-ဟမ်စိုင်း(ဆေး-မန်း)