နေ့စဉ်နေ့တိုင်း ဖုန်းကြည့်လိုက်၊ Laptop ကြည့်လိုက်နဲ့ မျက်လုံးလေးကို အနားပေးဖို့ မေ့နေပြီလား?
တစ်ခါတလေ ကိုယ်တောင်မသိလိုက်ဘဲ Screen ကို အာရုံစူးစိုက်ပြီး အချိန်အတော်ကြာအောင် ကြည့်နေမိသွားရောလေ။ ဒီလို Screen Time တွေ များလာရင် မျက်လုံးညောင်းတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေအပြင် ဒီထက်ပိုပြီး ပြင်းထန်လာတဲ့အခါ အမြင်အာရုံထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအသောက်တွေအကြောင်း ပြောပြပေးမှာမို့ အဆုံးထိဖတ်ကြည့်လိုက်တော့နော်။
ငရုတ်ပွ
အရောင်စုံလင်တဲ့ ငရုတ်ပွမှာ ပါဝင်တဲ့ Vitamin C က မျက်လုံးသွေးကြောတွေကို အားကောင်းစေပြီး အတွင်းတိမ်ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥတစ်လုံးမှာ တစ်နေ့တာလိုအပ်တဲ့ Vitamin C ထက်ဝက်ကျော်နဲ့ Vitamin E အနည်းငယ်လည်း ပါဝင်ပါတယ်။ ကန်စွန်းဥ၊ မုန်လာဥနီနဲ့ သရက်သီးတို့လို လိမ္မော်ရောင်ရှိတဲ့ သစ်သီးဝလံတွေမှာ Vitamin A တစ်မျိုးဖြစ်တဲ့ ဘီတာကာရိုတင်းဓာတ် မြင့်မားစွာပါဝင်ပြီး ညဘက်အမြင်အာရုံပိုင်းဆိုင်ရာအတွက် အထောက်အကူဖြစ်စေပါတယ်။
ကြက်ဥ
ကြက်ဥအနှစ်မှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေက မြင်လွှာကို အန္တရာယ်ရှိစေတဲ့ အပြာရောင်အလင်းတန်းကို ဟန့်တားစေပါတယ်။ အမြင်အာရုံကို အဓိက ထိန်းချုပ်ပေးတဲ့ သင့်မျက်လုံးထဲက အကာအကွယ်ရောင်ခြယ်ပစ္စည်း ပမာဏကို မြှင့်တင်ပေးပါတယ်။
အစိမ်းရင့်ရောင် အရွက်များ
ကိုက်လန်နဲ့ ဟင်းနုနွယ်ရွက်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေမှာ Vitamin C နဲ့ Vitamin E တို့ ပါဝင်ပါတယ်။ အရွက်တွေမှာ ပါတဲ့ ဒီဓာတ်တွေက နာတာရှည် မျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အလုပ်ကြောင့်ပဲဖြစ်ဖြစ် Screen ကြည့်တာ လျှော့ပစ်လိုက်ဖို့ မရဘူးဆိုရင်လည်း မျက်လုံးကို အနားရစေဖို့ “20-20-20 Rule” အတိုင်း လုပ်ကြည့်နော်။
ဒီ Rule ကတော့ –
1️⃣ မိနစ် (၂၀) Screen ကြည့်ပြီးတိုင်း
2️⃣ စက္ကန့် (၂၀) အနားယူပြီး
3️⃣ ပေ (၂၀) အဝေးက အရာတစ်ခုကို ကြည့်ပေးခြင်းပဲဖြစ်ပါတယ်။
ကဲ … ဒီလောက်ဆိုရင်တော့ ကျန်းမာတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်စေဖို့ ဘာတွေစားရမလဲ၊ ဘယ်လိုနည်းလမ်းလေးတွေရှိလဲဆိုတာ သိသွားလောက်ပြီ ထင်ပါတယ်။
