“ဟာဗျာ။ ဆရာကလဲ ပေါက်ပေါက်ရှာရှာ။ ကျောက်ကပ်မှာကျောက်တည်တာပဲကြားဖူးပါတယ်ဆရာရယ်။ ဟုတ်ရောဟုတ်ရဲ့လားဗျာ”
ဗိုက်မကြာမကြာအောင့်တတ်လို့ ultrasound ဓာတ်မှန်ရိုက်ခိုင်းထားသောလူနာကသူ၏ကျောက်ကပ်တွင်အရည်အိတ်လေးများရှိနေသည်ကိုမယုံသကာၤဖြစ်ကာမေးလိုက်ခြင်းဖြစ်ပါတယ်။
“ဟုတ်တယ်ဗျ။ ဦးလေးရဲ့ကျောက်ကပ်မှာအရည်အိတ်လေးတွေရှိနေတယ်။ ဒါကြောင့်ဦးလေးဗိုက်အောင့်နေတာ”
“ဆရာရယ်။ ဒီအရည်အိတ်တွေကဘာကြောင့်ဖြစ်လာရတာလဲ။ နောက်ဆက်တွဲဘာဆိုးကျိုးတွေဖြစ်နိုင်လဲ။ အစားအသောက်နဲ့ရောဆိုင်လားဆရာ။ဘာတွေရှောင်ရမလဲ။”
မေးခွန်းတွေတရစပ်ထွက်လာပါတယ်။ သူ့ကြည့်ရတာဒီရောဂါအကြောင်း အရင်ကမကြားဖူးလို့တော်တော်လေးစိတ်ပူသွားပုံရပါတယ်။ ဒါနဲ့ပဲသူသဘောပေါက်အောင်ရှင်းပြလိုက်ပါတယ်။
“ဒီလိုဗျ။ ဦးလေးကျောက်ကပ်မှာဖြစ်နေတဲ့အရည်အိတ်လေးတွေကအစားအသောက်နဲ့တော့မဆိုင်ဘူးဗျ။ သူကမျိုးရိုးဗီဇကြောင့်ဖြစ်တာဗျ။
သူ့ရဲ့လက္ခဏာတွေက
– ဗိုက်အောင့်မယ်။အခုဦးလေးဖြစ်သလိုပေါ့။ကျောက်ကပ်ရှိတဲ့နောက်ကျောနေရာမှာနာနေတာမျိုးပေါ့။
– သွေးတိုးမယ်။
– ဆီးသွားရင်သွေးပါမယ်။ဆီးအနီရောင်တွေသွားတတ်တယ်ပေါ့ဗျာ။
– ဆီးလမ်းကြောင်းမှာပိုးဝင်တတ်တယ်။ဒီလိုပိုးဝင်ရင်တော့ဖျားတာ၊ချမ်းတုန်တာတွေ၊ဆီးပူဆီးကျဉ်တာတွေဖြစ်မှာပေါ့။ ဦးလေးမှာတော့အခုဒီလက္ခဏာတွေမတွေ့ရသေးဘူး။
– နောက်ဆုံးကျောက်ကပ်ပျက်စီးသွားတာအထိဖြစ်တတ်တယ်ပေါ့ဗျာ။”
လူနာဦးလေးကြီးက စိတ်ဝင်တစားနားနဲ့ထောင်နေရှာတယ်။
” ဒါတွေအပြင်တချို့ဒီလိုရောဂါရှင်တွေရဲ့၃၀ရာခိုင်နှုန်းလောက်ကအသည်းမှာလဲရေအိတ်တွေရှိနေတတ်ကြတယ်။ ဒါဆိုရင်တော့အသည်းကြီးတာ၊အသည်းနဲ့ပတ်သတ်တဲ့ရောဂါလက္ခဏာတွေပါခံစားရနိုင်တာပေါ့။ တချို့သူတွေမှာတော့ဦးနောက်အတွင်းရှိသွေးကြောကွန်ရက်ကျယ်တာတေ၊ွ နှလုံးအဆို့ရှင်မလုံတဲ့ရောဂါတွေအပြင်အူလမ်းကြောင်းဆိုင်ရာရောဂါ (diverticular disease)တွေနဲ့လဲတွဲပြီးဖြစ်တတ်ပါတယ်။”
” ဟုတ်ကဲ့ဆရာ။ဒါဆိုဘာဆေးတွေသောက်ရမလဲဆရာ ခွဲမှရမှာလားဆရာ”
အသံလေးတိုးတိုးနဲ့မဝံ့မရဲမေးလာတယ်။
” ခွဲရမှာကြောက်တယ်နဲ့တူတယ်ဦးလေးက”
” ဟုတ်တယ်ဆရာ။ခွဲရမှာတော့ကြောက်တယ်။ဆေးရုံတက်ရဘာရနဲ့အလုပ်တွေလဲရှုပ်၊ပိုက်ဆံလဲကုန်တယ်ဆရာရေ။”
“ဟုတ်ပါပြီ။ဒါဆိုဦးလေးကျွန်တော်ပြောတာတွေကိုတိတိကျကျလိုက်နာဖို့လိုမယ်နော်။ဒါမှဦးလေးရဲ့ကျောက်ကပ်ကိုမပျက်စီးသွားအောင်ထိန်းထားလို့ရမှာ။သူကမျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ရောဂါမို့လို့အရှင်းပျောက်သွားအောင်ကုလို့တော့မရနိုင်ဘူး။”
“ဟုတ်ကဲ့ဆရာ”
“အရေးကြီးဆုံးကတော့သွေးပေါင်မှန်မှန်ချိန်ရမယ်။သွေးတိုးကျဆေးကိုပုံမှန်သောက်ပေးရမယ်။သွေးပေါင်၁၃၀/၈၀ ထက်မကျော်အောင်ထိန်းထားဖို့လိုပါမယ်။
– ရေများများသောက်ပေးရမယ်။
– အငန်တွေလျှော့စားရမယ်။
– ကော်ဖီသောက်တာလျှော့ရမယ်။
အခုနကပြောခဲ့တဲ့လက္ခဏာတွေထဲကတခုခု (ဆီးကျဉ်တာ၊ ဆီးအနီရောင်သွားတာတွေ) ဖြစ်လာခဲ့ရင် ဆေးခန်းအမြန်ဆုံးပြရမယ်။ဒါပါဘဲ။”
“ဟုတ်ကဲ့ပါဆရာ သေချာလိုက်နာပါ့မယ်ဆရာ”
“ကောင်းပါပြီဗျာ။ ဒါဆိုဦးလေးအတွက်လိုအပ်မဲ့ဆေးလေးတွေပေးလိုက်မယ်နော်။မှန်မှန်သောက်မယ်မလား”
” ဟုတ်ဆရာရေ။ သောက်ပါ့မယ်..”
ရွင်ပျပျမျက်နာလေးနဲ့အားတက်သရောပြောပြီးလှည့်ပြန်သွားတဲ့ဦးလေးကြီးကိုငေးကြည့်ရင်း ပီတိတွေဖြာလျက်….
“ဆရာမရေ..နောက်လူနာလွှတ်ပေးပါ”
credit-Dr Zaw Naing Win