ဒီရက်ပိုင်း ညဘက်တွေ အိပ်ရခက်နေလား? အိပ်ခါနီး အတွေးတွေများ၊ စိတ်ရှုပ်စရာတွေများနေရင် ကောင်းကောင်းအိပ်ပျော်စေဖို့ ခက်တယ်နော်။
အိပ်ရခက်ပါတယ်ဆိုမှ ညဘက်အိပ်ခါနီး ဒီလို အစားအသောက်တွေ စားမိပြန်ရင်လည်း အိပ်မပျော်တာကို ပိုဆိုးစေရော။
ဒါကြောင့် ဒီနေ့မှာတော့ Foodie လေးတို့အတွက် အိပ်ခါနီး ဘယ်လို အစားအသောက်တွေကို ရှောင်သင့်လဲ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ဘာတွေ စားသင့်လဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အဆီများတဲ့ အစားအစာများ
ဆီများတဲ့ အစားအသောက်တွေက အစာချေဖို့ အချိန်ပိုကြာတာကြောင့် ညဘက်အိပ်ခါနီး စားမိရင် အိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်စေပါတယ်။ ပီဇာ၊ ကြက်ကြော်၊ ဟမ်ဘာဂါနဲ့ ဆီကြော်အစားအစာတွေကို အိပ်မယ့်အချိန်နဲ့ ခြားပြီးမှ စားနော်။
အပူအစပ်များတဲ့ အစားအစာများ
အိပ်ပျော်စေဖို့ ခန္ဓာကိုယ်အပူချိန်ကို မပူလွန်းမအေးလွန်းဘဲ နွေးနွေးထွေးထွေးရှိစေဖို့ လိုပါတယ်။ အိပ်ခါနီး အစပ်များတဲ့ အစားအစာတွေ စားလိုက်ရင် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတဲ့အတွက် အိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ အိပ်ရေးဝဝအိပ်ပျော်စေဖို့ဆိုရင် အစပ်ကြိုက်တဲ့ Foodie လေးတွေအနေနဲ့ ညဘက်အိပ်ခါနီးအချိန်မှာတော့ အရမ်းပူစပ်တာမျိုးတွေ သိပ်မစားနဲ့နော်။
သကြားဓာတ်များတဲ့ အစားအစာများ
သွေးတွင်းသကြားဓာတ်မြင့်နေရင်လည်း ကောင်းကောင်းအိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့်
သကြားပါတဲ့ အစားအစာတွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သကြားလုံး၊ ကွက်ကီးနဲ့ အချိုရည်လိုမျိုး သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ညနက်တဲ့အချိန်မစားတာ ကောင်းပါတယ်။
အက်ဆစ်ဓာတ်များသောအစားအစာများ
လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ နာနတ်သီးတို့လို အချဉ်ဓာတ်များတဲ့ အသီးအနှံတွေမှာ အက်စစ်ပမာဏ ပါဝင်မှုများပါတယ်။ အိပ်ခါနီး ဒီလိုအသီးတွေစားလိုက်တဲ့အခါ အစာအိမ်ထဲမှာ အက်စစ်ထုတ်လုပ်မှုတွေ များလာပြီး အိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။
အခုပြောပြသွားတဲ့ အစားအသောက်တွေကို ရှောင်ပြီးတော့ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေမယ့် ဒီလို အစားအစာတွေကို စားပေးနော်။
နွားနို့
အိပ်ခါနီး နွားနို့နွေးနွေးလေးတစ်ခွက် သောက်ပေးခြင်းက အိပ်ပျော်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ နွားနို့ထဲကို ပျားရည်လေးထည့်သောက်လို့လည်း ရတယ်နော်။ လူကြီးအရွယ်တွေအတွက်လည်း ညဘက်မှာ နွားနို့တစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။ နွားနို့မှာပါတဲ့ အမိုင်နိုအက်ဆစ် Tryptophan ကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေမှာပါ။
ပျားရည်
ပျားရည်မှာ သဘာဝအတိုင်း စိတ်ငြိမ်စေတဲ့ ဂုဏ်သတ္တိရှိတဲ့အပြင် Melatonin ဓာတ်ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်ပြီး အိပ်စက်မှုပုံစံများကို ထိန်းညှိပေးနိုင်ပါတယ်။ အိပ်ရာမဝင်မီ ပျားရည်သောက်ခြင်းက ညဘက်လန့်နိုးတတ်တဲ့သူတွေအတွက် ကောင်းကောင်း အိပ်ပျော်စေမှာပါ။
ငှက်ပျောသီး
ငှက်ပျောသီးမှာလည်း အမိုင်နိုအက်ဆစ် Tryptophan ပါဝင်တဲ့အပြင် ကြွက်သားတွေကို ဖြေလျှော့ပေးပြီး အိပ်ချိန်မှန်အောင် ထောက်ပံ့ပေးနိုင်တဲ့ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ် ဓာတ်တွေ ပါဝင်ပါသေးတယ်။ ငှက်ပျောသီးကို ဒီတိုင်းမစားချင်ရင် သကြားလျှော့ထည့်ပြီး Smoothies တို့ Juice တို့ လုပ်သောက်လို့ ရတယ်နော်။
ဒိန်ချဉ်
ဒိန်ချဉ်က အာဟာရပါဝင်မှုများတဲ့ စားစရာတစ်မျိုးပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ဒိန်ချဉ်မှာ ပါတဲ့ ပရိုဘိုင်အိုတစ်ဓာတ်တွေက အာရုံကြောစနစ်ကို တည်ငြိမ်စေတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်တယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာ သကြားပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ကို အစာပြေအနေနဲ့ စားပေးလို့ရပါတယ်။
ဒီလောက်ဆိုရင်တော့ Foodie လေးတို့လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ဘယ်လို အစားအသောက်တွေ စားရမလဲ၊ ဘာတွေကို မစားသင့်ဘူးလဲဆိုတာ ပြည့်ပြည့်စုံစုံသိသွားလောက်ပြီလို့ ထင်ပါတယ်။
