မိန်းကလေးတိုင်းဟာ နေ့စဉ် အချိန်ပေးပြီး အလှပြင်တတ်ကြပါတယ်။ အလှပြင်တဲ့နေရာ မှာ အလှပြင်ပစ္စည်းတွေကို နည်းလမ်းမှန်ကန်စွာ အသုံးပြုတတ်စေဖို့နဲ့ မိမိတို့ရဲ့အလှအပကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာလေးတွေကို Hug ကလေးတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) မှန်ကန်တဲ့မျက်နှာသန့်စင်မှု နည်းလမ်းအတိုင်း လိုက်နာပါ

မှန်ကန်တဲ့ မျက်နှာသန့်စင်နည်းကို အသုံးပြုတာက အရေပြားထိန်းသိမ်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ မျက်နှာသန့်စင်တဲ့နေရာမှာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ကို စင်ကြယ်အောင် သန့်စင်ဆေးကြောပေးဖို့ လိုအပ်ပေမယ့် အလွန်အကျွံသန့်စင်တာများသွား မယ်ဆိုရင် အရေပြားခြောက်သွေ့မှုကို ဖြစ်ပေါ်စေပါတယ်။ မျက်နှာသန့်စင်တဲ့ Facial Form တို့ Cleanser တို့ ဝယ်ယူရာမှာ ဓာတုပစ္စည်းမပါဝင်ဘဲ အက်စစ်-အယ်လ်ကာလီ မျှခြေဖြစ်နေတဲ့ ပစ္စည်းမျိုးကိုရွေးချယ်ဝယ်ယူသုံးစွဲပါနော်။

(၂) သဘာဝ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုပါ

အခုခေတ်မှာ သဘာဝ ပါဝင်ပစ္စည်း၊ သြဂဲနစ်ပစ္စည်းတွေ အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေ ကို စျေးကွက်ထဲမှာ အများဆုံးတွေ့လာရပါပြီ။ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ ကုန်ပစ္စည်း တွေက အရေပြားကနေတစ်ဆင့် သွေးကြောထဲကို ဝင်ရောက်သွားပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေမှာဖြစ်ပါတယ်။ သဘာဝ အသီးအနှံတွေနဲ့ မျက်နှာပေါင်းတင်တာ၊ ကြေးချွတ် တာတွေပြုလုပ်ပါနော်။

(၃) ရေဓာတ်ပြည့်ဝနေအောင် ထိန်းသိမ်းပါ

ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးနေမယ်ဆိုရင် အသားအရေ ခြောက်သွေ့သူတွေ သာမကဘဲ အဆီပြန်သူတွေမှာလည်း သိသိသာသာ ခံစားရတတ်ပါတယ်။ ဘယ်လို အသားအရေမျိုးမဆို အစိုဓာတ်ကို ပုံမှန်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်နော်။ အစိုဓာတ်ထိန်းခရမ်င် လိမ်းတဲ့အခါ အရေးကြောင်း ဖြစ်လွယ်တဲ့ မျက်ဝန်းတစ်ဝိုက်၊ လည်ပင်းနဲ့ လက်တွေကို သေချာစွာ လိမ်းပေးပါ နော်။

(၄) အလှမပျက်အောင် အချိန်မှန်အိပ်စက်ပါ

ပုံမှန်အိပ်စက်တာက သင့်အလှတရားကို ဖြည့်စွက်ပေးပါတယ်။ တစ်ညကို ရှစ်နာရီပြည့်အောင်အိပ်စက်ပါ၊ အိပ်ရာ မဝင်မီ မျက်နှာပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်ဆေးကြောပါ၊ ချည်သားခေါင်းအုံးစွပ်က ပါးပြင်ပေါ်က အစိုဓာတ်ကို စုပ်ယူနိုင်တာကြောင့် ပိုးသားခေါင်းအုံးစွပ်ကို အသုံးပြုပါ၊ မျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ ပက်လက် လှန်ပြီးအိပ်စက်ပါနော်။

(၅) ရေကြာကြာမချိုးပါနဲ့နော်

အရေပြားပေါ်မှာ အကာအကွယ်ပေးထားတဲ့ အဆီလွှာရှိပြီး အစိုဓာတ်တွေ အပြင် မထွက်သွားအောင် ထိန်းပေးပါတယ်။ ရေအကြာကြီးချိုးတာ၊ ကြက်သီးနွေးရေမဟုတ်ဘဲ အပူများတဲ့ရေချိုးတာတွေက အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အသားအရေ ခြောက်သွေ့ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။ အသားအရေ နူးညံ့စိုပြည်ပြီး နုပျိုလှပနေစေဖို့ ရေအကြာကြီး ချိုးတာကိုရှောင်ပါ၊ ရေနွေးနွေးနဲ့ ရေချိုးပါနော်။

(၆) SPF ပါသော နေရောင်ကာခရင်မ် နေ့စဉ်လိမ်းပါ

အရေးကြောင်းတွေ ဖြစ်လာမှ အသားအရေ ထိန်းသိမ်းတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက ပိုမိုထိရောက်မှု ရှိပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာက အရေးကြောင်း ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါ။ အိမ်အပြင် ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်နိုင်အောင် အနည်းဆုံး SPF-15 ပါတဲ့ နေရောင်ကာခရင်မ် လိမ်းပါ။

(၇) အလှပြင်ရာတွင် အသုံးပြုသော ဘရပ်ရှ်များကို သန့်ရှင်းပါ

သင်မိတ်ကပ်လိမ်းရာမှာ နေ့စဉ်အသုံးပြုနေတဲ့ ဘရပ်ရှ်၊ တို့ဖတ်စတာက ဘက်တီးရီးယားတွေ အများဆုံး ကပ်ညိနေနိုင်တာကြောင့် ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် စတာ တစ်မျိုးမျိုးနဲ့ ရေနွေးအသုံးပြုပြီး သန့်စင်ပါ။

(၈) နေထိုင်မှုပုံစံ ပြောင်းလဲကျင့်သုံးပါ

အများစုက လှပနုပျိုဖို့ တန်ဖိုးကြီး အလှပြင်ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုတတ် ကြပါတယ်။ တကယ်တော့ သင့်အလှတရားကို ပြီးပြည့်စုံစေတဲ့ နည်းလမ်းကောင်းကို လုပ်ဆောင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ သိပ်ကိုလွယ်ကူတဲ့ နည်းလမ်းကတော့ သင်ရဲ့ နေထိုင်မှုပုံစံ ကို ပြောင်းလဲ လိုက်ရုံပါဘဲ။ ဆေးလိပ်၊ အရက်၊ သကြား၊ ဆား စားသုံးမှုများတာနဲ့ ညနက်မှ အိပ်ရာဝင်တာတွေက သင့်ကိုအိုမင်းရင့်ရော်မှုဖြစ်စေတဲ့အကြောင်းတွေ ဖြစ်တာကြောင့် ဒါတွေကို သတိနဲ့ဆင်ခြင်ဖို့လိုပါတယ်။

(၉) နုပျိုသောအသွင် ဖန်တီးပါ

သင့်ဆံပင်ပုံစံကလည်း သင့်အသွင်အပြင်ကို များစွာပြောင်းလဲနိုင်ပါတယ်။ နှစ်ပေါင်း များစွာ မပြောင်းလဲခဲ့တဲ့ သင့်ဆံပင်ပုံစံကို သင်နဲ့လိုက်ဖက်မယ့် ပုံစံဖြစ်အောင် ပြောင်းလဲလိုက်ပါ။ သင်ပြင်ဆင်နေတဲ့ မိတ်ကပ် အရောင်၊ နှုတ်ခမ်းနီ အရောင်တွေကိုလည်း ပြောင်းလဲအသုံးပြုပါ။ ပုံစံအသစ် ပြင်ဆင်ထားတာကြောင့် သင်ကနုပျိုသွက်လက်တဲ့ လူငယ်လေးအသွင် ဖြစ်နေစေ ပါတယ်။

(၁၀) မိတ်ကပ်အသစ် လဲလှယ် အသုံးပြုပါ

မိတ်ကပ်ကို အသုံးပြုသင့်တဲ့ အချိန်ကာလ ကျော်လွန်ပြီး အသုံးပြုတာ၊ မိတ်ကပ်လိမ်းရာ မှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေ သန့်ရှင်းမှု မရှိတာတွေကြောင့် မိတ်ကပ်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပါတယ်။ မျက်လုံးအတွင်း ပိုးဝင်တာ မဖြစ်အောင် မျက်တောင်ကော့ဆေးရည် ကိုလည်း ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ပါဘူးနော်။ တခြား အလှပြင်ပစ္စည်းတွေကိုလည်း ၁၈ လထက် ကျော်လွန်ပြီး အသုံးပြုတာမျိုးကို ရှောင်ပေးပါ‌နော်။

အထက်မှာဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို သတိထားလိုက်နာလိုက်မယ်ဆိုရင် လှပတဲ့ အမျိုးသမီလေးအဖြစ် ပြောင်းလဲသွားမှာပါနော်…

ချစ်ခြင်းအားဖြင့်…..